သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ ပိတ်ဆို့ထားမှုကြောင့် ရခိုင်မှာ ကုန်ဈေးနှုန်းတွေ အဆမတန်တက်


ရခိုင်တိုက်ပွဲတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေရ (နိုဝင်ဘာ၊ ၂၀၂၃)
ရခိုင်တိုက်ပွဲတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေရ (နိုဝင်ဘာ၊ ၂၀၂၃)

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက ကုန်စည်စီးဆင်းမှုတွေကို ပိတ်ထားတာကြောင့် အခြေခံ စားသောက်ကုန်တွေနဲ့ စက်သုံးဆီတွေ ရှားပါးလာနေပြီး စျေးနှုန်းအဆမတန် မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာတော့ စက်သုံးဆီတွေ ပြတ်လပ်နေပြီး ဒေသခံတွေ သွားရေးလာရေး အခက်ကြုံနေရသလို စက်သုံးဆီ တလီတာကို ကျပ် ၁၀,၀၀၀ အထက်မှာ ရှိတယ်လို့ ဒေသခံတွေက ပြေဆိုကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုစံကျော်က တင်ပြပေးပါမယ်။

စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့အကြား တိုက်ပွဲတွေ တကျော့ပြန်ဖြစ်လာနေတဲ့ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ရက်နေ့ကတည်းက ကုန်းလမ်းရေလမ်း အားလုံးကို စစ်ကောင်စီက ပိတ်ထားတာကြောင့် ရခိုင်ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်နေပြီး အခြေခံစားသောက်ကုန်တွေနဲ့ စက်သုံးဆီ ရှားပါးမှုတွေ ဖြစ်လာနေတယ်လို့ ရခိုင်ဒေသခံတွေက ပြောဆိုကြပါတယ်။

ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမှာဆိုရင်လည်း စက်သုံးဆီ တလီတာကို ကျပ် ၁၀,၀၀၀ အထက်အထိ စျေးနှုန်း မြင့်တက်နေသလို လွယ်လွယ်ကူကူ ဝယ်ယူလို့မရဘူးတာကြောင့် အခက်ကြုံရတယ်လို့ စစ်တွေ ဒေသခံတဦးက ပြောပါတယ်။

“အခုက ဆီတလီတာကို နေရာတခုနဲ့ တခုတော့ မတူဘူးဗျာ၊ နေရာခုမှာ တလီတာကို ၁ဝ,ဝဝဝဆိုရင် နောက်တနေရာမှာ ၁၂,ဝဝဝ ဖြစ်သွားတယ်။ အဲလိုဖြစ်နေတယ်။ အနိမ့်ဆုံးစျေးကတော့ ၁ဝ,ဝဝဝ ဗျာ။ ဆိုင်ကြီးတွေကတော့ မရောင်းဘူး၊ အကုန်လုံးပိတ် ထားတယ်။ အချိန်တိုင်း ပိတ်ထားတယ်။ လမ်းဘေးဆိုင်တွေမှာ ဝယ်ရတာ။ လမ်းဘေးဆိုင်တွေမှာ ဆီရောက်ပြီဆိုတာနဲ့ အကုန်လုံး တန်စီပြီးဝယ်ရတာပါပဲ။”

အခုလို စက်သုံးဆီတွေ ရှားပါးစျေးကြီးနေတာဟာ စစ်တွေတမြို့တည်းမဟုတ်ပဲ ရခိုင်ပြည်နယ်တခုလုံး အတိုင်းအတာနဲ့ ရှားနေတာဖြစ်ပြီး မြို့နယ်အလိုက် စျေးနှုန်း ကွာခြားမှုတွေ ရှိနေတာပါ။ ရခိုင်တောင်းပိုင်းက တောင်ကုတ်မြို့နယ်မှာဆိုရင်လည်း စက်သုံးတွေရှားပါးနေပြီး တလီတာကို ကျပ် ၁၅,ဝဝဝအထိ ရှိတယ်လို့ တောင်ကုတ်ဒေသခံတဦးက ပြောပါတယ်။

“ခက်ခဲတာပေါ့၊ ဒီဖက်မှာ ဆိုင်ကယ်တွေဆိုရင် လမ်းမှာ မရှိသလောက်နည်းသွားပြီ။ ကားလမ်းတွေ ပိတ်ထားတော့ ဆီကားတွေ လာလို့မရဘူး၊ စျေးကြီးတာလည်း တလီတာကို ၁၂,၀၀၀၊ ၁၅,ဝဝဝ အထိ ရှိတယ်။ ဝယ်လို့တော့ ရသေးတယ်။ နေရာတိုင်းမှာတော့ မရဘူး။”

အခုလို စက်သုံးဆီရှားပါးမှုတွေကြောင့် မြို့တွင်း ရပ်ကွက်တွေမှာ အငှားလိုက်နေတဲ့ သုံးဘီး ကယ်ရီသမားတချို့ အလုပ်နားထားရသလို ငါးဖမ်းသမားတွေလည်း လှေမထွက်နိုင် ဖြစ်နေကြသလို တခြားစက်သုံးဆီသုံး လုပ်ငန်းတွေလည်း ထိခိုက်နေတယ်လို့ တောင်ကုတ် ဒေသခံ
တဦးကပြောပါတယ်။

“လမ်းကြောင်းမြန်မြန် ပွင့်ပါစေဗျာ။ အဲဒါမှ သွားရလာရ အဆင်ပြေမှာ။ အခုက ဆရာဆရာမတွေတောင် စက်ဘီးနဲ့ သွားလို့သွား၊ ခြေလျင်သွားလို့သွား ဖြစ်နေကြတယ်။ ငါးဖမ်းသမား တွေလည်း ချောင်းမဆင်းရဘူး၊ ဓာတ်ဆီက မရှိတော့လေ။”

စစ်ကောင်စီအနေနဲ့ ရခိုင်မှာတိုက်ပွဲဖြစ်ပြီဆိုရင် ဒေသတွင်းမှာ လမ်းတွေပိတ်ဆို့တာ၊ စားနပ်ရိက္ခာဖြတ်တာတွေ လုပ်ဆောင်လေ့ရှိပြီး လက်ရှိမှာလည်း ရခိုင်ပြည်တွင်း ကုန်စျေးနှုန်းမြင့်တက်အောင် စားနပ်ရိက္ခာ ပြတ်တောက်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ လွတ်တော်ကိုယ်စားလှယ်ဟောင်း တဦးဖြစ်တဲ့ ဦးအောင်သောင်းရွှေက ပြောပါတယ်။

“စက်သုံးဆီရှိမယ်၊ နောက်ပြီးတော့ အခြားကုန်စည်စီးဆင်းမှုတွေ ရှိမယ်၊ ဆိုတော့ အဲဒီမှာ စက်သုံးဆီတခုတည်းတော့ မဟုတ်ပါဘူး။ အခြား ကုန်စည်ဆီးဆင်းမှုတွေကအစ ပိတ်ပင်တာရှိတယ်။ အထူးသဖြင့် ရခိုင်ကို ကိုဗစ်ကာလတုန်းကလည်း အဲလိုလုပ်ခဲ့တယ်။ ပထမ စစ်ပွဲတုန်း ကလည်း ဒီလိုပဲလုပ်တယ်။ အခုလည်း ဒီလို လမ်းပန်းဆက်သွယ်ရေးတွေကို ဖြတ်တောက်ပြီးမှ ကုန်စည်စီးဆင်းမှုတွေကို ဖြတ်တောက် ထားတယ်ဆိုတော့ ကုန်စျေးနှုန်းတက်တာက၊ တမင်တကာ ရည်ရွယ်ချက်ရှိရှိ လုပ်ထားတာဖြစ်တဲ့အတွက် ကုန်စျေးနှုန်းတွေ တက်နေတာလို့ ကျနော် မြင်တယ်ခင်ဗျ။”

ပြီးခဲ့တဲ့ နိုင်ဝင်ဘာလ ၁၃ရက်နေ့က ပြန်လည်စတင်ခဲ့တဲ့ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ရဲ့ တိုက်ပွဲဟာ ဒီကနေ့အထိ ပြင်းထန်နေပြီး စစ်ကောင်စီက နေ့တိုင်းလိုလို ရခိုင်မြောက်ပိုင်းက မြို့နယ်တွေမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ နေ့လည် ၁၁နာရီ လောက်ကလည်း ပေါက်တောမြို့ပေါ်မှာ စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းတို့က တိုက်ခိုက်နေပြီး မြို့တွင်း မီလောင်တာတွေ တွေ့ရတယ်လို့ ပေါက်တောအနီး အနားမှာ တိမ်းရှောင်နေတဲ့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ဘူးသီးတောင် မြို့နယ်မှာလည်း ဒီကနေ့လည်ပိုင်းမှာ ပစ်ခတ်မှုတွေ ရှိနေပြီး အရပ်သားတဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်တိုက်ပွဲကြောင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ပေါက်တော စတဲ့ မြို့နယ်တွေက ဒေသခံ သိန်းနဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသလို တပြည်နယ်လုံးအတိုင်းအတာနဲ့ အခြေခံပညာ စာသင်ကျောင်းတွေလည်း ပိတ်ထားရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG