သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ပြည်နယ် မြဝတီမြို့မရဲစခန်း ဒရုန်းတိုက်ခိုက်ခံရ


စစ်မြေပြင်တွင် ပူးတွဲတိုက်ပွဲဝင်နေသော Cobra စစ်ကြောင်း၊ ရောင်နီဒရုန်းတပ်ဖွဲ့နှင့် Federal Wings မှ စစ်သည်တော်များ။ (မှတ်တမ်းဓာတ်ပုံ_ Photo Crd: Federal Wings)
စစ်မြေပြင်တွင် ပူးတွဲတိုက်ပွဲဝင်နေသော Cobra စစ်ကြောင်း၊ ရောင်နီဒရုန်းတပ်ဖွဲ့နှင့် Federal Wings မှ စစ်သည်တော်များ။ (မှတ်တမ်းဓာတ်ပုံ_ Photo Crd: Federal Wings)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြို့မရဲစခန်းကို ဒီဇင်ဘာလ ၆ ရက်နေ့ ညပိုင်းလောက်မှာ ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် ဒေသခံများကြား စိုးရိမ်စိတ်ပိုတိုးလာနေပါတယ် ။ ဒီရက်ပိုင်းမှာပဲ ကရင်ပြည်နယ် မြ၀တီနယ်နဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အပါအဝင် မြို့နယ် ၅ မြို့နယ်ကို စစ်အုပ်ချုပ်ရေးထုတ်ထားချိန်မှာ အခုလို တိုက်ခိုက် ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာပါ။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြို့မရဲစခန်းကို ဒီဇင်ဘာလ ၆ ရက်နေ့ ညပိုင်းလောက်မှာ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရကြောင်း နယ်စပ်နေဒေသခံတဦးက အခုလိုပြောပြပါတယ်။

“ညနေ ၅ နာရီခွဲ ၆ နာရီအချိန်လောက်မှာ ဟိုတခေါက်က ဖြစ်သွားတဲ့အချိန်မျိုးမှာပဲ၊ ပြန်သွားတော့ ရှေ့တန်းစခန်းရုံးနဲ့ ရဲစခန်းရုံးနားကို အကုန်ကျသွားတယ်။ ဗုံးကျသွားတယ်။ ထိခိုက်မှုရှိလားဆိုတာတော့ အပြင်ထွက်ကြည့်မရတော့ မမြင်တွေ့ရဘူး၊ မသိရဘူး။ အဲဒီမှာက စစ်သားတွေ၊ နယ်ခြားစောင့်တွေ၊ လူတွေအများကြီးရှိတော့ ဘယ်သူမှ မထွက်ရဲဘူး။ ဗုံးဆိုတဲ့အသံကြားတော့ ‘ဒုံး…ဒုံး’ လို့ အသံ ၂ ချက်ကြားပြီးတော့ လူတွေကလည်း ထပ်ပြီး ပစ်မလားဆိုပြီး ထွက်ပြေးကြတာပေါ့။ စမလော့(ဆိုက်ကားမောင်းသူတွေကော၊ တက္ကစီကားမောင်းသူတွေရော အကုန်ထွက်ပြေးကြတယ်။ ကမ်းနားဘက်ကို ထွက်ပြေးကြတယ်။”

စစ်ကောင်စီက ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်က မြို့နယ်တချို့ကို ဒီဇင်ဘာလ ၃ ရက်နေ့က စစ်အုပ်ချုပ်ရေးထုတ်ပြန်ခဲ့ပြီး ညမထွက်ရအမိန့်ကို ၂ လအထိ ကျင့်သုံးမှာဖြစ်ကြောင်း ကြေညာထားပါတယ်။ ဒီအမိန့်ထဲမှာ မြ၀တီ၊ ကြာအင်းဆိပ်ကြီး၊ ဘားအံ၊ လှိုင်းဘွဲ့၊ ကျိုက်မရော စတဲ့

မြို့နယ်တွေပါဝင်ပြီး အဲဒီ မြို့နယ်အောက်က ကျေးရွာတွေအများအပြားပါဝင်တာပါ။ စစ်အုပ်ချုပ်ရေးထုတ်ပြန်တဲ့နယ်မြေတွေဟာ စစ်ကောင်စီနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ တိုက်ပွဲဖြစ်နေတဲ့နေရာတွေဖြစ်သလို စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်နေတဲ့နေရာတွေလည်း ဖြစ်ပါတယ်။

အခုလို စစ်အုပ်ချုပ်ရေး (မာရှယ်လော) ထုတ်ပြန်ခဲ့ပေမယ့် မြေပြင်တပ်အင်အား အလုံးအလောက်မရှိတော့တဲ့ စစ်ကောင်စီအနေနဲ့ ဒီမာရှယ်လောဟာ အသက်ဝင်ပါ့မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်တယ်လို့ နယ်စပ်မှာနေထိုင်နေတဲ့ဒေသခံက ဆိုပါတယ်။

“ည ၇ နာရီကနေ မနက် ၆ နာရီထိ။ အရင်တုန်းကဆိုရင် ည ၁၀ နာရီကျမှ မာရှယ်လောသတ်မှတ်ထားတာ။ အခုက ၁၀ နာရီထက် ရှေ့ ထပ်တိုးလိုက်တာ။ ည ၇ နာရီထိ တိုးလိုက်တာ။ ပြည်သူက ဘယ်လိုသွားလာလို့ရမလဲ။ အလုပ်လုပ်စားချိန်၊ ပြန်ချိန် သွားချိန်တွေ မရှိတော့ဘူး။ စစ်တပ် ရဲအင်အားကလည်း မရှိတော့ဘူး။ မာရှယ်လောဆိုတဲ့အမိန့်စာရွက်ပဲရှိတော့တယ်။ သူတို့ လူအင်အားလည်းမရှိတော့ မာရှယ်လောနဲ့

ဘယ်လို ဆက်လုပ်မလဲဆိုတာပဲ လူတွေက စောင့်ကြည့်နေတယ်။”

မြ၀တီမြို့မှာ ဒီဇင်ဘာလ ၆ ရက်နေ့ညအစောပိုင်းမှာ မြ၀တီရဲစခန်း တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်အပြီး လူနာတင်ယာဉ်တွေ ရဲစခန်းထဲကို ဝင်ရောက်လာပေမယ့် ထိခိုက်ဒဏ်ရာရတဲ့အခြေအနေအသေးစိတ်ကိုတော့ ဘယ်သူမှ မပြောနိုင်သေးပါဘူး။ အခုဗုံးကြဲမှုဟာဘယ်သူတွေရဲ့လက်ချက်ဆိုတာ ဖော်ထုတ်ပြောဆိုတာလည်း မရှိသေးပါဘူးရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG