သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်းရာဇဝတ်ဂိုဏ်း ခေါင်းဆောင်တွေကို မြန်မာစစ်တပ်ကယ်ထုတ်ခဲ့လို့ MNDAA စွပ်စွဲ


တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနကထုတ်တဲ့ သတင်းဓာတ်ပုံမှာ မြန်မာရဲအရာရှိက ဆိုင်ဘာရာဇဝတ်မှုကျူးလွန်တဲ့ တရုတ်နိုင်ငံသားတွေကို နိုင်ငံတကာလေဆိပ်မှာ တရုတ်ရဲအရာရှိဆီ ပြန်လည်လွှဲအပ်နေစဥ်။​(သြဂုတ်လ ၂၆၊ ၂၀၂၃)
တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနကထုတ်တဲ့ သတင်းဓာတ်ပုံမှာ မြန်မာရဲအရာရှိက ဆိုင်ဘာရာဇဝတ်မှုကျူးလွန်တဲ့ တရုတ်နိုင်ငံသားတွေကို နိုင်ငံတကာလေဆိပ်မှာ တရုတ်ရဲအရာရှိဆီ ပြန်လည်လွှဲအပ်နေစဥ်။​(သြဂုတ်လ ၂၆၊ ၂၀၂၃)

‘ကျားဖြန့်’လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ပါဝင်ပတ်သက်သူတွေကို မြန်မာစစ်ကောင်စီဘက်က တရုတ်ဘက်ကို ထောင်သောင်းချီ လွှဲပြောင်းပေးခဲ့ပေမယ့် အဲဒီမှာ အရေးပါသူတွေ မပါဘူးလို့ MNDAA ကိုးကန့်တပ်ပြောခွင့်ရက အေပီသတင်းကို ပြောပါတယ်။ “ပြန်ပို့တဲ့ လူ ၃၁,၀၀၀ ထဲမှာ အွန်လိုင်းငွေလိမ်ဂိုဏ်တွေရဲ့ ခေါင်းဆောင်တွေ မပါ ပါဘူး၊ စစ်ဆင်ရေးမစခင်မှာ မြန်မာစစ်တပ် ရဟတ်ယာဉ်က ဒီလူတွေကို ကယ်ထုတ်သွားခဲ့တယ်” လို့ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျားဝေက အေပီကို သတင်းကို ပြောပါတယ်။

ဒီစွပ်စွဲချက်နဲ့ပတ်သက်ပြီး မြန်မာစစ်တပ် ပြောရေးဆိုခွင့်ရှိသူရဲ့ တုံ့ပြန်ချက်ကိုတော့ မရသေးဘူးလို့ ဆိုပါတယ်။ မြန်မာနိုင်ငံထဲက အွန်လိုင်း လိမ်လည်မှု ကျူးလွန်တဲ့ဂိုဏ်းတွေကို တရုတ်နိုင်ငံဘက်က ဖြိုခွင်းမှုတွေ အရှိန်မြှင့်လုပ်နေပေမယ့် ဒီရာဇဝတ်ဂိုဏ်းတွေရဲ့ အဓိက ခေါင်းဆောင်ပိုင်းတွေ လွတ်နေပြီး အမြစ်ပြတ်ဖို့ ဖြစ်နိုင်ဖွယ်နည်းတယ်လို့ လေ့လာသူတွေကို မေးပြီး အေပီသတင်းက ဒီဇင်ဘာ (၆) ရက်က ရေးတာပါ။ အွန်လိုင်း လိမ်လည်မှု သံသယရှိသူ ၃၁,၀၀၀ လောက်ကို မြန်မာနိုင်ငံမြောက်ပိုင်းက အာဏာပိုင်တွေက လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၈ ရက်တုန်းက ကြေညာခဲ့ပြီး အဲ့ထဲက ၆၃ ဦးမှာ လိမ်လည်လှည့်ဖြားတဲ့ အဖွဲ့တွေရဲ့ အဓိကကျသူတွေ ပါဝင်ကြောင်း ပြောပါတယ်။

ဒါပေမယ့် အများစုဟာ လိမ်လည်လှည့်ဖြားတဲ့လုပ်ငန်းတွေမှာ အဓမ္မ လူကုန်ကူးခံရတဲ့သူတွေ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေကဆိုပါတယ်။ လိမ်လည်လှည့်စားတဲ့ လုပ်ငန်းတွေ အရင်ကထက် လုပ်ဆောင်ဖို့ ပိုမိုခက်ခဲလာပေမယ့် ဒီဂိုဏ်းတွေဟာ နယ်စပ်ဒေသတွေမှာ မတည်မငြိမ်ဖြစ်နေမှုနဲ့ အကျင့်ပျက်ခြစားမှုတွေကို အခွင့်ကောင်းယူနိုင်ဆဲဖြစ်တယ်လို့ လေ့လာသူတွေကလည်း သုံးသပ်ပါတယ်။

မြန်မာ့ ပဋိပက္ခတွေကို လေ့လာနေတဲ့ International Crisis Group (ICG) ရဲ့ အကြီးတန်းအကြံပေး ရစ်ချတ်ဟိုဆေး (Richard Horsey) ကတော့ “အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ လည်ပတ်နိုင်ဖို့ အခု ပိုအန္တရာယ်များလာတာမှန်ပေမယ့် ဒါကို ဆက်လုပ်ဖို့မှာ ကြီးမားတဲ့ငွေကြေးမက်လုံးတွေ ရှိနေတယ်” လို့ သုံးသပ်ပါတယ်။ စစ်ကောင်စီတပ်တွေကို အချိန်ကိုက် စစ်ဆင်ရေးတွေလုပ်နေတဲ့ ကိုးကန့်ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဟာ လည်း တရုတ်က ဘယ်လမ်းကြောင်းကို ဦးတည်နေတယ်ဆိုတာကို ကောင်းကောင်းနားလည်ထားတယ်” လို့ ဟိုဆေးက ပြောပါတယ်။

အမေရိကန်ကွန်ဂရက်လွှတ်တော်က ကျောထောက်နောက်ခံပြုထားတဲ့ အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) Tink Tank သုတေသနအဖွဲ့က မြန်မာဆိုင်ဘာရာဇဝတ်မှုလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူ ဂျေဆင်တာဝါ (Jason Tower) ကတော့ “တရုတ်နိုင်ငံဟာ သူ့နယ်စပ်ကို ရှင်းလင်းဖို့ သေချာကို အာရုံစိုက်ပြီး ရည်ရွယ်ချက်ရှိပုံရတယ်” လို့ ပြောပါတယ်။ တရုတ်က ဒီငွေလိမ်ဂိုဏ်တွေကို လုံးဝ သည်းမခံနိုင်တော့ကြောင်း ပြသနေတယ်လို့ တခြား လေ့လာသူတွေကလည်း ပြောပါတယ်။

မြန်မာပြည်အကြောင်း ဆယ်စုနှစ်တခုကျော်ကြာ မှတ်တမ်းတွေ၊ ရုပ်ရှင်တွေ ရိုက်ကူးခဲ့သူ နာမည်ကြီး တရုတ်မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ Huazong ကတော့ တရုတ်စကားပုံတခုကို ကိုးကားပြီး “တရုတ်အစိုးရက မျောက်ကိုခြောက်ဖို့ ကြက်ကိုသတ်ပြတယ်” လို့ အေပီသတင်းကို ပြောပါတယ်။ ဒီလို တရုတ်နိုင်ငံရဲ့ ဖြိုခွင်းမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေပေမယ့် မြေပြင်မှာ အနီးကပ် စောင့်ကြည်နေသူတွေကတော့ ဒီရာဇဝတ်ဂိုဏ်းတွေက ချုပ်ကိုင်သူအားလုံးကို သုတ်သင် ရှင်းလင်းနိုင်မလား ဆိုပြီး မေးခွန်းထုတ်နေကြတယ်လို့ အေပီသတင်းမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG