သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်း ထီးချိုင့်မြို့ပေါ်  တိုက်ပွဲပြင်းထန်


စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ပေါ်မှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်စဥ်များအတွင်း စစ်တပ်ဘက်မှ အရပ်သားလူနေအိမ်များကို ပစ်မှတ်ထား ပစ်ခတ်ဖျက်စီးထားသည့်မြင်ကွင်း။ (နိုဝင်ဘာ ၂၈၊ ၂၀၂၃/Photo: ထီးချိုင့် ပြည်သူ့ကာကွယ်ရေး)
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ပေါ်မှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်စဥ်များအတွင်း စစ်တပ်ဘက်မှ အရပ်သားလူနေအိမ်များကို ပစ်မှတ်ထား ပစ်ခတ်ဖျက်စီးထားသည့်မြင်ကွင်း။ (နိုဝင်ဘာ ၂၈၊ ၂၀၂၃/Photo: ထီးချိုင့် ပြည်သူ့ကာကွယ်ရေး)

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ပေါ်မှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က နေ့စဉ်လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မကွေးတိုင်း ကျောက်ထုဘက်မှာလည်း စစ်တပ်က နယ်မြေရှင်းလင်းနေတဲ့အတွက် အရပ်သား ၅၀၀ နီးပါး စစ်ဘေးရှောင်နေရပါတယ်။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက တိုက်ပွဲအခြေအနေသတင်းပေးပို့ထားတာကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ထီးချိုင့်မြို့ပေါ်က စစ်ကောင်စီတပ် တပ်စွဲထားတဲ့နေရာတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်လောက်ကစလို့ စတင် တိုက်ခိုက်နေတာပါ။ အဲ့ဒီနောက် တိုက်ပွဲတွေ အနည်းငယ်ငြိမ်သက်သွားပြီး နိုဝင်ဘာ ၂၉ ရက်က ဒီဇင်ဘာ ၄ ရက်အထိ နေ့စဉ်ရက်ဆက် တိုက်ပွဲတွေ ပြန်လည် ပြင်းထန်နေပါတယ်။

စစ်ကောင်စီဘက်က ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိနိုင်တယ်ယူဆတဲ့နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်နေပြီး ၃ ရက်အတွင်း ၁၀ ကြိမ်ထက် မနည်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ထီးချိုင့်အခြေအနေကတော့ တိုက်ပွဲဆက်လက်ပြင်းထန်နေတုန်းပါပဲ။ သူတို့အထိုင်စခန်းတွေဖြစ်တဲ့ အဲ့နေရာတွေကို တိုက်နေရတုန်းပေါ့လေ။ ကျောက်စေတီတောင်ကုန်းတို့၊ ရဲစခန်းတောင်ကုန်းတို့ အမှတ် (၄) ရပ်ကွက်ပေါ့လေ။ အဲ့နေရာတွေမှာ ရှိနေတုန်းပါပဲ။ ရဲစခန်းရှိတဲ့ဘက် အမှတ် (၄) အမှတ် (၃) နဲ့ ၂ ခုပေါ့ဗျာ။ ကျောက်စေတီက အမှတ် (၄) မှာ ရှိပြီးတော့ ရဲစခန်းက အမှတ် (၃) နဲ့ (၂) ကြားမှာရှိတာ။ အဲ့နေရာတွေ ကျန်နေတာပေါ့။ လေကြောင်းတိုက်ခိုက်မှုကတော့ အားလုံးပေါင်း (၁၀) ကြိမ် ထက်မနည်း ရှိသွားပြီပေါ့ဗျာ။ မနေ့ကဆို Mi35 နဲ့ အနည်းဆုံး ၅ ကြိမ် နာရီဝက်လောက်ကြာအောင် ပတ်ပစ်သွားတယ်ပေါ့။ ဒီနေ့ဆို မြစ်ကြီးနားဆင်း ၂ စင်း အားလုံးပေါင်း သူကလည်း ၅ ကြိမ်လောက်ပစ်သွားတယ်ပေါ့။ အားလုံးပေါင်း ဒီ ၃ ရက်အတွင်းဆို ၁၄ ကြိမ်လောက် ပစ်သွားတယ်ပေါ့။”

တိုက်ပွဲတွေ ပြန်လည်ပြင်းထန်ခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့ တနေ့တည်းမှာလည်း ဂျက်ဖိုက်တာ ၄ စီးနဲ့ ၁၀ ကြိမ် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေ စတင်ခဲ့တဲ့ နိုဝင်ဘာ ၈ ရက်ကစလို့လည်း ထီးချိုင့်ဒေသခံတွေဟာ နေအိမ်တွေကို စွန့်ခွါပြီး ဘေးလွတ်ရာနေရာတွေမှာ တိမ်းရှောင်နေရပါတယ်။

လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားသေဆုံးတာတွေလည်းရှိပြီး စာရင်းအတိအကျ ကောက်ယူလို့ မရသေးပါဘူး။ လက်နက်ကြီးကျရောက်ပေါက်ကွဲတာအပြင် လေကြောင်းတိုက်ခိုက်တာကြောင့် ထီးချိုင့်မြို့ထဲက နေအိမ်တော်တော်များများ မီးလောင်ပျက်စီးဆုံးရှုံးတာတွေလည်း ရှိနေပါတယ်။

ဒါက စစ်ကိုင်းတိုင်းထဲက ထီးချိုင့်အခြေအနေပါ။ မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုဒေသမှာလည်း ကျောက်ထုမြို့မှာရှိတဲ့ စစ်ကောင်စီ အမြောက်တပ်ဟာ ကျေးရွာတွေဘက်ကို နယ်မြေရှင်းလင်းနေတဲ့အတွက် အရပ်သားတွေ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင် ကူညီပေးသူတဦးက ပြောပါတယ်။

“အင်္ဂလိပ်လို ၂ ရက်နေ့မှာ စစ်ကြောင်း ၃ ကြောင်းထိုးတယ်။ ၁ ကြောင်းက အနောက်ဘက် ၁ ကြောင်းက မြောက်ဘက်ကို ၁ ကြောင်းကတော့ သူတို့အမြောက်တပ်ရဲ့ အရှေ့ဘက်ကိုထိုးတာ။ အဲ့အရှေ့ဘက်ကိုထိုးတော့ ခဏ တိုက်ပွဲဖြစ်သေးတယ်။ တိုက်ပွဲဖြစ်တော့ အဲ့နားက ယောမြို့ရွာကို သူတို့က လက်နက်ကြီးတွေနဲ့ထုတာ။ ထုတော့ ယောမြို့ရွာရဲ့အနီးနားက ရွာတွေပါ အကုန်ရှောင်ရတာပေါ့။ ယောမြို့ရွာက အခုက ရွာထဲတောင် ဝင်လို့မရတော့ဘူး။ တခြားရွာတွေက စစ်ကြောင်းထိုးတဲ့အချိန်ပြေးတယ်။ ပြီးရင်ရွာတွေထဲ ပြန်ဝင်တယ်ပေါ့နော်။ သူတို့အမြောက်တပ်က လေယာဉ်တွေ၊ လေယာဉ်တွေနဲ့ လူတွေတိုးချတယ်။ လူတွေချပြီး စစ်ကြောင်းတွေ ထွက်တယ်ပေါ့နော်။”

စစ်တပ်က နယ်မြေရှင်းလင်းနေတဲ့အတွက် စစ်တပ်အမြောက်တပ်နဲ့ အနီးဆုံးရှိတဲ့ ယောမြို့ရွာအပါအဝင် အနီးနားက ကျေးရွာတွေဟာ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး လူဦးရေ ၅၀၀ လောက်ဟာ အစားအသောက် အဝတ်အထည်နဲ့ ဆေးဝါးတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG