သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် အွန်လိုင်းငွေလိမ်ဂိုဏ်း ဖြိုခွင်းမှု အရှိန်မြင့်လာ


အွန်လိုင်းရာဇဝတ်မှုအတွက် မသင်္ကာသူတွေ တရုတ်ထံ မြန်မာလွှဲအပ် (အောက်တိုဘာ၊ ၂၀၂၃)
အွန်လိုင်းရာဇဝတ်မှုအတွက် မသင်္ကာသူတွေ တရုတ်ထံ မြန်မာလွှဲအပ် (အောက်တိုဘာ၊ ၂၀၂၃)

မြန်မာနိုင်ငံမြောက်ပိုင်းမှာ တရားမဝင်နေထိုင်နေတဲ့ သူ့နိုင်ငံသားတွေကို အခု၂၀၂၃ နှစ်ကုန် နောက်ဆုံးထားပြီးပြန်လာကြဖို့ တရုတ် ယူနန်ရဲတပ်ဖွဲ့က ဒီရက်ပိုင်းထဲမှာ အသိပေးထားပါတယ်။ မြန်မာစစ်ကောင်စီ ခေါင်းဆောင်တွေကတော့ တရုတ်အစိုးရကဖိအားပေးတဲ့ အွန်လိုင်းရာဇဝတ်လုပ်ငန်းတွေကို အခု ၂၀၂၃ နှစ်ကုန်မတိုင်ခင်မှာ နှိမ်နင်းသွားမယ်လို့ ကတိပေးလိုက်ပါတယ်။ ဒီလုပ်ငန်းတွေမှာ အသုံးချခံခဲ့ရတဲ့ တရုတ်နိုင်ငံသားအများစုအပါအဝင် အာရှနိုင်ငံသားတချို့ကိုဖမ်းဆီးပြီး ပြန်လွှဲပြောင်းတဲ့ကိစ္စတွေလည်း မြန်မာဘက်က ဒီရက်ပိုင်းထဲမှာ ဆက်တိုက်လုပ်နေပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုရဲမွန်က တင်ပြပေးထားပါတယ်။

အရှေ့တောင်အာရှက အွန်လိုင်းရာဇဝတ်လုပ်ငန်းတွေကို တရုတ်၊ မြန်မာ၊ ထိုင်းနဲ့ လာအို လေးနိုင်ငံ ပေါင်းပြီး နှိမ်နင်းဖို့ ဩဂုတ်လ ၁၅ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာလုပ်တဲ့ အစည်းအဝေးတခုမှာ တရုတ်က တောင်းဆိုခဲ့ပါတယ်။ အဓိကတော့ မြန်မာနိုင်ငံမြောက်ပိုင်းမှာ အခြေစိုက်လှုပ်ရှားနေတဲ့ အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေကို တရုတ်က အဓိက ရည်ရွယ်ပြောခဲ့တာပါ။ တရုတ်နိုင်ငံကို အဓိကပစ်မှတ်ထားတဲ့ အွန်လိုင်းငွေလိမ်မှုတွေ၊ လူကုန်ကူးမှု၊ ပြန်ပေးဆွဲမှုတွေကို တရုတ်အစိုးရက စိုးရိမ်နေကြောင်း သတင်းတွေက တောက်လျှောက် ဖော်ပြခဲ့ပါတယ်။ မြန်မာ စစ်ကောင်စီကလည်း အတူ ပူးပေါင်းလုပ်ဆောင်မယ်လို့ တရုတ်ကို ကတိပေးထားတာပါ။

အခုနှစ်အစောပိုင်းက တရုတ်ရဲ့ ဖိအားပေးမှု တွေကို လျစ်လျှူရှုခဲ့တယ်ဆိုပြီး မြန်မာစစ်ကောင်စီကို တရုတ်က အပြစ်တင်ဝေဖန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်အစောပိုင်းမှာ ကျန်းဖြန်လို့ခေါ်တဲ့ အွန်လိုင်းရာဇဝတ်နဲ့ ပတ်သက်သူတွေကို မြန်မာက အနည်းအကျဉ်းပဲ လွှဲပြောင်းပေးခဲ့ပြီး မြန်မာနိုင်ငံမြောက်ပိုင်းက အွန်လိုင်းဒုစရိုက်လုပ်ငန်းတွေနဲ့ ပတ်သက်လို့ တရုတ်အစိုးရနဲ့ မြန်မာစစ်ကောင်စီကြား အပြန်အလှန် ပြစ်တင်ဝေဖန်ခဲ့ကြတာပါ။ မြန်မာမြောက်ပိုင်းက အထူးဒေသတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်အဖွဲ့တွေက ကာကွယ်ပေးထားလို့ ဒီလုပ်ငန်းတွေဟာ ကြီးထွားနေတယ်လို့ တရုတ်ဘက်က ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အခြေစိုက်တဲ့ 'ဝ' လက်နက်ကိုင်အဖွဲ့ UWSA ကတော့ သူ့ဒေသထဲက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ခပ်မြန်မြန် နှိမ်နင်းပြီး လူပေါင်း ၁,၂၀၇ ယောက်ကို စက်တင်ဘာလ ၉ ရက်မှာ ပထမဆုံးအကြိမ် တရုတ်ကို အများဆုံးလွှဲပေးခဲ့ပါတယ်။ နောက်ထပ်၂,၃၀၀ ကျော်ကို အောက်တိုဘာလ ၁၄ ရက်မှာထပ်ပြီး လွှဲပေးခဲ့ပါတယ်။ UWSA ရဲ့ ဒုတိယစစ်ဦးချုပ်ကိုလည်း တရုတ်က ဖမ်းဆီးခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ထိပ်ပိုင်းလုပ်ငန်းရှင် ၁၁ ယောက်ကိုလည်း တရုတ်က သူ့နိုင်ငံထဲမှာ ဖမ်းဆီးခဲ့ပါတယ်။ ဒါပေမဲ့ ကိုးကန့်ဒေသ လောက်ကိုင်မြို့ထဲမှာတော့ ဒီလုပ်ငန်းတွေက ဆက်ရှိနေတယ်လို့ တရုတ်က ယူဆထားပါတယ်။

စက်တင်ဘာလကုန်က စခဲ့တဲ့ ဒီရာဇဝတ်လုပ်ငန်း ရှင်းလင်းရေးနဲ့အတူ စစ်ရေးပဋိပက္ခတွေလည်း ပူးတွဲပါလာပါတယ်။ အောက်တိုဘာလ ၂၇ ရက်မှာ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင် သုံးဖွဲ့ (Three Brotherdood Alliance) က အွန်လိုင်းရာဇဝတ်မှု ရှင်းလင်းရေး၊ အာဏာရှင်တော်လှန်ရေး စတဲ့ ခေါင်းစဉ်တွေနဲ့ ကိုးကန့်ဒေသမှာ စစ်ဆင်ရေးကို စတင်ခဲ့ပါတယ်။ ရခိုင်လက်နက်ကိုင် AA, တအောင်းလက်နက်ကိုင် TNLA, ကိုးကန့်လက်နက်ကိုင် MNDAA သုံးဖွဲ့ပူးပေါင်းပြီး ကိုးကန့်ဒေသ ချင်းရွှေဟော်မြို့ကို စတင်သိမ်းပိုက်ခဲ့ကြတာပါ။

နောက်တနေ့ အောက်တိုဘာလ ၂၈ ရက်မှာ စစ်ကောင်စီနဲ့ ကိုးကန့်နယ်ခြားစောင့် တပ်တွေဟာ လောက်ကိုင်မြို့ ရန်လုံကျိုင်းဂိတ်ကနေ တရုတ်နိုင်ငံသား ၂,၀၀၀ ကျော်ကို အလျင်စလို ဖမ်းဆီးပြီး တရုတ်ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်း ဒီလုပ်ငန်းတွေမှာ အသုံးချခံခဲ့ရတဲ့ အာရှနိုင်ငံသားတချို့ကို ပြန်လွှဲပြောင်းရေးကိစ္စတွေကိုလည်း မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးပေါင်းလုပ်ခဲ့ကြပါတယ်။ အခု နိုဝင်ဘာလထဲမှာ ထိုင်းနိုင်ငံသား ၂၆၆ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၆ ဦး၊ စင်္ကာပူနိုင်ငံသား ၁ ဦး စုစုပေါင်း ၂၇၃ ဦးကို နိုဝင်ဘာလ ၁၉ ရက်မှာ မြန်မာစစ်ကောင်စီက နယ်ခြားစောင့်မှတ်တိုင် အမှတ် (၂၁၈) က တာလော့ဂိတ်ကနေ လွှဲပေးခဲ့ပါတယ်။

အွန်လိုင်းငွေလိမ်မှုတွေ၊ ပြန်ပေးဆွဲမှုတွေ၊ လူကုန်ကူးခံရတာတွေကနေ တရုတ်နိုင်ငံက တနှစ်ကို အမေရိကန်ဒေါ်လာ ဘီလျံချီ ဆုံရှုံးနေတာပါ။ တရုတ်နိုင်ငံရဲ့တည်ငြိမ်မှုကို တနည်းတဖုံ ထိခိုက်လာတဲ့အခြေအနေကြောင့် တရုတ်ဟာ မြန်မာအပါအဝင် အွန်လိုင်းရာဇဝတ်လုပ်ငန်းတွေ အခြေစိုက်တဲ့ နိုင်ငံတချို့ကို ဖိအားပေးလာခဲ့တာပါ။

စုံစမ်းထောက်လှမ်းသတင်းတွေကို ဖော်ပြနေတဲ့ တရုတ်သတင်းဌာနတချို့ကတော့ ကိုးကန့်ဒေသဟာ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ အဓိက ကျက်စားရာနေရာ ဖြစ်တယ်လို့ ပြောပါတယ်။ မြန်မာစစ်တပ်က သူတို့ကို ထီးမိုးသလို အကာကွယ်ပေးထားတယ်လို့လည်း ပြောပါတယ်။ အလှည့်ဖျားခံရတဲ့ တရုတ်နိုင်ငံသားတွေ ဒီငွေလိမ်ဂိုဏ်းတွေလက်ထဲကို ဘယ်လောက်များများ ကျရောက်ခဲ့တယ်ဆိုတာ မသိနိုင်တဲ့အခြေအနေလို့လည်း ပြောပါတယ်။ တချို့ဆိုရင် သေတာထက်ဆိုးရွားတဲ့ နေရာတွေမှာ နေနေရတယ်လို့ တရုတ်သတင်းဌာနတွေက ရေးပါတယ်။

ကုလသမဂ္ဂ UNOCHA ရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာမြောက်ပိုင်းမှာ လူပေါင်း ၁၀၀,၀၀၀ ကျော်ဟာ ဒီလုပ်ငန်းတွေရဲ့သားကောင်အဖြစ် စေခိုင်းခံနေရတယ်လို့ မကြာသေးခင်က ထုတ်ပြန်ထားပါတယ်။ ဒါ့ပြင် အွန်လိုင်းလိမ်လည် လုပ်ငန်းအားလုံးရဲ့ ၆၅.၅ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံထဲမှာ အခြေစိုက်ထားပြီး အဓိက မူဆယ်၊ လောက်ကိုင်၊ မိုင်းလား၊ မြဝတီ၊ တာချီလိတ်နဲ့ ဝဒေသတွေမှာ ဖြစ်ကြောင်းလည်း ဖေါ်ပြထားပါတယ်။

အဲဒီဒေသတွေမှာ မြန်မာ အပါအဝင် အာရှနိုင်ငံတချို့နဲ့ တရုတ်ကလူငယ်လေးတွေဟာ တရက်ကို အလုပ်ချိန် ၁၂ နာရီကနေ ၁၄ နာရီ အထိ အလုပ်ခိုင်းစေခံကြရပြီး သူတို့အားလုံး လိုလိုဟာ လျာထားချက်ပြည့်အောင် ငွေမရှာပေးနိုင်ဘူးဆိုရင် အကျဉ်းချ နှိပ်စက်ရုံတင်မက သတ်ဖြတ်တာပါ ခံကြရတယ်လို့ ဒီအခြေအနေတွေကို ကြုံဖူးတဲ့ လောက်ကိုင်မြို့က လူငယ်တဦးက ဗွီအိုအေကို ပြောပါတယ်။

"သူတို့ အခြေအနေချင်းကတော့ မတူဘူး။ ရှမ်းမြောက်ဘက်မှာဆိုရင် လူကုန်ကူးခံရသလို ဖြစ်တာပေါ့နော်၊ အကြမ်းပတမ်းတွေပေါ့။ ဒါပေမဲ့ ကျားဖြန်တိုင်းတော့ မဟုတ်၊ တချို့ကျားဖြန်ဆို နည်းနည်း ချောင်ချောင်ချိချိရှိတယ်။ ပြီးတော့ ရှမ်းအရှေ့ဘက်မှာဆို မြန်မာတွေကို အဲလောက်မနှိပ်စက်ဘူး၊ ပေါင်းပြီးမှ လုပ်စားတော့ မြန်မာတွေဆို အဲလောက်မဟုတ်ဘူး၊ လခ ညှစ်တာလောက် အဲလောက်ပဲ။ သူတို့ခေါ်လာတဲ့ တရုတ်တွေရှိတယ်။ သူတို့ကို ရှယ်နှိပ်စက်တာ၊ ဖမ်းပြီးတော့ လူကုန်ကူး ခံရတဲ့ပုံစံ။ လိမ်လို့ လိမ်ခိုင်းလို့မရရင် နေပူလှမ်းထားတာတို့ ဘာတို့ရှိတယ်။ လူကုန်ကူးခံရတဲ့ တရုတ်တွေဆို ကျဉ်စက်နဲ့ တို့ခံရတာတို့ ဘာတို့၊ အဲဒီအထဲမှာ ထောင်တွေ ဘာတွေ တောင်ရှိတယ်၊ ဆောက်ထားတာ။ UWSA ဝ ကလည်း cover ပေးထားတာ။ အဲလိုမျိုးတွေ။"

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့အနေနဲ့ တရုတ်အစိုးရနဲ့ ပူးပေါင်း လုပ်ဆောင် သွားမယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

"ကျနော်တို့ မြန်မာနိုင်ငံအစိုးရအနေနဲ့ တရုတ်နိုင်ငံအစိုးရနဲ့ နှစ်နိုင်ငံတာဝန်ရှိသူများ အကြိမ်ကြိမ် တွေ့ဆုံပြီဖြစ်တယ်။ ဒီ အွန်လိုင်း လိမ်လည်မှုနဲ့ပတ်သက်ပြီး ကျနော်ပြောခဲ့သလိုပဲ တရုတ်ပြည်သူတွေတင် နစ်နာတာ မဟုတ်ဘူး။ မြန်မာနိုင်ငံ ပြည်သူတွေပါ နစ်နာတာဖြစ်တယ်။ ဒါ့အပြင် ပါဝင်ပတ်သက်နေတဲ့ တချို့သော အိမ်နီးနားချင်းနိုင်ငံကပြည်သူတွေပါ နစ်နာတာဖြစ်ပါတယ်။ ဒီနစ်နာမှုတွေဟာ တရုတ်နိုင်ငံအစိုးရက လုပ်တာမဟုတ်ဘူး၊ မြန်မာအစိုးရက လုပ်တာမဟုတ်ဘူး၊ တရုတ်ပြည်သူတွေလုပ်သလို မြန်မာပြည်သူတွေ လုပ်နေတာလည်း မဟုတ်ဘူး။ ဒီရဲ့ တရားခံစစ်စစ်တွေသည် တရုတ်နိုင်ငံနဲ့ အခြားသောနိုင်ငံတွေက ရာဇဝတ်မှု၊ လိမ်လည်မှုတွေနဲ့ ထွက်ပြေးနေတဲ့ ပြည်ပြေးတွေက လက်နက်ကိုင် အဖွဲ့အစည်းတချို့နဲ့ ပူးပေါင်းပြီး တရုတ်ပြည်သူတွေရော၊ မြန်မာ ပြည်သူတွေရော လိမ်လည်နေတာလို့ အခိုင်အမာပြောချင်ပါတယ်။ မြန်မာနိုင်ငံအစိုးရအနေနဲ့ တရုတ်နိုင်ငံက သတင်းပေးပို့ထားတဲ့ နှိမ်နင်းရမဲ့နေရာတွေ ရှိပါတယ်၊ ဒါတွေကိုလည်း ကျနော်တို့အနေနဲ့ တက်ကြွစွာ ပူးပေါင်း၊ ပါဝင်၊ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောလိုပါတယ်။"

နိုဝင်ဘာလ ၁၂ ရက်မှာတော့ တရုတ်အစိုးရဟာ လောက်ကိုင်မြို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ထိန်းချုပ်ထားတဲ့ အဓိက မိသားစုကြီး ၄ ခုထဲက အငယ်ဆုံးမိသားစုဖြစ်တဲ့ Ming မိသားစုဝင် လေးယောက်ကို ယွမ်ငွေ ၅၀၀,၀၀၀ ( အမေရိကန်ဒေါ်လာ ၆၈,၅၀၀) အမြင့်ဆုံးနဲ့ တရုတ်က ဆုငွေ ထုတ်ခဲ့ပါတယ်။ နိုဝင်ဘာလ ၁၇ ရက်မှာ Ming မိသားစုထဲက သုံးယောက်ကို မြန်မာစစ်ကောင်စီက တရုတ်ကို လွှဲပေးခဲ့ပါတယ်။ အကြီးအကဲကတော့ ဖမ်းဆီးစဉ်မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တယ်လို့ ပြောပါတယ်။ အကြီးအကဲဖြစ်တဲ့ Ming Xuechang ကို မြန်မာဘက်က နှုတ်ပိတ်ခဲ့တာလို့ တရုတ်လူမှုကွန်ရက်တွေက ရေးသားခဲ့ပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့နားက ရွှေကုက္ကိုမြို့သစ်မှာ စစ်ကောင်စီရဲ့နယ်ခြားစောင့် BGF နဲ့ DKBA တပ်တွေရဲ့အကာအကွယ်နဲ့ တရုတ်နိုင်ငံသားပိုင် လောင်းကစားတွေ၊ မူယစ်ဆေးဝါးလုပ်ငန်းတွေ အများအပြား ရှိပါတယ်။ ထိုင်းအစိုးရက ရွှေကုက္ကိုမြို့သစ်ကို အရင်က လျှပ်စစ်မီးပေးထားပေမဲ့ နောက်ပိုင်းမှာ ဖြတ်တောက်လိုက်ပါတယ်။ ဒါပေမဲ့ အဲဒီကလုပ်ငန်းတွေဟာ မီးစက်တွေနဲ့ လုပ်ငန်းတွေ ဆက်လည်ပတ်နေပါတယ်။ အိုင်တီအလုပ်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ် လုပ်ငန်းတွေလည်း ရှိပါတယ်။ အဲဒီကလုပ်ငန်းတွေမှာ ဒေသခံတွေဟာ တလကို မြန်မာငွေ ၁၂ သိန်းအထိ ရနေတယ်လို့ ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

ကရင်အမျိုးသား အစည်းအရုံး KNU ကတော့ ဒူးပလာယာခရိုင်ထဲက စစ်ကောင်စီရဲ့ ယန္တရားထဲမှာ ပါနေသူတွေကို တပတ်အတွင်း အမြန်ဆုံးထွက်သွားဖို့ နိုဝင်ဘာလ ၁၇ ရက်က ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ အွန်လိုင်းလုပ်ငန်းတွေ၊ ဒုစရိုက်လုပ်ငန်းတွေကိုလည်း ပစ်မှတ်ထား နှိမ်နင်းသွားမယ်ဆိုတဲ့ ခေါင်းစဉ်မျိုးတော့ KNU ဘက်က တပ်မထား သေးဘူးလို့ နီးစပ်သူတဦးက ဗွီအိုအေကို စာနဲ့ဖြေကြားခဲ့ပါတယ်။

ဒီလိမ်လည်မှုတွေဟာ အွန်လိုင်းပေါ်မှာ အခြေပြုပြီး လှုပ်ရှားကြတာဖြစ်လို့ အခုဆိုရင် ရန်ကုန်၊ မန္တလေးလို နေရာတွေမှာပါ ရှိနေပြီ ဖြစ်ပါတယ်။ ဒါတွေကို အချိန်ယူပြီး ဖြေရှင်းရလိမ့်မယ်လို့ တရုတ်-မြန်မာ အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ဗွီအိုအေကို ပြောပါတယ်။

"သူက အကျယ်အပြန့် ဖြစ်နေကိုး၊ တော်တော်လည်း သူတို့လိုက်နေတယ်။ ဒါပေမဲ့ ကျမသိတာ ကျမတို့ တနိုင်ငံတည်း မဟုတ်ဘူး။ တရုတ်ကနေ ဒါလုပ်နေရတာ။ ဥပမာ ဟိုတလောက ရုပ်ရှင်တွေထဲလည်း လာနေတယ်၊ ဗမာပြည်အကြောင်းက အခုမှပါတာ၊ အရင်တုန်းက ဖိလစ်ပိုင်တို့ တချို့ဆိုရင် နာမည်မဖော်ဘူးပေါ့နော်။ ဥရောပတို့ ဘာတို့ ဖြစ်ပုံရတယ်။ နောက် တချို့ကလေ ကျွန်းကလေးတွေဗျ။ အစိုးရရဲ့ အုပ်ချုပ်မှုလည်း အားနည်းတဲ့၊ တကမ္ဘာလုံး ပျံ့နေပုံရတယ်၊ ဗမာပြည်ကိစ္စလည်း ဒီလောက်နဲ့ ပြီးမှမဟုတ်ဘူး ဆက်ဦးမှာပဲ။"

အာရှနိုင်ငံတချို့မှာလည်း တရုတ်အွန်လိုင်း ရာဇဝတ်လုပ်ငန်းတွေကို ဒီအတောအတွင်းမှာ ပူးပေါင်း နှိမ်နင်းခဲ့ကြတာပါ။ အင်ဒိုနီးရှားအစိုးရက ဩဂုတ်လ ၂၉ ရက်နေ့မှာ တရုတ်လူမျိုး ၈၈ ယောက်ကို လွှဲပြောင်း ပေးခဲ့ပြီး လာအိုနိုင်ငံကလည်း စက်တင်ဘာလထဲမှာ ၁၇၉ ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဒီရာဇဝတ်ဂိုဏ်းတွေကို ဖြေရှင်းဖို့ တရုတ်အစိုးရဟာ ဇူလိုင်လကတည်းက စုံစမ်းရေးအဖွဲ့တခုကို လာအိုနိုင်ငံကိုစေလွှတ်ခဲ့ပြီး ဖမ်းဆီးခဲ့ကြတာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ အွန်လိုင်းရာဇဝတ် လုပ်ငန်းတွေကြောင့် တနှစ်ကို အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ လောက် ဆုံးရှုံးနေခဲ့တယ်လို့ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု USIP က မကြာသေးခင်က သတင်းဌာနတွေကို ပြောခဲ့ပါတယ်။ အမေရိကန် စုံစမ်းထောက်လှမ်းရေးဗျူရို FBI ကတော့ ၂၀၂၂ ခုနှစ်အတွင်း အွန်လိုင်း ရာဇဝတ်အမှုတွေနဲ့ပတ်သက်ပြီး နိုင်ငံအတွင်းမှာ တိုင်ကြားမှုပေါင်း ၈ သိန်းကျော် ရှိခဲ့တယ်လို့ ပြောပါတယ်။ ဒါဟာ ဆုံးရှုံးမှုအနေနဲ့ အမေရိကန်ဒေါ်လာ ၁၀.၃ ဘီလီယံ လောက် ရှိတယ်လို့ FBI က ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG