သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်း-ကယားနယ်စပ်က ဒေသခံတွေ စားဝတ်နေရေးအခက်ကြုံ


ကယားပြည်နယ် လွိုင်ကော်မြို့ကို တိုက်ခိုက်စဉ်အတွင်း ထွက်ပြေးတိမ်းရှောင်နေကြတဲ့ မြို့ခံများကို တွေ့ရစဉ် (နိုဝင်ဘာ ၁၄၊ ၂၀၂၃)
ကယားပြည်နယ် လွိုင်ကော်မြို့ကို တိုက်ခိုက်စဉ်အတွင်း ထွက်ပြေးတိမ်းရှောင်နေကြတဲ့ မြို့ခံများကို တွေ့ရစဉ် (နိုဝင်ဘာ ၁၄၊ ၂၀၂၃)

တစ်လေးလုံး စစ်ဆင်ရေးစတင်ကတည်းက ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ခံတွေ မြို့လုံးကျွတ်နီးပါး မြို့ကိုစွန့်ခွာပြီး ဘေးလွတ်ရာမှာ တိမ်းရှောင်နေကြရပြီး လက်ရှိချိန်ထိ မိုးဗြဲမှာ မကြာခဏ ပစ်ခတ်သံတွေ ရှိနေဆဲမို့ နေရပ်မပြန်နိုင်ကြသေးဘူးလို့ မြို့ခံတွေက ဗွီအိုအေကို ပြောပါတယ်။ တိုက်ပွဲကြောင့် မြို့ခံအများစုက အသက်ဘေးလွတ်အောင် ရုတ်တရက် ထွက်ပြေးသွားကြရတာကြောင့် စားနပ်ရိက္ခာနဲ့ အသုံးအဆောင်ပစ္စည်းတွေလည်း မသယ်နိုင်ကြပါဘူး။ တချို့စစ်ရှောင်တွေဟာ ချေးငှားစားသောက်နေရပြီး အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး မမြသဇင်အောင်က ပြောပြပါမယ်။

ရှမ်း-ကရင်နီဒေသမှာ နိုဝင်ဘာ ၁၁ ရက်နေ့မှာ တစ်လေးလုံး စစ်ဆင်ရေး စတင်ကတည်းက လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံ စတဲ့ မြို့တွေမှာရှိတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေနဲ့ တပ်စခန်းတွေကို နွေဦးတော်လှန်းရေးအင်အားစုတွေက တပြိုင်နက် တိုက်ခိုက် သိမ်းယူပြီး တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့တာပါ။ တစ်လေးလုံး စစ်ဆင်ရေး တိုက်ပွဲကြောင့် မိုးဗြဲမြို့ခံတွေ တစ်မြို့လုံးနီးပါး အိုအိမ်စွန့်ခွာပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတာမှာ ခုချိန်ထိ နေရပ်မပြန်နိုင်သေးဘူးလို့ မြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“တစ်လေးလုံး စစ်ဆင်ရေးက စပြီးမှ ဒီနေရပ်စွန့်ခွာရတာပဲလေ။ တိုက်ပွဲတွေက နေရာအနှံ့ မြို့ပေါ်နေရာအနှံ့ဖြစ်တော့ ခုချိန်ထိ ပြန်မလာသေးပါဘူး။ မြို့လုံးကျွတ်ရှောင်နေရတာပါပဲ အခု ဟုတ်။”

မြို့ခံအများစုက အသက်ဘေးလွတ်အောင် ချက်ချင်းဆိုသလို ပြေးလွှားလာကြရပြီး စားနပ်ရိက္ခာနဲ့ အစားအသောက်တွေ ဘာပစ္စည်းမှ မပါလာကြပါဘူး။ တချို့သူတွေ ကိုယ်နဲ့ ပါလာတဲ့ စားနပ်ရိက္ခာတွေ မျှဝေစားသောက်ကြရသလို၊ တချို့ကတော့ ချေးငှား စားသောက်နေရပြီး အခက်ကြုံနေရတဲ့အကြောင်း မြို့ခံတဦးက ခုလိုပြောပါတယ်။

“စားသောက်ရေးအခြေအနေကျတော့ ထုပ်သွားနိုင်တဲ့ဟာတွေပေါ့နော်၊ စားသောက်နေရတယ်လို့ ပြောလို့ရမယ်။ ကိုယ့်အိမ်ကနေ ထွက်လာ ပါလာသမျှ မပါလာလည်း ပါလာတဲ့ လူကို ပြန်ချီးစားတာပေါ့။ အဲ့လိုပေါ့နော်။ ပြုံခနဲ တစ်လေးလုံး စစ်ဆင်ရေးကလည်း ပြုံခနဲ ဖြစ်လာတဲ့အခါကျတော့ ဆန်စပါးတွေ မထုပ်သွားနိုင်တဲ့လူတွေ အများကြီးပဲပေါ့ အရေးကြီးပစ္စည်းတွေပေါ့နော် အများကြီးမထုတ်သွားနိုင်တာ အများကြီး၊ ဒီတိုင်းပဲ ကိုယ်လွတ်ရုန်းပြေးနေရတာတွေ များတယ်ပေါ့နော်။”

စစ်ပြေးဒုက္ခသည်တွေဟာ နီးစပ်ရာ ဖယ်ခုံ၊ ပင်လောင်း၊ ညောင်ရွှေ စတဲ့ မြို့တွေဘက်ကို ခိုလှုံသွားကြရတာပါ။ ဖယ်ခုံမြို့နယ်အရှေ့ပိုင်းကို ခိုလှုံသွားတဲ့ နောက်ထပ် မိုးဗြဲမြို့ခံတဦးကလည်း ချက်ချင်းပြေးလွှားရပြီး ဘာပစ္စည်းမှ ပါမလာဘူးလို့ ပြောပါတယ်။ သူတို့ခိုလှုံလာတဲ့နေရာမှာ ရွာခံတွေ ကျွေးမွေးတာ စားသောက်နေရတယ်လို့ ပြောပါတယ်။

“ကျနော်တို့ ကိုယ်လွတ်ရုန်းပြီး ပြေးရတယ်ပေါ့နော်။ မသယ်နိုင်ဘူး ပစ္စည်း စားစရာတွေကျတော့ မပါဘူးပေါ့နော်။ ဒေသခံက ရှိတာလေးနဲ့ပဲ ကျွေးတယ်ပေါ့နော်။ ဒီကလည်း ဘယ်လိုပြောရမလဲ အားနာနာနဲ့ပဲ ဒေသခံကျွေးတာပဲ စားနေရတာပေါ့နော်။”

နိုင်ငံရေးမတည်ငြိမ်မှုကြောင့် လောင်စာဆီနဲ့ ကုန်ဈေးနှုန်းတွေ အဆမတန်ကြီးမားပြီး ပိုမိုခက်ခဲကြပ်တည်းလာမှာ စစ်ရှောင်တွေက စိုးရိမ်နေကြပါတယ်။

“ဘယ်နေရာပဲ ရှောင်ရှောင်ပေါ့နော်၊ ကြာလာတော့ အခက်အခဲတော့ ရှိမှာပါ။ ကိုယ်လွတ်ရုန်းပြီး ထွက်လာတော့ မိသားစုအလိုက် နေတဲ့အခါကျတော့ အဆင်မပြေနိုင်ဘူးလေးနော်။ အခုလည်း ဆီဈေးတွေ တက်တော့ တစ်ဂါလံကို ၂၀,၀၀၀ ဆိုတဲ့ အတိုင်းအတာက ရှိပြီး တကယ်လို့ ထပ်ပြေးဖို့ရှိခဲ့ရင်လည်း တော်တော့်ကိုယ်မလွယ်တဲ့ အနေအထားမျိုးရှိသွားတယ်ပေါ့နော်။”

လတွေနဲ့ချီ ရှောင်တိမ်းနေကြရတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက် လှူဒါန်းမယ့်သူတွေ မရှိသလောက် နည်းပါးလာတာကြောင့် အချင်းချင်း အဆင်ပြေသလို မျှဝေ စားသောက်နေကြရပါတယ်။ အစားအသောက်၊ နေရာထိုင်းခင်နဲ့ အနွေးအထည် စတဲ့ အခက်အခဲ အကြီးအကျယ် ကြုံနေကြရတာဖြစ်ပါတယ်။ ဒါ့အပြင် မိုးဗြဲ လွိုင်ကော် စတဲ့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ နေရာဒေသတွေမှာ တယ်လီဖုန်းလိုင်းတွေ ပြတ်တောက်နေရပြီး သတင်း အမှောင်ချခံနေရသလို လမ်းပန်းဆက်သွားရေးတွေလည်း ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG