ညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ တအာင်းတပ်မတော် (TNLA) က စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ကျောက်မဲမြို့နယ်က မိုင်းလုံတပ်စခန်းနဲ့ နမ့်ခမ်းမြို့နယ်က မိုင်းဝီးတပ်စခန်းတွေကို မနေ့က သိမ်းပိုက်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
တအာင်းတပ်မဟာ (၂) ဒေသဖြစ်တဲ့ ကျောက်မဲမြို့ မိုင်းလုံတပ်စခန်းကို မနေ့ည ၈ နာရီအချိန်ခန့်က သိမ်းယူနိုင်ခဲ့တာဖြစ်ပြီး၊ 80/60mm လက်နက်ကြီးအပါအဝင်၊ လက်နက် (၁၃ )လက်နဲ့ စစ်သုံးဆောင်ပစ္စည်းတွေကို သိမ်းဆည်းနိုင်ခဲ့ပါတယ်။
တအာင်းတပ်မဟာ (၃) ဒေသမှာရှိတဲ့ မိုင်းဝီးတပ်စခန်းကိုတော့ ဒီဇင်ဘာ ၂ ရက်နေ့ထဲက စတင်တိုက်ခိုက်ခဲ့ပြီး (၄) ရက် အကြာ မနေ့ည သန်းခေါင်ယံအချိန်မှာ သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီတိုက်ပွဲမှာတော့ 60mm လက်နက်ကြီးအပါအဝင် လက်နက် (၁၀) လက်၊ ခဲယမ်းတွေနဲ့ စစ်သုံးဆောင်ပစ္စည်းတွေကို ရှင်းလင်းသိမ်းဆည်းရမိတယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။
ကိုးကန့် MNDAA ၊ တအာင်းTNLA နဲ့ ရခိုင့်တပ်မတော် AA တို့ ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့ အောက်တိုဘာလ ၁၀ ရက်နေ့ထဲက စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ အခုတပ်စခန်း ၂ ခု အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း (၅၃) ခုကို တအာင်းတပ်မတော် (TNLA) က သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
ရှမ်းမြောက်ဒေသမှာ ၁၀၂၇ စစ်ဆင်ရေးက စခဲ့တဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေဟာ အခုဆိုရင် ကယား၊ ဒေသအခေါ် ကရင်နီ၊ ရခိုင်၊ ချင်း နဲ့ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွေအထိကိုပါ တိုက်ပွဲတွေ ပျံ့နှံ့ဖြစ်ပွားလျက်ရှိနေပါတယ်။