သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်းက စစ်ကောင်စီတပ်စခန်းတချို့ ညီနောင်မဟာမိတ်အဖွဲ့တွေ သိမ်းပိုက်


တိုက်ပွဲအတွင်းသိမ်းဆည်းရမိမှုများကို ညီနောင်မဟာမိတ်သုံးဖွဲ့မှ ထုတ်ပြန်ပြသ (ဒီဇင်ဘာ ၉၊ ၂၀၂၃)
တိုက်ပွဲအတွင်းသိမ်းဆည်းရမိမှုများကို ညီနောင်မဟာမိတ်သုံးဖွဲ့မှ ထုတ်ပြန်ပြသ (ဒီဇင်ဘာ ၉၊ ၂၀၂၃)

ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်နဲ့ ကွတ်ခိုင်မြို့နယ် တွေမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းနဲ့ ရဲစခန်း ၄ ခုကို တနင်္ဂနွေနေ့မှာ တအာင်းတပ် TNLA က သိမ်းယူခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။ တချိန်တည်းမှာပဲ စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်မှာတော့ အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေပါ ပြတ်တောက်နေတာကြောင့် ဒေသခံတွေ အခက်ကြုံနေရပါတယ်။ ရှမ်းနဲ့ ကချင်ပြည်နယ်က နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုဝင်းခန့်မောင် စုစည်းတင်ပြထားပါတယ်။

ညီနောင်မဟာမိတ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း တိုက်ပွဲတွေဟာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ မန္တလေး၊ လားရှိုး၊ မူဆယ်နဲ့ နမ့်ခမ်း ကားလမ်းမ တကြောမှာ အများစု ဖြစ်ပွားနေရာကနေ ပြီးခဲ့တဲ့ သီတင်းပတ်က စတင်ပြီး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံနဲ့ နမ့်ဆန်ဘက်ထိပါ ပျံနှံ့လာနေတာပါ။ ဒီလ ၁၀ရက်နေ့က ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်ရှိ တပ်စခန်း၂ ခုနဲ့ ရဲစခန်း ၁ ခုကို သိမ်းယူခဲ့သလို ကွတ်ခိုင်မြို့နယ်ထဲမှာလည်း တပ်စခန်းတခု သိမ်းယူခဲ့တယ်လို့ PSLF/ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရုံးတာဝန်ခံက VOA ကို ပြောပါတယ်။

“ မနေ့တုန်းက တပ်စခန်း ၄ ခု ကျမတို့ သိမ်းရတာပေါ့လေနော်။ ဒီ နမ့်ဆန်မှာရှိတဲ့ ကဒိုင်းဖူးတောင် စခန်းရယ်၊ ပြီးရင် ပတ္တမြားစေတီမှာရှိတဲ့ တပ်စခန်းရယ်၊ ပြီးရင် နမ့်ဆန်ရဲစခန်းရယ် အဲဒီ ၃ခုပေါ့။ မနေ့ည ၈နာရီခွဲအချိန်မှာ ကွတ်ခိုင်ဘက်မှာရှိတဲ့ မြို့သစ်တပ်စခန်းကို သိမ်းရတယ်။ အဲဒီမှာဆို စစ်သုံ့ပန်း ၇ ဦးလည်း ရတယ်။ ပြီးရင် လက်နက်ကြီးတွေ၊ ၆၀ မမတွေ၊ ပြီးရင် လက်နက်အားလုံးပေါင်းရင်တော့ ၅၈- ၆၀ နီးပါးတော့ ရှိမယ်။ နမ့်ဆန်မှာလည်း လက်နက်အသုံးအဆောင်ပစ္စည်းတွေ၊ ပြီးရင် လက်နက်ငယ်တွေ၊ လက်နက်ကြီးပစ်တဲ့ ကရိယာတွေလည်း ရပါတယ်။”

TNLA ရဲ့ ထုတ်ပြန်ချက်မှာတော့ လားရှိုးမြို့နယ်က အီနိုင်းကျေးရွာက စစ်ကောင်စီတပ်စခန်းကို ဒီနေ့ မနက်ပိုင်းက သိမ်းပိုက်ခဲ့ကြောင်း ဖော်ပြထားပေမဲ့ TNLA ပြောရေးဆိုခွင့်ရှိသူက အတည်မပြုနိုင်သေးကြောင်း ပြောပါတယ်။

ဒီနေ့မှာ နမ့်ခမ်းမြို့ စခန်းသစ်ကုန်းမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အနည်းဆုံး လေကြောင်းက ၅ကြိမ်လာရောက် တိုက်ခိုက်ခဲ့တယ် လို့လည်း TNLA ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်ဘက်မှာ မနေ့ကအထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပေမဲ့ MNDAA ဘက်က သတင်းထုတ်ပြန်တာ မရှိပါဘူး။

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရှမ်းမြောက်ဒေသမှာ နမ့်ခမ်း၊ တာမိုးညဲနဲ့ လောက်ကိုင် တောင်ဘက်တွေမှာ တိုက်ပွဲဖြစ်ပွားနေကြောင်း ပြောဆိုထားပါတယ်။ ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ဟာ ဒီလ ၁၀ရက်နေ့က လားရှိုးမြို့ကို ရောက်ရှိနေပြီး စစ်ဆေးရုံမှာ ကုသမှုခံယူနေတဲ့ ဒဏ်ရာရ စစ်သည်တွေကို သွားရောက် တွေ့ဆုံခဲ့သလို လားရှိုးမြို့ မန်ဆူဘုန်းကြီးကျောင်းမှာ ရောက်ရှိနေတဲ့ စစ်ရှောင်ပြည်သူတွေကို သွားရောက် တွေ့ဆုံခဲ့ပါတယ်။

ကချင်ပြည်နယ်အတွင်းမှာတော့ ဒီရက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားတာတွေ အတန်ငယ် ငြိမ်သက်နေပေမဲ့ ဖုန်းလိုင်းနဲ့ အင်တာနက် လိုင်းတွေ ပြတ်တောက်နေတာကြောင့် ပြည်သူအများ အခက်အခဲကြုံနေရပါတယ်။ လက်ရှိ ကချင်ပြည်အတွင်း ဖုန်းနဲ့ အင်တာနက် ဆက်သွယ်ရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ဖားကန့် ဒေသခံတဦးက အခုလို ပြောပါတယ်။

“ကချင်ပြည်နယ်က အင်တာနက်လုံး၀ မရတော့ဘူး။ Wi Fi လည်း မရဘူး။ ရိုးရိုး Data လည်း မရတော့ဘူး။ Wi Fi ကတော့ တလတော့ ကျော်သွားပြီ။ Data ကတော့ တယ်လီနော Data ပဲရတာ။ အခု တယ်လီနော မရတော့ တာက ဒီနေ့ဆိုရင်တော့ ၅ရက် လောက်ရှိပြီ။ တယ်လီဖုန်းလိုင်းတွေလည်း မရတော့ဘူး။ တယ်လီဖုန်းလိုင်း မရတာ အခု ၅ရက်ရှိပြီ။ MPT တခုပဲ နည်းနည်းရတာ။”

နိုဝင်ဘာလ ၉ရက်နေ့က စတင်ပြီး ကချင်ပြည်နယ်က မြို့နယ်အတော်များများမှာ အင်တာနက်လိုင်းတွေ ပြတ်တောက်ခဲ့တာကြောင့် Online နဲ့ အလုပ်လုပ်သူတွေ အခက်အခဲတွေ့ရသလို သတင်းအချက်အလက် ရယူဖို့ပါ အခက်ဖြစ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

မြစ်ကြီးနားမြို့ခံ အမျိုးသမီးတဦး ကတော့ လတ်တလော ဖုန်းလိုင်းတွေပြတ်တောက်သွားတာကြောင့် မိသားစု အရေးကိစ္စတွေကအစ ဆက်သွယ်ဖို့ အခက်အခဲဖြစ်ရကြောင်း အခုလို ပြောပါတယ်။

“ ဒီဇင်ဘာ ၅ရက်နေ့ကနေ ဖုန်းလိုင်းကို ပြတ်သွားတာ။ MPT တခုပဲ ဖုန်းပြောလို့ ရတဲ့အနေအထားဖြစ်နေတာ။ မနေ့တနေ့ကဆို ကျမတို့ Family ထဲမှာပဲ နာရေးဖြစ်ရင်တောင်မှ ဆက်သွယ်လို့ မရတော့တဲ့အနေအထားတွေ ဖြစ်သွားတာပေါ့။ ဒီတယ်လီနောတို့၊ အော်ရီဒူးကဒ်တို့ ကိုင်တဲ့သူဆိုရင်။ ဆက်သွယ်လို့ မရဘူးဆိုတဲ့ ဟာမျိုး တွေက တော်တော် အခက်အခဲတွေတော့ အများကြီး ရှိတယ်။ တယ်လီဖုန်းတွေ ပြတ်တာက တပြည်နယ်လုံး ဟုတ်တယ်။ တပြည်နယ်လုံး။”

ကချင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသက ကောလင်း၊ ပင်လည်ဘူးနဲ့ ဝန်းသိုစတဲ့ မြို့တွေမှာတော့ ၂၀၂၁ခုနှစ် စက်တင်ဘာလ ကတည်း ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားသလို လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ လောက်ကိုင်အပါအဝင် ရှမ်းမြောက်ဒေသက နေရာအချို့ မှာလည်း ဖုန်းနဲ့ အင်တာနက် လိုင်းတွေ ပြတ်တောက်နေပါတယ်။

XS
SM
MD
LG