သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နယ်စပ် မူဆယ်မြို့အနီး တိုက်ပွဲပြင်းထန်


ရှမ်းပြည်နယ် စစ်ကောင်စီစခန်းတခုကိုသိမ်းပိုက်အပြီးတွေ့ရတဲ့ MNDAA ၊ AA နှင့် TNLA ပူးပေါင်းတပ်များ (နိုဝင်ဘာ ၂၄၊ ၂၀၂၃)
ရှမ်းပြည်နယ် စစ်ကောင်စီစခန်းတခုကိုသိမ်းပိုက်အပြီးတွေ့ရတဲ့ MNDAA ၊ AA နှင့် TNLA ပူးပေါင်းတပ်များ (နိုဝင်ဘာ ၂၄၊ ၂၀၂၃)

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ အချက်အခြာနေရာဖြစ်တဲ့ မူဆယ်မြို့နဲ့ ၃မိုင်ခန့်အကွာထိ နီးကပ်လာနေပါတယ်။ တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ၁၀၅မိုင်ကနေ မူဆယ်မြို့ကို တိမ်းရှောင်လာသူတွေ ရှိပေမဲ့လည်း ဒီရက်ပိုင်းမှာတော့ ကယ်ဆယ်ရေးယာဉ်တွေ ပစ်ခတ်ခံရတာကြောင့် ရပ်နားထားကြပါတယ်။ ရှမ်းပြည်မြောက်ပိုင်းက စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကိုတော့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က မူဆယ်မြို့နယ် ၁၀၅မိုင်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို မူဆယ်-နမ့်ခမ်းကြားက ဆယ်လန့်ဘက်မှာလည်း တိုက်ပွဲတွေ ရက်ဆက်ဖြစ်နေခဲ့တာပါ။ ဒီရက်ပိုင်းမှာတော့ တိုက်ပွဲတွေဟာ မူဆယ်နဲ့ ၃မိုင်ခန့်အကွာနားမှာထိ ရောက်ရှိလာနေကြောင်း မူဆယ်မြို့ခံ လူငယ်တဦးက VOA ကို အခုလို ပြောပါတယ်။

“ မနေ့ကနဲ့ ဒီနေ့ ရယ် ဝိန်းမိုင်နဲ့ နမ့်အွန် မူဆယ်မြို့ရဲ့ အဝင်ပေါ့နော်။ အဲဒီမှာ MNDAA အဖွဲ့က စကစကို ဒရုန်းနဲ့ ကြဲတယ်။ စကစတွေက ရပ်ရွာထဲမှာကို ပြည်သူတွေရဲ့အိမ်တွေမှာကို သွားခိုနားတာပေါ့။ အဲဒါကြောင့်မို့ ဒရုန်းနဲ့ ချတာ အိမ်တော်တော်များများ ပျက်စီးတယ်။ ပြီးတော့ ဒီ ဘုရားကျောင်းလည်း ပျက်စီးတယ်။ ပြောမယ်ဆိုရင်သူက ၃မိုင်လောက်ပဲ ကွာတာပေါ့။ ဒီ မြို့ရဲ့ မုဒ်ဦးနဲ့ တမိုင်လောက်ပဲ ရှိမှာ။”

ဒီကနေ့မှာလည်း မြို့ရဲ့အရှေ့မြောက်ဘက်က တမိုင်ခန့်အကွာ လွယ်တင်ခမ်းတောင်မှာရှိတဲ့ စစ်ကောင်စီရဲ့ လက်နက်ပစ်ကူစခန်းကို MNDAA က ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေရှိကြောင်း ပြောပါတယ်။ မူဆယ်က မြို့မိမြို့ဖတဦးကလည်း လက်ရှိ မူဆယ်အနီး တိုက်ပွဲဖြစ်တဲ့အခြေအနေကို အခုလိုပြောပါတယ်။

“ မူဆယ်ပတ်ချာလည်ကတော့ တိုက်ပွဲတွေဖြစ်နေတာ။ မူဆယ်နဲ့နမ့်ခမ်းကြားဆိုရင် ဆယ်လန့်ပေါ့နော်။ အဲဒီမှာလည်း အကြီးအကျယ်ဖြစ်တယ်။ နောက်တခါ မူဆယ်နဲ့ ၁၀၅မိုင်ဆိုရင်လည်း နမ့်အွန် မှာထိ တိုက်ပွဲတွေဖြစ်ပြီးတော့ ဗုံးတွေကျ၊ လက်နက်ကြီးတွေကျပေါ့နော်။ အဲဒီမှာ ထိခိုက်ပျက်ဆီးမှုတွေက တော်တော်များများ ရှိလာပြီပေါ့။ အခု မူဆယ်ကို ကူးစက်လာပြီ၊ မူဆယ်ပတ်ခြာလည်ကို ရောက်လာပြီလို့ပဲ ပြောရမှာပေါ့နော်။”

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက တိုက်ပွဲပြင်းထန်ခဲ့တဲ့ ၁၀၅မိုင်က စစ်ရှောင်တွေဟာ လမ်းပိတ်ထားတာနဲ့ ကယ်ဆယ်ရေးယာဉ်တွေကို ပစ်ခတ်တာတွေတွေရှိနေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်တန့်နေတယ်လို့လည်း ပြောပါတယ်။

“ ၁၀၅မိုင်မှာ စစ်ရှောင်တွေ အတော်များများ ရှိတယ်။ အခုဟာက အဆင်မပြေဘူးဖြစ်နေကြတယ်။ လမ်းတွေက ပိတ်ထားတော့လေ။ မူဆယ်ကိုလည်း တော်တော်များများ ရောက်လာတယ်။ အခု ထပ်ပြီးတော့ ရှောင်ဖို့ လူတွေ ရှိတယ်။ သွားကြိုတာလည်း ကြိုမရဘူး။ မူဆယ်အထွက်ဂိတ်ကလည်း ပိတ်၊ နောက်ပြီးတော့ နမ့်အွန်ကလည်း ပိတ်။ ကားတွေက သွားကြိုတာ။ အပစ်ခံနေရလို့ ပြန်ပြန် လှည့်လာရတယ်။ ပစ်တာက မူဆယ်အထွက် နမ့်အွန်၊ နောက်တခါ တုံခန်၊ တုံခန်နားမှာလည်း ပစ်ခံရတယ်။ ကားတွေက သွားကြိုတာ ကြိုဖို့ လုပ်တာကို အဆင်မပြေဘူးဖြစ်နေတာ။”

ရှမ်းပြည်နယ် မူဆယ်မြို့က တရုတ်-မြန်မာနယ်စပ်ဂိတ်
ရှမ်းပြည်နယ် မူဆယ်မြို့က တရုတ်-မြန်မာနယ်စပ်ဂိတ်

ပြီးခဲ့တဲ့ ရက်တွေကတော့ မူဆယ်မြို့ ပရဟိတအဖွဲ့တွေ စုပေါင်းပြီး ပထမနေ့မှာ ၂ကြိမ်၊ ဒုတိယနေ့မှာ တကြိမ် စစ်ရှောင်တွေကို ကယ်ထုတ်နိုင်ပေမဲ့ မနေ့က စတင်ပြီး ကယ်ဆယ်ရေးယာဉ်တွေကို သွားလာခွင့် မပေးတော့ပါဘူး။ လောလောဆယ်မှာတော့ မူဆယ်မြို့က ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း၊ ကချင်ခရစ်ယာန် ဘုရားကျောင်းနဲ့ အစ္စလာမ်သာသာရေးအဆောက်အဦတွေမှာ စစ်ရှောင်အနည်းဆုံး ၁ထောင်ကျော်လောက်ရောက်ရှိနေကြောင်း မူဆယ်ဒေသခံတွေက ပြောပါတယ်။

၁၀၅မိုင်မှာ စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့အကြား ဖြစ်ပွားတဲ့တိုက်ပွဲမှာ လေယာဉ်နဲ့ဗုံးကြဲတာနဲ့ လက်နက်ကြီး ထိမှန်တာကြောင့် အရပ်သား ၁၀ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ ဒီကနေ့မှာတော့ နမ့်ခမ်းမြို့ စခန်းသစ်ကုန်းမှာ စစ်ကောင်စီတပ်နဲ့ တအာင်း TNLA အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်တာတွေရှိကြောင်း TNLA ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှုးကြီး တာ့အိုက်ကျော်က ပြောပါတယ်။

“ ဟုတ်ကဲ့၊ ဒီနေ့ကတော့ နမ့်ခမ်းမှာပဲ တိုက်ပွဲ ဖြစ်တာ သတင်းတက်လာသေးတယ်။ ကျန်တဲ့နေရာကတော့ သတင်းတက်လာတာမရှိသေးဘူး။ ဟုတ်ကဲ့ စခန်းသစ်မှာပဲ။”

ဒီရက်ပိုင်းမှာ မူဆယ်၊ကွတ်ခိုင်နဲ့ နမ့်ခမ်းမြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာပါ။ ကိုးကန့် MNDAA က ပြီးခဲ့တဲ့ရက်က ကိုးကန့်ဒေသက စစ်ကောင်စီရဲ့ စခန်း ၅ခုကို ထပ်မံသိမ်းယူခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ ဒီကနေ့မှာ ပြောရေးဆိုခွင့်ရှိသူကိုတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

အောက်တိုဘာလ ၂၇ရက်နေ့မှာ ညီနောင်မဟာမိတ်အဖွဲ့က ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့နောက် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ အရပ်သား ၉၅ဦး ထိခိုက်သေဆုံးပြီး ၁၅၀ကျော် ဒဏ်ရာရခဲ့ကြောင်းနဲ့ နေရပ်စွန့်ခွာတိမ်းရှောင်နေသူ ၈ သောင်းကျော်ခန့်ရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ ဒီဇင်ဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG