သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်း သိမ်းပိုက်နယ်မြေတွေမှာ အုပ်ချုပ်ရေးထူထောင်ဖို့ MNDAA စီစဉ်


ပန်ဆိုင်း(ကြူကုတ်)မှာ အုပ်ချုပ်ရေးယန္တရား ပြန်လည်ထူထောင်နေကြောင်း MNDAA ထုတ်ပြန် (နိုဝင်ဘာ ၂၉၊ ၂၀၂၃)
ပန်ဆိုင်း(ကြူကုတ်)မှာ အုပ်ချုပ်ရေးယန္တရား ပြန်လည်ထူထောင်နေကြောင်း MNDAA ထုတ်ပြန် (နိုဝင်ဘာ ၂၉၊ ၂၀၂၃)

ကိုးကန့် MNDAA တပ်ဖွဲ့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်းကြမ်းဒေသက စစ်ကောင်စီတပ်စခန်းအများအပြားကို သိမ်းယူခဲ့ပြီး၊ အုပ်ချုပ်ရေးယန္တရား ပြန်လည်ထူထောင်ဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ တချိန်တည်းမှာပဲ စစ်ကောင်စီနဲ့ တအာင်း TNLA တပ်ဖွဲ့တွေ နမ့်ခမ်း၊ နောင်ချိုနဲ့ မူဆယ်မြို့နယ်တွေမှာ တိုက်ပွဲဆက်လက် ဖြစ်ပွားနေပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုခင်မောင်စိုးမင်း တင်ပြထားပါတယ်။
----
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကုန်းကြမ်းမြို့နယ်ထဲမှာ ဒီလ ၂၄ရက်နေ့က စတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ရာက ၂၈ ရက်နေ့မှာတော့ တပ်စခန်းအားလုံးကို သိမ်းယူနိုင်ခဲ့ကြောင်း MNDAA က သတင်း ထုတ်ပြန်ထားတာပါ။ လက်ရှိမှာတော့ ရှင်းဝမ် ခေါ် ကုန်းကြမ်းဒေသအတွင်းမှာ နယ်မြေရှင်းလင်းရေးအတွက်ပြင်ဆင် ဆောင်ရွက်နေကြောင်း MNDAA ပြောရေးဆိုခွင့်ရှိသူလီကျာဝင်းက VOA ကို အခုလို ပြောပါတယ်။

“ ဟုတ်ကဲ့၊ ဒီ ရှင်းဝမ်ဒေသပေါ့၊ ကုန်းကြမ်းပေါ့။ အဲဒီ ဒေသတခုလုံးမှာရှိတဲ့ တပ်စခန်းအားလုံးကိုတော့ ကျနော်တို့ ရှင်းလင်းလိုက်ပါပြီဗျနော်။ ဒါပေမဲ့ ဒီ တိုက်ပွဲအတွင်း သူတို့ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တချို့ အဲဒီထဲမှာ လှုပ်ရှားနိုင်မလား ဆိုတာကိုတော့လေ လိုက်လံစစ်ဆေးမှုတွေ လုပ်ရပါအုံးမယ်။”

MNDAA ရဲ့သတင်းထုတ်ပြန်ချက်မှာတော့ နှစ်၃၀ကြာ အခိုင်အမာတည်ဆောက်ထားတဲ့ ကုန်းကြမ်းတပ် စခန်းကြီးအပါအဝင် တပ်စခန်းတွေအားလုံးသိမ်းယူခဲ့ပြီး ရှင်းဝမ်ခေါ် ကုန်းကြမ်းဒေသတခုလုံးကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

ဒီလ ၂၈ရက်နေ့မှာတော့ ကုန်းကြမ်း အခြေစိုက် ခလရ ၁၂၅က တပ်ရင်းတရင်းလုံး လက်နက်ချခဲ့ကြောင်း၊ အဲဒီထဲမှာ ခလရ ၁၂၅တပ်ဖွဲ့ဝင် ၉၃ဦး၊ ပြည်သူ့စစ် ၂၇ဦး၊ စကခ ၁၆ တပ်ဖွဲ့ဝင် ၃၆ဦး၊ စကခ ၁၂ တပ်ဖွဲ့ဝင် ၁၄ဦး၊ စစ်ရေးအကြံပေး ၅ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁နဲ့ တပ်မိသားစုဝင် ၈၆ဦး ၊ စုစုပေါင်း ၂၇၂ဦး ပါဝင်ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီထုတ်ပြန်ချက်မှာပဲ စကခ ၁၆ ရဲ့ စကခမှုးဟာ အင်အား ၁၀၀ ခန့်နဲ့ တိမ်းရှောင်နေကြောင်း ဖော်ပြထားပြီး၊ တိမ်းရှောင်သွားတဲ့ တပ်မှူးကို ဆက်လက် ရှာဖွေနေတယ်လို့ MNDAA ပြောခွင့်ရ လီကျာဝင်းက ပြောပါတယ်။

“ ထွက်ပြေးသွားတာက စကခ ၁၂ က စကခမှူးဗျ။ သူ့ကိုတော့ လိုက်လံရှာဖွေနေတဲ့ အနေအထားမှာ ရှိပါတယ်ဗျ။ ”

လက်ရှိ အခြေအနေမှာတော့ MNDAA က သိမ်းယူခဲ့တဲ့ ပန်ဆိုင်း(ကြူကုတ်)မှာ အုပ်ချုပ်ရေးယန္တရား ပြန်လည်ထူထောင်နေပြီး ဒီလုပ်ငန်းတွေကို အခြား ထိန်းချုပ်နယ်မြေတွေမှာလည်းဆောင်ရွက်ထားကြောင်း ပြောပါတယ်။

ပန်ဆိုင်း(ကြူကုတ်)မှာ အုပ်ချုပ်ရေးယန္တရား ပြန်လည်ထူထောင်နေကြောင်း MNDAA ထုတ်ပြန် (နိုဝင်ဘာ ၂၉၊ ၂၀၂၃)
ပန်ဆိုင်း(ကြူကုတ်)မှာ အုပ်ချုပ်ရေးယန္တရား ပြန်လည်ထူထောင်နေကြောင်း MNDAA ထုတ်ပြန် (နိုဝင်ဘာ ၂၉၊ ၂၀၂၃)

“ အုပ်ချုပ်ရေး စတင်ဖော်ဆောင်ဖို့ ဆိုပြီး မနေ့က ကျနော်တို့ ခေါင်းဆောင်တွေက အဲဒီ ပန်ဆိုင်းမှာ အစည်းအဝေး ထိုင်ခဲ့တာရှိတယ်ပေါ့နော်။ ကျောင်းတွေ၊ ပြီးတော့ ဆေးရုံတွေ ပြန်ဖွင့်မယ်။ ပြီးတော့ ထုတ်လုပ်ရေးအင်အားတွေကို တိုးမြှင့်မယ်ပေါ့နော်။ ချမှတ်ထားတဲ့ လုပ်ငန်းစဉ် စီမံကိန်းတွေအားလုံးကလည်း ပြည်သူလူထုအတွက် အကျိုးရှိမယ့် လုပ်ငန်းစဉ်တွေဖြစ်ရမယ်ဆိုပြီးတော့ ချမှတ်ထားတာရှိပါတယ်။ အုပ်ချုပ်ရေးတွေ ကောင်းကောင်းမွန်မွန်ပြန်လည်ဆောင်ရွက်နေတာကတော့ မုံးကိုး ရှိမယ်။ ပန်ဆိုင်း(ကြူကုတ်) ရှိမယ်။ ပြီးတော့ ဒီ ကိုးကန့်ခရိုင်ထဲက မော်ထိုက်ဒေသရှိမယ်။ ရှင်းဝမ်ဒေသရှိမယ်။ ချင်းရွှေဟော်ရှိမယ်။ ကွမ်းလုံရှိမယ်။ ကွမ်းလုံကတော့ လူတော့ နည်းနည်း နည်းနေပါသေးတယ်ဗျ။”

ဒီကနေ့မှာတော့ ကိုးကန့်ခရိုင် တုံရှန်ဒေသ တာကျားကျိုက်အနီးက စခန်းတခုကို ထပ်မံ သိမ်းယူခဲ့ကြောင်း ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း အခြားဒေသမှာတော့ စစ်ကောင်စီတပ်နဲ့ TNLA အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရုံးတာဝန်ခံအမျိုးသမီးက ဒီကနေ့ နောင်ချိုမြို့နယ် သံဘိုရွာ၊ နမ့်ခမ်းအနီး စခန်းသစ်နဲ့ မူဆယ်မြို့နယ် ၁၀၅မိုင်မှာတော့ တိုက်ပွဲဖြစ်ပွားတာရှိကြောင်း အခုလို ပြောပါတယ်။

“ ဒီနေ့မှာက တိုက်ပွဲ ၂နေရာရှိမှာပေါ့နော်။ ပထမက ဒီနောင်ချို ၊ သံဘိုရွာမှာ တကြိမ်၊ ပြီးရင် နမ့်ခမ်း ၊ စခန်းသစ်မှာ တကြိမ်၊ ၁၀၅မိုင်က ဒီနေ့ သူတို့ လက်နက်ကြီးနဲ့ လာပစ်တာတော့ ရှိတယ်။ သူတို့ လေယာဉ်နဲ့ ၃ ကြိမ်အထက်မှာ ရှိမှာ။ တိုက်ပွဲဖြစ်ပြီး လေယာဉ်နဲ့ လာကြဲတာက ဒီ စခန်းသစ်မှာရှိမယ်။”

ညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ ၁၀၂၇စစ်ဆင်ရေး စတင်ပြီး တလကြာကာလမှာ ရှမ်းမြောက်ဒေသက မြို့ ၆မြို့နဲ့ တပ်စခန်းပေါင်း ၂၂၀ကျော် သိမ်းယူထားပြီဖြစ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

မနေ့က ကျင်းပတဲ့ စစ်ကောင်စီရဲ့ အစည်းအဝေးမှာတော့ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ရှမ်းမြောက်ဒေသဖြစ်စဉ်မှာ သာလွန်အင်အားနဲ့ နည်းပညာသာလွန်မှုကို အသုံးပြုပြီး စစ်သုံးအဆင့် Drone တွေနဲ့ Drop Bomb အသုံးပြုတိုက်ခိုက်နေကြောင်း၊ လက်ရှိအချိန်ထိ Drop Bomb ၂၅၀၀၀ ကျော်နဲ့ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၂၀ ခန့်အသုံးပြုခဲ့ကြောင်းပြောဆိုခဲ့သလို ဒီလိုတိုက်ခိုက်ရာမှာ ပြည်ပက ဒရုန်းပညာရှင်တွေ အပါအဝင် တပ်ဖွဲ့စုံအင်အား ၆၅၀၀ ပါဝင်ကြောင်း ထည့်သွင်း ပြောဆိုထားပါတယ်။ ဒီလို တိုက်ခိုက်တာကြောင့် မိသားစုဝင်တွေ လုံခြုံရေးအတွက် နေရာအချို့ကို စွန့်လွှတ်ခဲ့သလို နယ်စပ်ဒေသဖြစ်တာကြောင့် တဖက်နိုင်ငံနဲ့ အထင်မှားတာမျိုးမဖြစ်အောင် ကန့်သတ် ထိန်းသိမ်း ဆောင်ရွက်နေကြောင်းလည်း ပြောဆိုထားပါတယ်။

ဒေသတွင်းက လူ့အခွင့်အရေးအခြေအနေတွေကို စောင့်ကြည့်လေ့လာနေတဲ့ တအာင်းအမျိုးသမီးအဖွဲ့ TWO ကတော့ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး တလတာကာလအတွင်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ထိမှန်မှုကြောင့် ကလေး ၂၆ဦးအပါအဝင် အရပ်သား ၇၂ဦးသေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၁၂၅ဦးရှိကြောင်း ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG