သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေကြောင့် ထိခိုက်လာနေတဲ့ မြန်မာ့စီးပွားရေး


ယခင်မှတ်တမ်းရုပ်ပုံ | တရုတ်နယ်စပ်အနီး ရှမ်းပြည်နယ် မူဆယ်မြို့ကနေ တရုတ်ပြည်ထဲဝင်ဖို့ စောင့်နေကြတဲ့ ကုန်တင်ကားများ (ဧပြီ ၂၀၊ ၂၀၂၀)
ယခင်မှတ်တမ်းရုပ်ပုံ | တရုတ်နယ်စပ်အနီး ရှမ်းပြည်နယ် မူဆယ်မြို့ကနေ တရုတ်ပြည်ထဲဝင်ဖို့ စောင့်နေကြတဲ့ ကုန်တင်ကားများ (ဧပြီ ၂၀၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာနေရာက ကုန်ထုတ်လုပ်မှုတွေနဲ့ ကုန်သွယ်ရေးအပေါ် ရိုက်ခတ်မှုတွေလည်း ကြီးမားလာနေပါတယ်။ နယ်စပ်ဒေသမှာ တိုက်ပွဲတွေကြောင့် အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ ကုန်သွယ်မှုတွေမှာ ထိခိုက်မှုတွေ ရှိနေတာပါ။ တိုက်ပွဲတွေကြောင့် စီးပွားရေးအပေါ် ရိုက်ခတ်မှု အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုခင်မောင်စိုးမင်း တင်ပြထားပါတယ်။

တိုက်ပွဲတွေကြောင့် ကုန်သွယ်ရေး လမ်းကြောင်းတွေ ရပ်တန့်မှုတွေနဲ့အတူ ကုန်သွယ်ရေးလိုငွေဟာ ဒီနှစ်ဘဏ္ဍာနှစ်ရဲ့ ပထမ ၆ လမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ရှိတယ်လို့လည်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကိန်းဂဏန်းတွေမှာ တွေ့ရပါတယ်။

အဓိက ကုန်သွယ်ဖက် နိုင်ငံတနိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အဓိက ကုန်သွယ်ရေးစခန်းတွေဖြစ်တဲ့ ချင်းရွှေဟော်နဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး စခန်းတွေဟာ ဆိုရင်လည်း တိုက်ပွဲတွေကြောင့် ရပ်ဆိုင်းထားရတာပါ။ ၂၀၂၁ ခုနှစ်ကာလကို အခြေခံပြီး ကြည့်မယ်ဆိုရင် ဒီကနေ ဆုံးရှုံးသွားတဲ့ ပမာဏက မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ သန်း ၅,၀၀၀ ကျော်ရှိပြီး၊ တရုတ်အတွက် သန်း ၄,၆၀၀ ကျော်ရှိပါတယ်။ လောလောဆယ်တော့ စစ်ပွဲကြားမှာ ပိတ်မိနေတဲ့ ရှမ်းမြောက်က ဒေသခံတွေက တရုတ်ကဝင်လာတဲ့ ကုန်စိမ်းနဲ့ ကြက်ဥလို အစားအသောက်တွေကို မှီခိုနေရကြောင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က ကုန်သည်တဦးက ဗွီအိုအေကို ပြောပါတယ်။

"ကုန်သွယ်ရေးဇုန်ကတော့ လုံးဝကို ပျက်စီးသွားပြီ၊ ဘာမှကို မရှိတော့ဘူး၊ ဘယ်ဘက်က ပစ်လို့ပစ်မှန်းလည်းမသိ။ ပြောချင်တာက အမြန်ဆုံးလုပ်စေချင်တယ်ဗျ၊ အခု လူထုတွေဆိုရင် အတိဒုက္ခတွေရောက်တယ်၊ သေကြေပျက်စီးကြတယ်၊ ကျန်တာကတော့ သူတို့အပိုင်းပေါ့ဗျာ ဒါကတော့ ကျနော်တို့ ပြည်သူတွေဘက်က ရပ်တည်တဲ့ ဒီစကားပဲ ပြောလို့ရမှာ။ ကျနော်တို့က မြန်မြန်ကို ပြီးစေချင်ပါပြီ။ စားဝတ်နေကြေး ကျပ်တည်းကုန်ပြီ၊ ငတ်တဲ့သူတွေငတ်တယ်၊ ဒီကြားထဲမှာ လုယက်မှုတွေက မူဆယ်မြို့ကြီးထဲမှာ ထပ်ထပ်ဖြစ်တယ်၊ ပြန်ပေးဆွဲမှုတွေ ဖြစ်လာတယ်။ ဒီအချိန်မှာ တာဝန်ယူမဲ့ တာဝန်ခံမဲ့သူ တဦးတယောက်မှ မရှိကြတော့ဘူး။ လောလောဆယ် တရုတ်ကို ကျေးဇူးတင်ရမှာပဲ အခု မန္တလေးလမ်းကြောင်းကနေ ကုန်သွယ်ပို့ဆောင်ရေး လုံးဝပြတ်တောက်သွားတယ်၊ မန္တလေး၊ လားရှိုးကလာတဲ့ ပစ္စည်းတွေက ဘာမှမရှိလို့ အခုတရုတ်က ကြက်ဥ၊ ခေါက်ဆွဲ အဲဒါလေးတွေ အမှီပြုပြီး စားသောက်နေရတာလေ။"

ထိုင်း မြန်မာနယ်စပ်၊ မြဝတီ နယ်စပ်ဂိတ်
ထိုင်း မြန်မာနယ်စပ်၊ မြဝတီ နယ်စပ်ဂိတ်

ထိုင်းအစိုးရကတော့ လာမယ့်၂၀၂၄မှာ နယ်စပ်ကုန်သွယ်ရေးကနေ အမေရိကန်ဒေါ်လာ ၃၂ဘီလီယံကျော် ရဖို့ ရည်မှန်းထားကြောင်း ပြီးခဲ့တဲ့အောက်တိုဘာလက ပြောခဲ့ပါတယ်။ ဒီထဲမှာ မြန်မာနဲ့ကုန်သွယ်နေတဲ့ ချင်းရိုင်၊ မဲဆောက်၊ ဆုန်ခလာက ကုန်သွယ်ရေးဂိတ်တွေလည်း ပါပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံနဲ့ အဓိက ကုန်သွယ်ရေး လမ်းကြောင်းတခုဖြစ်တဲ့ မြဝတီ-ထိုင်း နယ်စပ်ကုန်သွယ်ရေးဟာ တိုက်ပွဲတွေကြောင့် အခု ရပ်တန့်နေပါတယ်။ ထိုင်းဘက်က ကုန်စည်တွေလည်း အကန့်အသတ်နဲ့ပဲ ဝင်တော့ကြောင်း မြဝတီနယ်စပ်က ကုန်သည်တဦးက ဗွီအိုအေကို ပြောပါတယ်။

" ခန့်မှန်းခြေကတော့ ကြာဦးမယ်၊ ၁၄- ၁၅လောက်ကြာဦးမယ်၊ အဲလိုကြာတဲ့အခါကြတော့ ကုန်ပစ္စည်းတွေက ပုံမှန်ထက်ကို ဈေးတွေလည်း ပိုမြင့်နိုင်တယ်၊ ဘာလို့လဲဆိုတော့ ပြည်တွင်းမှာလည်း တချို့နေရာတွေဆို ကုန်ပစ္စည်းပြတ်တာလည်း ရှိတယ်လေ။ လက်ရှိပိတ်တာ ဒီနေ့နဲ့ဆို ၄ရက်လောက်ရှိပြီ ဒါပေမဲ့ သူတို့ခရီးသည်ပေးသွားတာ ၂ရက်လောက်ပဲ ရှိသေးတယ် (လမ်းဟောင်းကနေ)။ ထိုင်းဘက်က (ကုန်) ဝင်လာမယ်ဆိုလည်း မြဝတီအထိပဲ ဝင်လို့ရတယ်၊ ဒီဘက်ရောက်တဲ့အထိ ဝင်လို့မရဘူး။ အခုနိုင်ငံရေး အခြေအနေနဲ့ ကိုယ်တွေ မြန်မာဘက်မှာ တချိန်လုံး ဖြစ်နေတာလေ။ အခု သူတို့ခရီးသည်ပေးသွားလည်း ပစ်လိုက်၊ နားလိုက် အဲလိုပဲ ဖြစ်နေတာဆိုတော့။"

မြန်မာဘက်က နိုင်ငံရေး အခြေအနေ၊ အထူးသဖြင့် ရခိုင်လက်နက်ကိုင် AA နဲ့ စစ်ကောင်စီတို့ ရခိုင်မှာ တိုက်ပွဲပြန်ဖြစ်လာတဲ့အတွက် အခုနှစ် နိုဝင်ဘာလ ၁၄ရက်ကစပြီး နယ်စပ်ကုန်သွယ်ရေး ရပ်သွားတယ်လို့ ဘင်္ဂလားဒေ့ရှ်က သတင်းထုတ်ပြန်ထားပါတယ်။ ရခိုင်ပြည်နယ်၊ စစ်တွေဆိပ်ကမ်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Teknaf ကုန်းတွင်းဆိပ်ကမ်းကို ရေထွက်ကုန်တွေ အဓိက တင်ပို့ခဲ့တာပါ။ ဒါက ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် တရက်ကို ဘင်္ဂလားတာကာငွေ သန်း၃၀နီးပါး နစ်နာနေတယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရကို ကိုးကားပြီး သတင်းတွေက ရေးသာကြပါတယ်။ ဝယ်ထားတဲ့ကွမ်းသီးနဲ့ ကုန်ခြောက်တွေလည်း မြန်မာထဲမှာ ပိတ်မိနေတယ်လို့ ပြောပါတယ်။

အိန္ဒိယမြန်မာနယ်စပ်မှာတော့ ချင်းလက်နက်ကိုင်အဖွဲ့တွေက ရိဒ်ခေါဒါရ် နယ်စပ်ဂိတ်ကို နိုဝင်ဘာလ ၂၅ရက်က သိမ်းပိုက်ခဲ့ပါတယ်။ အိန္ဒိယမြန်မာ နယ်စပ်ကုန်သွယ်ရေးကတော့ ရပ်နေတာ ကြာပေမယ့် ရေရှည်မှာတော့ အိန္ဒိယဟာ သူ့ရဲ့အကျိုးစီးပွားအတွက် ပဋိပက္ခ နှစ်ဘက်စလုံးကို ထည့်သွင်းစဉ်းစားရလိမ့်မယ်လို့ အကဲခတ်တွေက ပြောပါတယ်။ အိန္ဒိယ၊ တရုတ်၊ ထိုင်း အပါအဝင် တောင်အာရှနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေက ကိုဗစ်ကပ်ရောဂါ ကာလအလွန် နိုင်ငံတကာနဲ့ ကုန်သွယ်ရေကို အရှိန်မြှင့်ဖို့ မူဝါဒအသစ်တွေ ချမှတ်နေပေမဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဒီနိုင်ငံတွေက ရှေ့မတိုးသာ ဖြစ်နေကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG