သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်နဲ့ ချင်းပြည်နယ်က ကျေးရွာတွေကို စစ်ကောင်စီ ပစ်မှတ်ထားတိုက်ခိုက်


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့အကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြသူများကို ယာယီစစ်ရှောင်စခန်းမှာတွေ့ရစဉ် (နိုဝင်ဘာ ၂၃၊ ၂၀၂၃)
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့အကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြသူများကို ယာယီစစ်ရှောင်စခန်းမှာတွေ့ရစဉ် (နိုဝင်ဘာ ၂၃၊ ၂၀၂၃)

စစ်ကောင်စီက ဒီကနေ့ နေ့လည်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်က မနော်သီရိ ကျေးရွာ မီးနေလောင်နေတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ ဒါ့အပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့အတွင်းက ကျေးရွာတခုကို မနေ့ညက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွားနေတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်တို့မှာ အရပ်သားထိခိုက် ဒဏ်ရာရတာတွေအပြင် ဖမ်းဆီးခံရတာတွေနဲ့ ကျေးရွာတွေ မီးလောင် ပျက်စီးတာတွေ ရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်း အခြေခံပြီး ကိုစံကျော်က တင်ပြပေးပါမယ်။

စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြားတိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ လက်နက်ကြီးကျည် ကျရောက်ပြီးတော့ အရပ်သားထိခိုက် ဒဏ်ရာရတာတွေ၊ ဖမ်းဆီးခံရတာတွေနဲ့ ကျေးရွာတွေ မီးလောင် ပျက်စီးတာတွေ ရှိနေပါတယ်။

နှစ်ဘက် ရက်ပေါင်း ၂ဝ ကျော်တိုက်ပွဲ အပြင်းအထန်ဖြစ်နေတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ထရွန်အိုင် ဗျူဟာကုန်းအနီးမှာရှိတဲ့ စက်ပစ်ပြင် ကျေးရွာကို မနေ့ည ၁၁နာရီလောက်က စစ်ကောင်စီလေတပ်က ဗုံးကြဲခဲ့တာကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အနီးအနားကျေးရွာက ဒေသခံတဦးက ပြောပါတယ်။

“ကလက်ချောင်းအဝ စက်ပစ်ပြင်(ရွာ)၊ အဲဒီမှာ မနေ့က ည ၁၁ နာရီလောက်မှာ လာပြီးတော့ လေယာဉ်နဲ့ဗုံးကြဲတာလေ၊ ဘုန်းတော်ကြီးကျောင်းမှာ ၂ လုံးကျတယ်၊ ပြီးတော့ ရွာလည်မှာ တလုံးကျတယ်၊ လူ နှစ်ဦးဒဏ်ရာရတယ်။ နေအိမ်တွေတော့ ပျက်စီးတာမရှိဘူး၊ ဘုန်းကြီး ကျောင်းတော့ ပျက်စီးသွားတယ်။”

ပြီးခဲ့ရက်ပိုင်းကလည်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ထရွန်အိုင် ကျေးရွာ မီးလောင်သွားခဲ့တယ်လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အခုလို စစ်ကောင်စီနဲ့ ရခို်င်လက်နက်ကိုင်AAအဖွဲ့ရဲ့ တိုက်ပွဲတွေကြောင့် တိုက်ပွဲဧရိယာ အတွင်းမှာရှိတဲ့ ကျေးရွာတွေက ဒေသခံ တော်တော်များများ ဘေးလွတ်ရာကို ထွက်ပြေး နေကြရတယ်လို့လည်း ပလက်ဝမြို့နယ်၊ စေတီပြင် ကျေးရွာသားတဦးက ပြောပါတယ်။

“ကျနော်တို့ စေတီပြင် ရွာကလည်း တရွာလုံး ထွက်ပြေးနေရတယ်။ လူဦးရေကတော့ ၄၇ဝ လောက်ရှိတယ်။ အကုန်ထွက်ပြေးသွားကြတာ။ ရွာကျန်ခဲ့တာ ယောကျ်ား ၄ယောက်ပဲ ကျန်ခဲ့တယ်။”

စေတီပြင်ကျေးရွာဟာ မနေ့က လေးကြောင်ဗုံးကျဲခံရတဲ့ စက်ပစ်ပြင် ကျေးရွာအနီးမှာ ရှိတာလည်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းက မောင်တောမြို့နယ်၊ ရွေရင်အေး ကျေးရွာမှာလည်း မနေ့က လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ၃ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး မောင်တောဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ မောင်တော ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ပေါက်တောမြို့အတွင်းမှာ ပစ်ခတ်မှုတချို့ ရှိနေသလို ဒီကနေ့ နေ့လည်ပိုင်းက ပေါက်တောမြို့နယ်၊ မနော်သီရိ ကျေးရွာကို စစ်ကောင်စီရေတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် မီးလောင်နေပြီး ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ အနီးအနားကျေးရွာက ဒေသခံတဦးက ပြောပါတယ်။

“မြို့တွင်းတိုက်ပွဲကတော့ ဒီရက်ပိုင်းငြိမ်နေတယ်ပြောရမှာပေါ့၊ ဒါပေမယ့် ခဏနေ တချက်၊ နှစ်ချက် သေနတ်ပစ်သံကြားရတာပေါ့။ ဒီနေ့ကတော့ ကုလားတန်မြစ်ရဲ့ အရှေ့ဖက်ခြမ်းက မနော်သီရိဆိုတဲ့ ရွာကို နေ့လည်လောက်က စစ်ကောင်စီနေဗီ (Navy) က သွားပြီးတော့ လက်နက်ငယ်ရော လက်နက်ကြီးရော ပစ်ပြီးတော့ တက်သွားတယ် ခဏနေကျတော့ မီးလောင်ဗုံးတွေ ပစ်တယ်ထင်ပါတယ်၊ ၁၂နာရီဝန်းကျင်လောက်ကျတော့ မီးလောင်သွားတာပေါ့၊ အဲဒီမှာ ရွာလုံးကျွတ်ထွက်ပြေးနေရတယ် အခုထိ အဲဒီမှာ မီးလောက်နေတုန်းပဲဗျာ။”

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီအနေနဲ့ ကျေးရွာတွေကို မီးရှို့တာတွေ၊ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေရှိပြီး ပုံဏ္ဏားကျွန်းမြို့နယ်က ရဲရိုးပြင်ကျေးရွာနဲ့ ခမောင်းတော ကျေးရွာတို့ကို စစ်ကောင်စီက မီးရှို့ခဲ့တယ်လို့လည်း ရခိုင်လက်နက်ကိုင် AA အဖွဲ့ရဲ့ ဒီဇင်ဘာလ ၃ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်ကတော့ ရခိုင်ပြည်နယ်မှာ AA အဖွဲ့က အရပ်သားတွေကို အကာအကွယ်ယူပြီး တိုက်ခိုက်နေတာတွေ ရှိတယ်လို့ စွပ်စွဲ ထားပါတယ်။ ဒါ့အပြင် ရဲရိုးပြင်နဲ့ ခမောင်းတောကျေးရွာကို စစ်ကောင်စီက မီးရှို့ခဲ့တာ မဟုတ်ကြောင်းလည်း ဒီကနေ့ စစ်ကောင်စီထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ ၃ဝ နေ့အကြား တိုက်ပွဲကြောင့် အရပ်သား ၃ဝကျော်သေဆုံးပြီး ၁ဝဝကျော် ဒဏ်ရာရရှိခဲ့သလို အရပ်သား ၈ဝကျော် ဖမ်းဆီးခံ ထားရတယ်လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG