သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်နဲ့ မြို့ကြီးတချို့မှာ ဓာတ်ဆီဈေးတွေတက်


ရန်ကုန်မြို့ဓာတ်ဆီဆိုင်တခု (ဒီဇင်ဘာ ၁၊ ၂၀၂၃)
ရန်ကုန်မြို့ဓာတ်ဆီဆိုင်တခု (ဒီဇင်ဘာ ၁၊ ၂၀၂၃)

မြန်မာနိုင်ငံ ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီးတချို့မှာ ဓါတ်ဆီဈေးတွေ ဒီနေ့သောကြာနေ့မှာ ရုတ်တရက်တက်သွားပြီး တချို့ဆိုင်တွေမှာ ဝယ်လို့မရဖြစ်နေတယ်လို့ မြို့ခံတချို့က ပြောပါတယ်။ Octane 92 အမျိုးအစားဓါတ်ဆီ ၁ လီတာဈေးက မနေ့ နိုဝင်ဘာ ၃၀ ရက်နေ့က ၂၁၇၀ ကျပ်ရှိခဲ့ရာက ဒီနေ့ ဒီဇင်ဘာ ၁ ရက်မှာ ၁ လီတာကို ၂၅၁၀ ကျပ်ဈေးတက်သွားတာဖြစ်ပါတယ်။ Octane 95 အမျိုးအစားဓါတ်ဆီကလည်း ၁ လီတာ ၂၃၀၀ ကျပ်ကနေ ဒီနေ့ ၂၆၄၀ ကျပ်ကို တက်သွားတာဖြစ်ပါတယ်။ ဒီဇယ်ဆီဈေးကတော့ သိသိသာသာ တက်သွားတာ မတွေ့ရပါဘူး၊

ဆီဈေးတွေက ၁ လီတာကို ၃၄၀ လောက် တက်သွားတာကြောင့် ၁ ရက်ထဲ ၁၅ ရာခိုင်နှုန်းလောက်တက်သွားတာဖြစ်တယ်လို့ ရန်ကုန်မှာနေတဲ့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။ ဓါတ်ဆီဆိုင်ကို ကိုယ်တိုင်ရောက်ခဲ့တဲ့ လုပ်ငန်းရှင်တယောက်ကလည်း 95 အမျိုးအစားဆိုရင် ဈေးတက်တာသာ တွေ့ခဲ့ရပြီး ဆီဖြည့်ဖို့ ဆီ မရှိဘူးလို့ VOA မြန်မာပိုင်းကို ပြောပြပါတယ်။

မန္တလေးမြို့မှာလည်း ဓါတ်ဆီဈေးတွေ ၁၅ ရာခိုင်နှုန်းဝန်းကျင် ဒီနေ့တက်သွားတယ်လို့ ဆီဈေးနှုန်းတွေကို ကိုးကားပြီး စီးပွားရေးလုပ်ငန်းရှင်တွေက ပြောကြပါတယ်။ စက်သုံးဆီလုပ်ငန်းလုပ်သူတွေအနေနဲ့ အပြင်ပေါက်ဈေးထက်နည်းတဲ့ ဗဟိုဘဏ်သတ်မှတ် ဒေါ်လာဈေးနဲ့ ဓါတ်ဆီတွေကို ဝယ်ခဲ့ရတာကနေ ဒီနေ့ကစပြီး အပြင်မှောင်ခို ဒေါ်လာပေါက်ဈေးနဲ့ ဝယ်ယူရတာကြောင့် ဓါတ်ဆီဈေးတွေ တက်သွားရတာလို့ လုပ်ငန်းရှင်တွေက ရှင်းပြပါတယ်။ ၁ ဒေါ်လာ ငွေလဲနှုန်းကို ဗဟိုဘဏ်က မြန်မာငွေ ၂၉၄၀ ကျပ်ဝန်းကျင် သတ်မှတ်ထားတာပါ။ စက်သုံးဆီလုပ်ငန်းရှင်တွေ အနေနဲ့ အဲဒီနှုန်းနဲ့ မဟုတ်ဘဲ အပြင်မှောင်ခိုပေါက်ဈေးဖြစ်နေတဲ့ ၁ ဒေါ်လာကို ၃၄၀၀ ကနေ ၃၅၀၀ ကျပ်ကြား ဈေးနဲ့ဝယ်ယူခဲ့ကြရတာဖြစ်ပါတယ်။

ဒါတင်မက ရှေ့သီတင်းပတ်ကစပြီး စက်မူဇုန်တွေအတွက် စက်သုံးဆီတွေကို စစ်ကောင်စီက ခွဲတမ်းနဲ့ ရောင်းချပေးတော့မှာ မဟုတ်ဘဲ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်မျာ အသင်းချုပ် UMFCCI နဲ့ စက်မူဇုံတွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် ဝယ်ယူသုံစွဲကြဖို့ ညွန်ကြားထားတယ်လို့ စက်မူဇုံလုပ်ငန်းရှင်တွေက ပြောနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG