သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက် တိုက်ပွဲတွေမှာ လူမှုရေးအသင်းအဖွဲ့တွေပါ ထိခိုက်မှုရှိနေ


မူဆယ်မြို့ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် (ယခင်မှတ်တမ်းဓာတ်ပုံ)
မူဆယ်မြို့ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် (ယခင်မှတ်တမ်းဓာတ်ပုံ)

ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေကြားမှာ အရပ်သား ထိခိုက်မှုတွေ ရှိလာပြီး၊ အဲဒီထဲမှာ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ လူမှုရေးအသင်းအဖွဲ့တွေလည်း ပစ်ခတ်ခံရတာ ရှိလာတယ်လို့ ကိုယ်တိုင်ကြုံတွေ့ သူတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့ထားတဲ့ သတင်းကို အခြေခံပြီး မဆုမွန်က ပြောပြမှာပါ။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေ တိုက်ပွဲရှောင်နေကြတာ အခုဆိုရင် ၁ လကျော်ရှိသွားပါပြီ။ စစ်ရှောင်နဲ့ ပိတ်မိနေသူတွေကို ကယ်တင်ဖို့ မူဆယ်မြို့ပေါ်မှာ လူမှုကယ်ဆယ်ရေးကားအစီး ၂၀လောက် ပုံမှန် အသင့်စောင့်ဆိုင်းပေးနေကြောင်း ပရဟိတအဖွဲ့တခုက တာဝန်ရှိသူက ပြောပါတယ်။ လာကယ်ထုတ်ဖို့ ပိတ်မိနေသူတွေက ဆက်တိုက် ဖုန်းဆက်တာတွေရှိပေမဲ့ တချို့ နေရာတွေမှာ တာဝန်ယူမှု တာဝန်ခံမှုက ဘယ်ဘက်ကမှ မရှိတဲ့အတွက် ကယ်ထုတ်ဖို့ အခက်အခဲဖြစ်နေကြောင်း သူက အခုလို ပြောပါတယ်။

"ခန့်မှန်း အိမ်ခြေပေါင်း ၂,၀၀၀ ကျော်လောက်ရှိတယ်။ ဟိုနေ့က ကျနော်တို့သွားတယ်။ အဲဒီအချိန် နှလုံးလှအသင်းက ကားတစီးပစ်ခံရတယ်။ ကားပေါ်မှာပါတဲ့ လူနာနှစ်ယောက် လူကြီးတယောက် ကလေးတယောက် သေနတ်မှန်သွားတယ်။ အသင်းကားလည်း ထားပစ်ခဲ့ရတယ်။ ကျနော်တို့က ပစ်ခံရတဲ့နေရာမှာ အလောင်းဝင်ကောက်တာ၊ အလောင်းဝင်ကောက်ချိန် သူတို့က တရစပ်ပစ်တာ။ မနေ့ကလည်း ကြက်ခြေနီကားကို ပစ်ထည့်လိုက်တယ်၊ ဆယ်ချက်လောက် ပစ်ခံရတယ်။"

မူဆယ်နဲ့ ၁၀၅ မိုင်ကြားမှာရှိပြီး မူဆယ်မြို့နဲ့ ၁ မိုင်လောက်သာ ဝေးတဲ့ နမ့်ခွမ် စစ်ရှောင်စခန်းမှာလည်း စစ်ရှောင်သူဦးရေ ၆၀၀ ဝန်းကျင်ရှိပါတယ်။ သူတို့ရဲ့ ကျန်းမာရေးအတွက် ဆေးကုသပေးဖို့ အခု လတ်တလော ခက်ခဲနေတဲ့ အခြေအနေကိုလည်း ကူညီပေးနေသူ ဒေသခံနောက်တဦးက အခုလို ပြောပါတယ်။

"မြို့နဲ့ အနီးဆုံးမှာရှိတဲ့ နမ့်ခွမ်စစ်ရှောင်စခန်းတောင် သွားလို့မရဘူး။ မရတော့ မနေ့ကတော့ လူနာတွေကို နမ့်ခွမ်ဆရာတော်က သူကိုယ်တိုင် ကားနဲ့တင်လာတယ်။ အဲဒါကို ပရဟိတကားတွေနဲ့ ပြန်သယ်ပြီးတော့ မူဆယ်ဆေးရုံ ပြင်ပလူနာဌာနမှာ ကုသပေးတာ အယောက် ၂၀ ကျော်လောက်ရှိတယ်။ ပြီးရင် ဖျားနာသူကလည်း ၃၀ လောက်ရှိတယ်။ သူတို့ကတော့ အသေးစားရောဂါလေးတွေ ဆိုတော့ ကျနော်တို့က ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ လိုအပ်တဲ့ဆေးဝါးလေးတွေ ပေးလိုက်တယ်။ အခု သူတို့ရဲ့ စစ်ရှောင်သက်တမ်းက ၁ လရှိပြီ။ တချို့ဆိုရင်လည်း ၁ လကျော်ပြီ။"

အခုဆိုရင် မူဆယ်မြို့အပေါ် တုန်ကန် ကျေးရွာထဲမှာ အရပ်အသား အများအပြား သေဆုံးနေကြောင်း၊ ကျန်ရှိ သူတွေကို ကယ်ထုတ်လို့လည်း မရသေးကြောင်း ကူညီနေသူတဦးက ပြောပါတယ်။ အလံဖြူထောင်ပြီးသွားတဲ့ ကြက်ခြေနီကားနဲ့၊ လူမှုကယ်ဆယ်ရေး ကားတွေလည်း အပစ်ခံနေရကြောင်း ပြောပါတယ်။

"ထိခိုက်မှုဆိုရင် အခုလမ်းဘေးမှာ အလောင်းတွေ ခန့်မှန်းက ၁၈ နဲ့ ၂၄ ကြားမှာရှိတယ်၊ ဒေသခံတွေချည်း။ သွားရောက်ကယ်တင်လို့ မရသေးဘူး။ တမြန်မနေ့က ဘယ်ဘက်က ပစ်မှန်းတော့မသိဘူး။ စစ်ရှောင်စခန်း ဖွင့်ထားတဲ့နေရာမှာ လက်နက်ကြီးတလုံး ကျတယ်။ ၁၀ ယောက်လောက် မိုင်းစတွေစင်တော့ ကျနော်တို့ ဆေးရုံပို့လိုက်ပြီ။ ၁၀၅ မိုင်မှာ ပိတ်ဆို့ခံရသူတွေက စားနပ်ရိက္ခာ ပြတ်တောက်သွားပြီ၊ ကိုယ်ဝန်ဆောင်တွေလည်း ပါတယ်။ အလောင်းတွေလည်း အများကြီး ရှိသည့်အတွက် ပရဟိတ အနေအထားနဲ့ ပြောချင်တာကတော့ လေးရက်တန်သည် ငါးရက်တန်သည် အပစ်အခတ် ရပ်စဲပေးစေချင်တယ်။ ဒါမှကျနော်တို့က ဆက်လက် ကူညီပေးလို့ရမှာ။ နောက်ဆို ဘယ်လိုမှမဖြစ်နိုင်ဘူး။"

စစ်ရှောင်ကူညီသူ နောက်တဦးကလည်း အခုနောက်ပိုင်းမှာ ပရဟိတဆောင်ရွက်သူတွေ တိုက်ခိုက်ခံလာရတဲ့ အခြေအနေကို ပြောပါတယ်။

"အခုလည်း ဒါတွေ့ရသလောက်ကတော့ နှစ်ဘက်တပ်တွေကတော့ အရပ်ဘက်ပစ်မှတ်တွေကို ပစ်တာခတ်တာတော့ မတွေ့ပါဘူး။ ဒါပေမဲ့ ပရဟိတကားတွေ၊ ကြက်ခြေနီကားတွေ အပစ်ခံရတယ်။ ဒါ ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်တာလားတော့ မသိဘူးပေါ့နော်။ ထိခိုက်ပျက်စီးတာတွေ ရှိတယ်။ ဒဏ်ရာရတာတွေ ရှိတယ်။ အဲဒါလေးတွေတော့ ကျနော်တို့အနေနဲ့ ပြည်သူတွေကို ကူညီနေတဲ့ ပရဟိတတွေ၊ ကြက်ခြေနီကားတွေတော့ ရှောင်ပေးစေချင်တာပေါ့နော်။ (လက်နက်ကိုင်ထားတဲ့) နှစ်ဘက်လုံးကို ပြောချင်တာပေါ့။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နဲ့ အနီးတဝိုက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မူဆယ်မြို့ပေါ်မှာ စစ်ရှောင်နေကြသူတွေအပြင် တရုတ်ပြည်ဘက် ထွက်ပြေးတိမ်းရှောင်နေသူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မူဆယ်မြို့နယ် ၁၀၅ မိုင်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး တိုက်ပွဲတွေ ပြင်းထန်လာတာပါ။ တိုက်ပွဲအခြေအနေတွေကြောင့် လမ်းသွားလာခွင့် ပိတ်ပင်ထားတာရှိသလို၊ ကယ်ဆယ်ရေးယာဥ်တွေကို ပစ်ခတ်တာတွေလည်း ရှိလာတယ်လို့ ပြောပါတယ်။

မူဆယ်မြို့က အခြေအနတွေကြောင့် တရုတ်နိုင်ငံ၊ ယူနန်အစိုးရက လာမဲ့ရက်ပိုင်းထဲမှာ မြန်မာနိုင်ငံသားတွေ ယာယီနေထိုင်ခွင့်နဲ့ ဝင်ထွက်နေတာကို ပိတ်သွားဖို့ရှိကြောင်း မူဆယ်ဒေသခံတချို့က ပြောပါတယ်။ မြန်မာနဲ့ကပ်နေတဲ့ တရုတ်နိုင်ငံ၊ ကျယ်ခေါင်မြို့က မြန်မာနိုင်ငံသားတွေကိုလည်း ရွှေလီမြို့​ကို ပြောင်းရွှေ့ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG