သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းပဋိပက္ခ စစ်ကောင်စီ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အပြစ်ဖို့


စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်‌
စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်‌

မြန်မာနိုင်ငံ နေရာအနှံ့ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေအကြား မြေစာပင်ဖြစ်ဖြစ်နေတဲ့ ပြည်သူတွေကို ကိုယ်ချင်းစာဖို့နဲ့ ပြသနာတွေကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်‌က ပြောဆိုတာကို ဒီနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖေါ်ပြပါတယ်။ ဒါပေမဲ့လည်း စစ်တပ်ကို ပြန်လည်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာဖို့ ကမ်းလှမ်းတာမျိုး မဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ဒေသခံ လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို အကြမ်းဖက် လုပ်ရပ်တွေအဖြစ် သုံးနှုန်းပြီး စွန့်လွှတ်ဖို့ မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးမှာ တိုက်တွန်းသွားတာပါ။

ရှမ်းပြည်မြောက်ပိုင်း၊ ကရင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်း မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေချိန်၊ မြန်မာစစ်တပ်ဘက်က အကျအဆုံးများပြီး စစ်သားတော်တော်များများ လက်နက်ချနေတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ စစ်ကောင်စီ အကြီးအကဲရဲ့ ပြောဆိုချက် ထွက်ပေါ်လာတာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့က စခဲ့တဲ့ ညီနောင်မဟာမိတ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ အခုဆိုရင် နိုင်ငံရဲ့ နေရာအနှံ့မှာ စစ်ဘောင် ကျယ်ပြန့်လာတဲ့အတွက်၊ ဒါဟာ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီအတွက် အကြီးမားဆုံးသော စိန်ခေါ်မှုအဖြစ် မြန်မာ့အရေး အကဲခတ်တွေက သုံးသပ် ပြောဆိုနေပါတယ်။

တဘက်မှာလည်း မြန်မာ့အရေး အဓိကပါဝင်ပတ်သက်သူတချို့ တက်ရောက်တဲ့ အစည်းအဝေးတခုကို အင်ဒိုနီးရှားက ကမကထလုပ်၊ လက်ခံကျင်းပခဲ့ပြီး အဲဒီမှာ မကြာမီ အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံ ဆွေးနွေးရေးအတွက် အပြုသဘောဆောင်တဲ့ အလားအလာရှိနေတယ်လို့ အင်ဒိုနီးရှားက နိုဝင်ဘာ ၂၄ ရက်နေ့က ပြောထားပါတယ်။ လက်ရှိမှာတော့ တိုက်ပွဲတွေကြောင့် ဒေသခံ သောင်းနဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG