သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတွေကြောင့် အရပ်သားတချို့ထိခိုက်သေဆုံး


လားရှိုးမြို့ ဘုန်းကြီးကျောင်းတကျောင်းမှာ ခိုလှုံနေရတဲ့ ရှမ်းမြောက်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများ (နိုဝင်ဘာ ၁၅၊ ၂၀၂၃)
လားရှိုးမြို့ ဘုန်းကြီးကျောင်းတကျောင်းမှာ ခိုလှုံနေရတဲ့ ရှမ်းမြောက်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများ (နိုဝင်ဘာ ၁၅၊ ၂၀၂၃)

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ TNLA တအာင်းတပ်အကြား ဒီကနေ့ တိုက်ပွဲ ၂နေရာ ဆက်ဖြစ်နေပြီး TNLA က စစ်ကောင်စီတပ်စခန်း ၂ခုကို ထပ်မံသိမ်းယူခဲ့ကြောင်းပြောသလို MNDAA ကိုးကန့်တပ်ကတော့ လောက်ကိုင်မြို့အနီးက အရေးပါတဲ့ စစ်ကောင်စီအခြေစိုက် စခန်းကုန်းတခုကို သိမ်းယူခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ လက်ရှိ ရှမ်းမြောက်ဒေသက နောက်ဆုံးအခြေအနေကို ကိုဝင်းခန့်မောင်က တင်ပြထားပါတယ်။

တအာင်း TNLA၊ ကိုးကန့် MNDAA နဲ့ ရက္ခိုင် AA တို့ ပါတဲ့ ညီနောင်မဟာမိတ်၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ၄၂ရက်တိုင်ကြာမြင့်လာတဲ့တိုင် စစ်ရှိန်လျော့ကျသွားတာမရှိဘဲ ဒီကနေ့ထိ တိုက်ပွဲတွေဟာ ဆက်လက် ဖြစ်ပွားနေတာပါ။ ဒီကနေ့ ကျောက်မဲမြို့နယ်နဲ့ မိုးကုတ်မြို့နယ်အစပ်တနေရာနဲ့ နမ့်ခမ်းမြို့ တနေရာ၊ စုစုပေါင်း ၂နေရာမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီးတာအိုက်ကျော်က VOA ကို ပြောပါတယ်။

“ ဒီနေ့က မိုင်းလုံဘက်က လယ်ကြီးဘက်မှာ တိုက်ပွဲတနေရာဖြစ်တယ်။ ဒီကျောက်မဲနဲ့ မိုးကုတ်နယ်စပ်ဖြစ်မယ်။ အဲဒီတနေရာဖြစ်တယ်။ နမ့်ခမ်းစခန်းသစ်ကုန်းပေါ့။ စခန်းသစ်ဘက် တိုက်ပွဲဆက်ဖြစ်တာရှိပါတယ်။ အဲဒီ ၂နေရာပဲ သတင်းတက်လာသေးတယ်။”

ဒီလ ၅ ရက်နေ့ကတော့ စစ်ကောင်စီရဲ့ နမ့်ခမ်းမြို့နယ် မိုင်းဝီးတပ်စခန်းနဲ့ ကျောက်မဲမြို့နယ် မိုင်းလုံတပ်စခန်း တို့ကို သိမ်းယူခဲ့ကြောင်းလည်း TNLA ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။

“၅ ရက်နေ့ မှာတော့ နမ့်ခမ်းမြို့နယ်ထဲက မိုင်းဝီးစခန်းက ၅ရက်နေ့ ည ၁၂နာရီခွဲလောက် သိမ်းဆည်းရမိ တာရှိတယ်။ နောက်တနေရာကတော့ မိုင်းလုံပေါ့။ ကျောက်မဲမြို့နယ်ထဲက ဒီမိုင်းလုံမြို့နယ်ခွဲ မှာရှိတဲ့ စခန်းတခု သိမ်းဆည်းရမိတာ ရှိတယ်။ စခန်း ၂ ခုလုံးကတော့ ၈၀၊ ၆၀ မမစိန်ပြောင်းတွေနဲ့ လက်နက်ငယ် သိမ်းဆည်းရမိ တာရှိတယ်။ မိုင်းဝီးစခန်းမှာတော့ ၁၀ လက် လောက်ရှိတယ်။ မိုင်းလုံဘက်မှာတော့ ၁၃ လက် လောက်ရှိတယ်။ ကျန်တဲ့ ခဲယမ်းရိက္ခာတွေလည်း ပါတာပေါ့။ စစ်အသုံးအဆောင်ပစ္စည်းတွေ။”

ဒီကနေ့ ဖြစ်ပွားနေတဲ့ စခန်းသစ်ကုန်း တိုက်ပွဲဟာ နိုဝင်ဘာလ ၇ရက်နေ့က နမ့်ခမ်းမြို့ မြို့လယ်ကျောင်းကို TNLA က သိမ်းယူပြီးချိန်က စလို့ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပွားနေတာဟာ အခုဆို တလတိတိ ကြာမြင့်လာပြီဖြစ်ပါတယ်။ မနေ့(ဒီဇင်ဘာ ၆) ကလည်း စခန်းသစ်ကုန်းမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က တနေ့တည်း လေကြောင်းက ၂၁ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ညသန်းခေါင် အချိန် လောက် မှာတော့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် နမ့်ခမ်းနဲ့ မိုင်းဝီးအကြားရှိ ဟိုနားရွာမှာ ကလေး ၂ဦး အပါအဝင် လူ ၅ယောက် သေဆုံးခဲ့ကြောင်း ဒေသတွင်း လူ့အခွင့်အရေးအခြေအနေကို စောင့်ကြည့် လေ့လာနေတဲ့ TWO တအာင်းအမျိုးသမီးအဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။

“ မနေ့ညက ၁၂နာရီ မိုင်းဝီးနဲ့ နမ့်ခမ်းကြားက ကောင်းတပ်အုပ်စုထဲက ဟိုနားရွာမှာ၊ နမ့်ခမ်းမှာတော့ ဟိုနားရွာ ၂ရွာရှိတာပေါ့။ ဒါပေမဲ့ အောက်ဖက်က ရွာပေါ့။ မနေ့ညက လေယာဉ်နဲ့ ပစ်တာ။ ပစ်တဲ့အချိန်မှာ သူတို့ အိမ်ပေါ် တည့်တည့်ကျသွားတယ်ပေါ့နော်။ အဲဒီမှာ ကလေး ၂ယောက်ပါတယ်။ ပြီးရင် သူတို့ အမေပါတယ်။ ပြီးရင် ယောက်ျားလေး တယောက်ပါတယ်။ ပြီးရင် အိမ်ရှင် ပါတယ်ပေါ့နော်။ ၅ယောက်စလုံး ဆုံးသွားတယ်ပေါ့နော်။ ”

အဲဒီလေယာဉ်ကပဲ နမ့်ခမ်းမြို့ အရှေ့ဘက်က ဟိုခါးအုပ်စု ပန်လောရွာ မှာလည်း ဗုံးကြဲချတာကြောင့် နေအိမ် ၇လုံး ထိခိုက်ပျက်ဆီးခဲ့ကြောင်း ဆက်ပြောပါတယ်။ TWO က ကောက်ယူရရှိတဲ့ စာရင်းအရ ထိခိုက်၊ သေဆုံးသူ စုစုပေါင်း ၂၇၃ ဦး ရှိကြောင်းနဲ့ အဲဒီအထဲမှာ သေဆုံးသူက ကလေး ၂၀ ဦး အပါအဝင် ၁၀၃ ဦး ရှိနေပြီ လို့ TWO တာဝန်ရှိသူက ပြောပါတယ်။

“ ဒီမနက် အပါအဝင်ဆိုရင်တော့ ကျမတို့ TWO က ရထားတာ ဆိုရင်တော့ စုစုပေါင်း ၂၇၃ဦးရှိသွားပြီ။ အဲဒီထဲမှာဆိုရင် အသက်ဆုံးရှုံးသွားတာက ၁၀၃ဦးရှိတယ်ရှင့်။ ထိခိုက်ဒဏ်ရာရတာတော့ ၁၇၀ ပေါ့နော်။ သေဆုံးတာကတော့ ကလေး သက်သက်ပဲ ဆိုရင်တော့ ၂၀ဦးရှိသွားပြီပေါ့နော်။ ဆိုတော့ ဒီနေ့ ဒီဇင်ဘာ ၇ရက်နေ့အထိပေါ့နော်။”

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ ဒီဇင်ဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ညီနောင်မဟာမိတ်အဖွဲ့က ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့နောက် ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အရပ်သား ၉၅ဦး ထိခိုက်သေဆုံးပြီး ၁၅၀ကျော် ဒဏ်ရာရခဲ့ကြောင်းနဲ့ နေရပ်စွန့်ခွာ တိမ်းရှောင်နေသူ ၈ သောင်းကျော်ခန့်ရှိကြောင်း ဖော်ပြထားပါတယ်။

ကိုးကန့်ဒေသရှိ တာရင်တောင်ကို သိမ်းယူအပြီး ကိုးကန့် MNDAA အဖွဲ့က The Kokang စာမျက်နှာတွင် ထုတ်ပြန်ထားသည့်ဓါတ်ပုံ
ကိုးကန့်ဒေသရှိ တာရင်တောင်ကို သိမ်းယူအပြီး ကိုးကန့် MNDAA အဖွဲ့က The Kokang စာမျက်နှာတွင် ထုတ်ပြန်ထားသည့်ဓါတ်ပုံ

ဒီဇင်ဘာလ ၅ရက် နေ့မှာပဲ MNDAA ကိုးကန့်တပ်က လောက်ကိုင်မြို့ တောင်ဘက်က စစ်ရေးအရ အချက်အချာကျတဲ့ တာရင်တောင် စစ်ကောင်စီတပ်စခန်းကို သိမ်းယူခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ တာရင်တောင်ဟာ လောက်ကိုင်အခြေစိုက် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ)နဲ့ ၂မိုင် အကွာ လောက်မှာ ရှိပြီး လောက်ကိုင်မြို့ကို အပေါ်စီးက စိုးမိုးထားတဲ့နေရာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

လက်ရှိ လောက်ကိုင်ဒေသရဲ့ အခြေအနေကို မေးမြန်းဖို့အတွက် MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်ခဲ့ပေမဲ့ တစုံတရာ တုံ့ပြန်တာ မရှိခဲ့ပါဘူး။ စစ်ကောင်စီဘက်ကတော့ ရှမ်းမြောက်ဒေသမှာ နမ့်ခမ်းနဲ့ လောက်ကိုင်မြို့တောင်ဘက်မှာ ထိတွေ့ တိုက်ပွဲဖြစ်ပွားကြောင်း ဒီလ ၆ရက်နေ့က သတင်းထုတ်ပြန်ထားပေမယ့် အသေးစိတ်ဖော်ပြတာတော့ မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG