သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယင်းမာပင်မှာ စစ်ကောင်စီလက်နက်ကြီးထိမှန်ပြီး အမျိုးသမီး ၃ ဦး  သေဆုံး


ယင်းမာပင်မြို့အဝင် ဆိုင်းဘုတ်
ယင်းမာပင်မြို့အဝင် ဆိုင်းဘုတ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အမျိုးသမီး ၃ ဦး သေဆုံးပြီး အသက်မပြည့်သေးတဲ့ ကလေးငယ် ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပုလဲမြို့နယ်မှာလည်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းတာတွေကြောင့် စစ်ဘေးတိမ်းရှောင်နေရသူ ၁ သောင်းနီးပါး ရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က ပြောပြပါမယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ချင်းတွင်းမြစ်ဘေးက သံပိုရွာကို ဒီဇင်ဘာ ၅ ရက် ဒီကနေ့ ညနေပိုင်းမှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် နေအိမ်အပေါ် ကျရောက်ပေါက်ကွဲလို့ အမျိုးသမီး ၃ ဦး သေဆုံးပြီး အသက်မပြည့်သေးတဲ့ ကလေးငယ် ၄ ဦးလည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ၄၀ ရွယ်အမျိုးသမီး ၂ ဦးနဲ့ အသက် ၂၀ ကျော် အရွယ် အမျိုးသမီးတို့ဖြစ်ကြပြီး ဒဏ်ရာရသူတွေကတော့ အသက်မပြည့်သေးတဲ့ ကလေးငယ် ၄ ဦးတို့ဖြစ်တယ်လို့ ဒေသခံတဦးက အခုလို ပြောပြပါတယ်။

“အောင်ဇေယျတပ်ကုန်း ရွှေတောင်ဦးကုန်းကနေ သံပိုရွာကို လက်နက်ကြီးနဲ့ ကျတာပေါ့နော်။ အဲ့ဒီ့ကပစ်လိုက်တဲ့ လက်နက်ကြီးက သံပိုရွာကို ကျတာပေါ့နော်။ နေအိမ်တလုံးမှာကျတယ် အမျိုးသမီး၃ ဦးက သေဆုံးတယ် ကလေး ၄ ဦးကတော့ ထိခိုက်ဒဏ်ရာရတယ်။ လောလောဆယ် ရွာထဲမှာတော့ လူမရှိဘူးပေါ့နော်။ ရွာကနေ ပြည်သူတွေ အပြင်တော့ နည်းနည်းရှောင်ထားတယ်။ ကလေးတွေက ၅ နှစ်နဲ့ ၇ နှစ်ကြားတွေ အမျိုးတော့ မဟုတ်ဘူး ဒီအိမ်မှာ အလည်လာတဲ့သူတွေ စကားပြောရင်းနဲ့ ဖြစ်သွားတယ်။”

သေဆုံးသူတွေဟာ သာမန် အရပ်သားတွေသာဖြစ်ပြီး တိုက်ပွဲဖြစ်တာမရှိဘဲ စစ်တပ်ဘက်က တဖက်သက် လက်နက်ကြီး ပစ်ခတ်လို့ သေဆုံးတာလို့ ဒေသခံတွေက ဆိုပါတယ်။ သံပိုကျေးရွာဟာ ချင်းတွင်းမြစ်ဘေးမှာရှိပြီး စစ်တပ်က သစ်ထုတ်ယူတဲ့ သစ်ကွင်း အနီးမှာရှိတဲ့အတွက် မကြာခဏ နယ်မြေရှင်းလင်းခံရတဲ့ ကျေးရွာတရွာလည်း ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ယင်းမာပင်မြို့နဲ့ ကပ်လျက်မှာရှိတဲ့ ပုလဲနယ်မှာလည်း စစ်တပ်က နယ်မြေရှင်းလင်းတာကြောင့် ဒေသခံ ၁ သောင်းနီးပါး စစ်ဘေးရှောင်နေရပါတယ်။ စစ်ဘေးရှောင်အခြေအနေနဲ့ ပတ်သက်လို့ ပုလဲပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“စစ်ဘေးရှောင်တွေကတော့ ရှိတာပေါ့။ ဒီဇင်ဘာ ၁ ရက်က မီးရှို့ခံလိုက်ရတဲ့ မြကုန်းကျေးရွာဆိုလည်း ရွာထဲကို ပြန်မဝင်နိုင်ကြသေးဘူးလေ။

ကန့်ဒေါင့်ကျေးရွာအနီးက ရွာတွေကလည်း သူတို့က ရွာထဲကို ပြန်မဝင်ရဲကြသေးဘူး။ နိုဝင်ဘာ ၂၇-၂၈ တုန်းက ကန့်ဒေါင့်စခန်းကို တိုက်ထားတာ ဆိုတော့ ကန့်ဒေါင့်အပါအဝင် ကန့်ဒေါင့်နဲ့နီးတဲ့ကျေးရွာတွေပေါ့နော်။ သာစည်၊ တောင်ရွာသစ်၊ ညောင်ဝန်ဒူး၊ မဲဇရပ်၊ ကိုးပင်၊ သရက်ကန်တို့ အစရှိသဖြင့် အဲ့နားဝန်းကျင်က ရွာတွေကလည်း ရွာထဲကို ကောင်းကောင်း မပြန်ကြသေးဘူးပေါ့နော်။ စစ်ဘေးရှောင်တွေက ၁ သောင်း ဝန်းကျင်လောက်ရှိမှာ တခြားကျေးရွာတွေမှာ သွားတိမ်းရှောင်နေကြတာ။”

စစ်ဘေးရှောင် ၁ သောင်းနီးပါးဟာ တောတောင်တွေထဲ ခိုလှုံနေရပြီး စားနပ်ရိက္ခာအကူအညီတွေလည်း လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ စစ်တပ်ဟာ ပုလဲမြို့ပေါ်မှာ အထိုင်ချတပ်စွဲပြီး ပုလဲမြို့နယ်ထဲက ကျေးရွာတွေကို မကြာခဏ နယ်မြေရှင်းလင်းနေတဲ့အတွက် ဒေသခံတွေဟာ အမြဲလိုလို စစ်ဘေးတိမ်းရှောင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG