သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မိုးဗြဲမြို့မှာ မိုင်းရှင်းလင်းရေးလုပ်နေ


ယခင်မှတ်တမ်းရုပ်ပုံ | စစ်ကောင်စီထောင်ထားတဲ့ မြေမြှုပ်မိုင်းကို ရှင်းလင်းနေတဲ့ တော်လှန်ရေးတပ်သားတဦး (နိုဝင်ဘာ ၄၊ ၂၀၂၃) (ဓါတ်ပုံ - ABSDF)
ယခင်မှတ်တမ်းရုပ်ပုံ | စစ်ကောင်စီထောင်ထားတဲ့ မြေမြှုပ်မိုင်းကို ရှင်းလင်းနေတဲ့ တော်လှန်ရေးတပ်သားတဦး (နိုဝင်ဘာ ၄၊ ၂၀၂၃) (ဓါတ်ပုံ - ABSDF)

ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့ကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားပြီး မိုင်ရှင်းလင်းရေးလုပ်ငန်းနဲ့ လုံခြုံရေးကင်းလှည့်တာတွေ လုပ်နေတယ်လို့ မြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။ မြို့ခံအများစုက နေရပ်မပြန်နိုင်ကြသေးပေမယ့် တချို့သူတွေ စပါး၊ ပြောင်းနဲ့ မြေပဲတွေ ပြန်သိမ်းဆည်းနေကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး မဆုမွန်က ပြောပြမှာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ တစ်လေးလုံးစစ်ဆင်ရေး စတင်ကတည်းက ရှမ်း-ကယားဒေသထဲမှာရှိတဲ့ စစ်ကောင်စီအခြေချ တပ်စခန်းအတော်များများကို တော်လှန်ရေးအင်အားစုတွေက တပြိုင်တည်း တိုက်ခိုက် သိမ်းပိုက်နေကြတာပါ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ကိုလည်း ရက်ပိုင်းအတွင်း တော်လှန်ရေးတပ်ပေါင်းစုဘက်က သိမ်းယူနိုင်ခဲ့တယ်လို့ မြို့ခံက ဗွီအိုအေကို ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေက လက်ရှိချိန်ထိ မိုးဗြဲမြို့ကို ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီတပ်တွေ တပ်စွဲနေထိုင်ရာ စခန်းပတ်ဝန်းကျင်မှာ မြေမြှုပ်မိုင်တွေ ထောင်ထားခဲ့တဲ့နေရာတွေကို မိုင်ရှင်းလင်းရေး လုပ်ဆောင်နေသလို လုံခြုံရေး ကင်းလှည့်နေတာ ရှိတယ်လို့ မြို့ခံတဦးက ခုလို ပြောပါတယ်။

“သိမ်းနိုင်တယ်လို့ ပြောလို့ရမှာပေါ့နော်။ တော်လှန်ရေး တပ်အင်အားတွေက မြို့ထဲကို ဝင်တာပေါ့။ မိုင်းတွေ ဝင်ရှင်းတာတွေပေါ့နော်။ မိုင်းဝင်ရှင်းတာတွေ၊ နောက်ပြီးမှ ကင်းလှည့်တာတွေ အဲ့လိုပေါ့။ မြို့ပေါ်ကျတော့ လူပြန်နေတာတော့ မရှိသေးပါဘူး ဟုတ်။”

တစ်လေးလုံး စစ်ဆင်ရေး ပထမနေ့မှာတော့ မိုးဗြဲ-ဖယ်ခုံဒေသမှာ စစ်ကောင်စီတပ် ခြေကုပ်ယူထားတဲ့ ဝါရီဆူဖလိုင်၊ ဒုန်းဒူထန်၊ ပွဲကုန်း-၃၊ ပွဲကုန်း-၁၊ ညောင်ဝိုင်း၊ ပီကင်းကောခူ၊ ဆောင်ကန်း၊ စည်ကား-၂ စတဲ့ စခန်း (၈) ခုကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး နိုဝင်ဘာလ ၁၅ ရက်၊ ၅ရက်မြောက်နေ့မှာတော့ စက်တော်ရာ တောင်ကုန်းစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း မိုးဗြဲ ၁၁.၁၁ စစ်ဆင်ရေး မဟာမိတ်အင်အားစုများက နိုဝင်ဘာ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

၁၁.၁၁ စစ်ဆင်ရေးမှာ အလယ်ပိုင်းတိုင်းစစ်ဒေသ၊ ရှမ်းတောင်ဗျူဟာ (၁) တပ်ရင်းတွေဖြစ်တဲ့ (၁၀၀၁) တပ်ရင်း MB-1၊ (၁၀၀၂) တပ်ရင်း PK-1၊ (၁၀၀၆) တပ်ရင်း PK-2၊ (၁၀၀၇) တပ်ရင်း MB2၊ (၁၀၀၄) PKS PDFနဲ့ ရှမ်းတောင်ဗျူဟာ(၂) တပ်ရင်းတွေဖြစ်ကြတဲ့ (၁၀၀၃) ၊(၁၀၀၅) ၊ (၁၀၀၈)၊ (၁၀၀၉) ၊ (၁၀၁၁) တပ်ရင်းနဲ့ KNDF ဗျူဟာ (၁) တပ်ရင်းဖြစ်တဲ့ KNDF BO-3၊ BO-11၊ BO-22 နဲ့ မြို့ပြတော်လှန်ရေးတပ်ဦး (U.R.F) တို့က ပါဝင် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

မိုးဗြဲမြို့နဲ့ ၂မိုင်ကျော်ကျော် အကွာမှာတော့ စစ်ကောင်စီရဲ့ ခမရ-၄၂၂ ခြေမြန်တပ်ရင်းမှာပဲ စစ်တပ်တွေ ကျန်ရှိနေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

လတ်တလော မိုးဗြဲမှာ တိုက်ပွဲတည်ငြိမ်နေပေမယ့် စစ်ကောင်စီရဲ့ တာဝေးပစ်လက်နက်ကြီးနဲ့ လေယာဉ်ဗုံကြဲတိုက်ခိုက်မှုကတော့ ဆက်ရှိနေဆဲလို့ ဆိုပါတယ်။

“ဒီမိုးဗြဲက နည်းနည်းတော့ ငြိမ်နေတယ်။ ပြီးတော့ လက်နက်ကြီးပစ်တာနဲ့ အဲ့လောက်ပေါ့။ နောက် လေယာဉ်လာကြဲတာပေါ့နော်။ လေယာဉ်ဗုံးလာချတာတွေ ခဏခဏတော့ ဖြစ်တယ်။ ပြီးမှ ဒီမိုးဗြဲမြို့အပြင် ဖယ်ခုံမြို့ဖက်မှာတော့ ပစ်ခတ်သံတွေတော့ ရှိတယ်။ မိုင်ဖြတ် ကျေးရွာဖက်မှာပေါ့၊ လက်နက်ကြီးကျတာတွေ အဲ့လိုမျိုးပဲ ကြံရတယ်။ တော်တော်များများဖြစ်တာ။ ဒီလွိုင်ကော်မြို့ထဲမှာပဲ အရမ်းပဲ တိုက်ပွဲတော့ဖြစ်တယ်။”

ဖယ်ခုံမြို့နယ် မိုင်ဖြတ်ကျေးရွာတဝိုက်မှာ ခုရက်ပိုင်း ကြိုကြား ကြိုကြား တိုက်ပွဲဖြစ်ပွားနေတာပါ။ အလားတူ လွိုင်ကော်မြို့ဘက်မှာလည်း နေ့စဉ်ဆိုသလို နှစ်ဖက်ပစ်ခတ်မှု တိုက်ပွဲသံကြားနေရတာလို့ မြို့ခံတွေက ပြောဆိုပါတယ်။ လွိုင်ကော်မြို့ဘက်မှာ တယ်လီဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရလို့ ဒေသခံတွေကို ဆက်သွယ်လို့ မရပါဘူး။

တိုက်ပွဲအခြေအနေကို မေးမြန်းဖို့ ကရင်နီတော်လှန်ရေးအင်အားစုနဲ့ စစ်ကောင်စီကို ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။ မိုးဗြဲမြို့ခံအများစုက နေရပ် မပြန်နိုင်ကြသေးပေမယ့် ခုရပ်ပိုင်းမှာတော့ တချို့သူတွေ စပါး၊ ပြောင်းနဲ့ မြေပဲတွေ ပြန်သိမ်းဆည်းနေတာ ရှိတယ်လို့ မြို့ခံက ပြောပါတယ်။

“လောလောဆယ်ကတော့ ပြန်လာနိုင်ချေတော့ မရှိသေးဘူးပေါ့နော်။ အခုလောလောဆယ်ပေါ့။ ဒါပေမယ့် လာမယ့် ရက်သတ္တပတ်တွေက ပြောလို့မရဘူး။ တချို့သူတွေက ပြန်နေတာ ကြားရတယ်၊ ဒီရက်ပိုင်းလောက် လုပ်လက်စ အလုပ်တွေပေါ့နော်၊ တန်းလမ်းကျန်ခဲ့တာတွေ အဲ့လိုမျိုး နည်းနည်းပါးပါး ဝင်လုပ်တာတွေ ဝင်သိမ်းတာတွေ အဲ့လိုပေါ့နော်။ တောင်သူလယ်သမားဆို ပြောင်းဖူးဆို ဒီတိုင်းလှန်းထားတာတွေ အိမ်အောက်မှာ ဒီပစ်ထားရတာတွေ အဲ့လိုမျိုးပေါ့နော်၊ တော်တော်များများဖြစ်တယ်လေ။ မြေပဲတွေ အဲ့လိုတွေပေါ့၊ စပါးတွေ အဲ့လိုပေါ့။ တိုက်ပွဲက ဗြုန်းကနည်းဖြစ်တော့လေ၊ ဒီတိုင်းပဲ ကိုယ်လွတ်ပြေးတာများတာပေါ့။ ဒီရက်ပိုင်းက ပြန်သိမ်းတာတွေ တွေ့နေရတယ်။”

တိုက်ပွဲကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာမှာ တိမ်းရှောင်နေကြပြီး စားနပ်ရိက္ခာအပြင် ဆောင်းတွင်းအတွက် စောင် နဲ့ အနွေးထည်တွေလည်း လိုအပ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG