သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြ၀တီတိုက်ခိုက်ခံရမှု ရဲဝန်ထမ်းတွေကို စစ်ဆေးမေးမြန်း


စစ်မြေပြင်တွင် ပူးတွဲတိုက်ပွဲဝင်နေသော Cobra စစ်ကြောင်း၊ ရောင်နီဒရုန်းတပ်ဖွဲ့နှင့် Federal Wings မှ စစ်သည်တော်များ။ (မှတ်တမ်းဓာတ်ပုံ_ Photo Crd: Federal Wings)
စစ်မြေပြင်တွင် ပူးတွဲတိုက်ပွဲဝင်နေသော Cobra စစ်ကြောင်း၊ ရောင်နီဒရုန်းတပ်ဖွဲ့နှင့် Federal Wings မှ စစ်သည်တော်များ။ (မှတ်တမ်းဓာတ်ပုံ_ Photo Crd: Federal Wings)

ကရင်ပြည်နယ် မြဝတီမြို့က ခရိုင်ရဲစခန်း ပြီးခဲ့တဲ့ရက်က ဒရုန်းနဲ့တိုက်ခိုက်ခံရမှုအပြီး ကြေးနန်းသတင်း၊ ဓါတ်ပုံအချက်အလက်၊ အသံဖိုင်တွေအားလုံး ပေါက်ကြားမှုနဲ့ အတွင်းစည်းပေါက်ကြားတယ်ဆိုပြီး စစ်ကောင်စီဘက်က ရဲဝန်ထမ်းတွေကို စစ်ဆေးမေးမြန်းနေပါတယ်။ နောက်ဆက်တွဲအဖြစ် မြဝတီမြို့က ဌာနဆိုင်ရာဝန်ထမ်းတွေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုတွေအနေနဲ့ သက်ဆိုင်ရာရုံး အဆောက်အဦ၊ အိမ်ရာတွေကစွန့်ခွာဖို့ Federal Wings ဒရုန်းတပ်ဖွဲ့ရဲ့သတိပေးချက်ကြောင့်လည်း နေရာရွှေ့ပြောင်းနေကြပါတယ်။ အခုအခါမှာ ထိုင်းနိုင်ငံနယ်စပ် မြဝတီနဲ့မဲဆောက်မြို့မှာ လုံခြုံရေးတင်းကြပ်နေပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မြ၀တီမြို့က ခရိုင်ရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရအပြီး ကြေးနန်း သတင်း၊ ဓါတ်ပုံ၊ အချက်အလက်နဲ့ အသံဖိုင်တွေအားလုံးပေါက်ကြားမှုနဲ့ အတွင်းစည်းပေါက်ကြားတယ်ဆိုပြီး စစ်ကောင်စီဘက်က ရဲတပ်ဖွဲ့ဝင်တွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်နေတာပါ။ ဒီဒေသခံတဦးက ပြောပြပါတယ်။

"သတင်းအချက်အလက်တွေ ပေါက်ကြားမှုဖြစ်တယ်ဆိုပြီး သူတို့က စစ်ဆေးအရေးယူဖို့တွေလုပ်ဆောင်နေပါတယ်။"

ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က အရာရှိတွေ၊ ဗိုလ်မှူးတွေအပါအဝင် အရေးပါသူတွေသေဆုံးခဲ့ပြီး ဒဏ်ရာပြင်းသူတွေလည်း ရှိတာကြောင့် ဒီပစ်ခတ်မှုဟာ စစ်ကောင်စီအတွက် ဒီနှစ်ပိုင်းအတွင်း ကြီးမားတဲ့ တိုက်ခိုက်ခံရမှုလို ပြောလို့ရပါတယ်။ ဒီထဲမှာ အတွင်းစည်းကနေ သတင်းပေါက်ကြားတာ၊ သတင်းပေးတာတွေရှိတယ်လို့ယူဆနေတဲ့အတွက် တပ်တွင်းရဲစခန်းတွင်းမှာ အချင်းချင်း မယုံကြည်မှုတွေလည်း ပိုတိုးလာနေပါတယ်။ တဆက်တည်းမှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုများအနေနဲ့ သက်ဆိုင်ရာရုံး အဆောက်အဦ၊ အိမ်ရာများမှ စွန့်ခွာဖို့ Federal Wings ဒရုန်းတပ်ဖွဲ့က သတိပေးချက်ကြောင့် တချို့လည်း ရပ်ကွက်တွေထဲ ပြောင်းရွှေ့နေထိုင်တာ၊ ဟိုတယ်တွေမှာနေတာ နယ်ခြားစောင့်တပ်တွေရဲ့အဝန်းအဝိုင်းထဲပြောင်းရွှေ့တာတွေ လုပ်နေကြတယ်လို့လည်း ပြောပါတယ်။

"တချို့ကျတော့လည်း အပြင်မှာသွားနေကြတယ်။ တချို့ကျတော့လည်းနယ်ခြားစောင့်တပ်နဲ့နီးစပ်တဲ့နေရာတွေမှာ သွားနေတယ်။"

ကရင်ပြည်နယ် မြ၀တီမြို့မှာ ဒရုန်းတိုက်ခိုက်ခံရပြီးတဲ့နောက် ဒဏ်ရာပြင်းတဲ့အရာရှိတွေကို မဲဆောက်ဘက်က ဆေးရုံကိုပို့တဲ့အတွက် မဲဆောက်ဘက်မှာလည်း လုံခြုံရေး ပိုပြီးတိုးချဲထားတယ်လို့ ဒေသခံတွေကဆိုပါတယ်။ အခုဆိုရင် မြဝတီ-မဲဆောက်နှစ်ဘက်လုံးက လုံခြုံရေးတွေတိုးချဲ့ချထားပြီး စစ်ဆေးနေတာတွေ့ရတယ်လို့လည်း ဆိုပါတယ်။

"ပေါက်ကွဲမှုတွေဖြစ်ပြီးတဲ့နောက် ဒီဘက်ကော ဟိုဘက်ကော နှစ်ဘက်လုံးလုံခြုံရေးတွေတိုးချဲ့ချထားတယ်။ သတင်းရတဲ့နေရာတွေကို လိုက်လံရှာတယ်။ ဖမ်းဆီးတယ်။ လုံခြုံရေးကတော့ အထူးချထားပြီးတော့ မတ်တပ်ရပ်ပြီးစောင့်နေတာရှိတယ်။ ကားတွေနဲ့သွားတာရှိတယ်၊ ဆိုင်ကယ်တွေနဲ့သွားတာရှိတယ်၊ လုံခြုံရေးကို ပိုပြီးချထားတာတွေရှိနေတယ်။"

စစ်ကောင်စီဘက်ကတော့ စစ်ရေးအရ ဗျူဟာကျပြီး သူတို့လက်လွှတ်ခဲ့ရတဲ့ မြ၀တီခရိုင်အတွင်းက လက်ခတ်တောင် စခန်းကုန်းကို ပြန်လည် သိမ်းပိုက်နိုင် ဖို့ ပြင်ဆင်နေချိန်မှာပဲ ကေအန်ယူနဲ့ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် ခလရ ၂၇၅ ယာယီတပ်ရင်းမှူး ဗိုလ်မှူးအောင်ကျော် မင်း၊ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ရဲအုပ်နေလင်းစိုး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းညိမ်းနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အကြီးတန်းစာရေး ဦးပြည့်ဖြိုးအောင်တို့ သေဆုံးခဲ့တာဖြစ်ပါတယ်။

အထိနာတဲ့တိုက်ခိုက်ခံရမှုတွေကြောင့် စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်ပြီး ချက်ချင်းလက်တုံ့ပြန်ခဲ့ပါတယ်။ မြေပြင်ကနေ တိုက်ခိုက်တာတွေရပ်ထားပြီး လက်နက်ကြီးတွေနဲ့သာ ဆက်တိုက်ပစ်ခတ်မှုတွေလုပ်ခဲ့ပါတယ်။ တိုက်ပွဲတွေဆက်ဖြစ်နိုင်တဲ့အတွက် ဒေသခံတွေက စိုးရိမ်စိတ် ပြင်းထန်နေပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG