သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံ Nakhon Pathom ခရိုင် ကုန်တင်ယာဉ်တိမ်းမှောက်မှု မြန်မာနှစ်ဦးသေဆုံး


ထိုင်းနိုင်ငံအလယ်ပိုင်း နကော် ပထုန် (Nakhon Pathom) ခရိုင် ကမ်ဖင်စန်မြို့က မလိုင်မန် အဝေးလမ်းမကြီးပေါ်မှာ လူသေဆုံးတဲ့အထိ ကားတိမ်းမှောက်မှု (Photo: Thai Police)
ထိုင်းနိုင်ငံအလယ်ပိုင်း နကော် ပထုန် (Nakhon Pathom) ခရိုင် ကမ်ဖင်စန်မြို့က မလိုင်မန် အဝေးလမ်းမကြီးပေါ်မှာ လူသေဆုံးတဲ့အထိ ကားတိမ်းမှောက်မှု (Photo: Thai Police)

ထိုင်းနိုင်ငံအလယ်ပိုင်း နကော် ပထုန် (Nakhon Pathom) ခရိုင် ကမ်ဖင်စန်မြို့က မလိုင်မန် အဝေးလမ်းမကြီးပေါ်မှာ မြန်မာနိုင်ငံသားတွေကိုတင်လာတဲ့ ကုန်တင်ယာဉ်ဟာ ဒီဇင်ဘာလ ၁ ရက်နေ့ညပိုင်းက တိမ်းမှောက်ခဲ့ရာမှာ နှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူ ၈ ဦးရှိခဲ့တယ်လို့ နကော်ပထုန်ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့ ညနေခြောက်နာရီအချိန်လောက်က လျှပ်စစ်ကုမ္ပဏီတခုရဲ့အလုပ်ဆိုဒ်ကနေပြန်လာကြတဲ့ မြန်မာအလုပ်သမားတွေကို သယ်ဆောင်လာတဲ့ ခြောက်ဘီးကုန်တင်ယာဉ်တစီးဟာ အနီးကနေ သူရဲ့ကားနားမှာကပ်ပြီးလိုက်ပါလာတဲ့ဆိုင်ကယ်တစီးကို တိုက်မိမလိုဖြစ်တဲ့အတွက် ရှောင်ပြီးမောင်းရာကနေ အဝေးပြေးလမ်းမပေါ်မှာ တိမ်းမှောက်ခဲ့တာပါ။ ဒီဖြစ်ရပ်ကြောင့် မြန်မာ ၂ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရခဲ့တဲ့အထဲ ၄ ဦးက ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကြိုးက အခုလိုပြောပါတယ်။

“ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၆ နာရီလောက်မှာ ထိုင်းနိုင်ငံအလယ်ပိုင်း နကွန်ပထုန်ခရိုင်တနေရာမှာရှိတဲ့ လျပ်စစ်ပစ္စည်းပြုပြင်ရေးကုမ္ပဏီပိုင်တဲ့ အလုပ်ဆိုဒ်ကနေပြန်လာကြတဲ့ မြန်မာအလုပ်သမားတွေ တင်လာတဲ့ ၆ ဘီးယာဉ်က အဲဒီ ၆ ဘီးယာဉ်နဲ့ ဘေးကလိုက်လာတဲ့ ဆိုင်ကယ်တစီးကို တိုက်မိမလိုဖြစ်လို့ ရှောင်တိမ်းမောင်းနှင်ရာကနေ လမ်းမကြီးပေါ်မှာ

တိမ်းမှောက်ခဲ့ပါတယ်။ အဲဒီ ၆ ဘီးကားမှာ မြန်မာအလုပ်သမား ၁၀ ဦးပါရာကနေ ၂ ဦးကတော့ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားသလို အခြားဒဏ်ရာရ လုပ်သား ၈ ဦးကနေ ၄ ဦးကတော့ ဒဏ်ရာပြင်းထန်ပါတယ်။ အဲဒီ ၈ ဦးလုံးကိုတော့ နကွန်ပထုန်ဆေးရုံကြီးမှာ ဆက်ပြီး ကုသပေးနေပါတယ်။”

ကားမောင်းသူ ထိုင်းနိုင်ငံသားက ဒဏ်ရာရသွားပေမယ့် မပြင်းထန်ဘူးလို့လည်း သိရပါတယ်။ ကားအနောက်ကလိုက်လာတဲ့ မြန်မာအလုပ်သမားတွေကတော့ လမ်းမပေါ်ကို လွင့်စင် ပြုတ်ကျသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်အပြီးမှာ အဝေးပြေးလမ်းမကြီးပေါ် ယာဥ်ကြောပိတ်သွားခဲ့ပြီး ၅ ကီလိုမီတာအရှည်လောက်အထိ ကားတွေရပ်ထားခဲ့ရပါတယ်။ လူနာတင်ယာဉ်တွေ ရောက်လာတဲ့အချိန်ကို စောင့်နေရတာကြောင့် ကားတွေပိတ်ဆို့သွားခဲ့ပါတယ်။ လုပ်ငန်းခွင်ကအပြန်မှာဖြစ်တဲ့အတွက် သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေအတွက် လုပ်ငန်းခွင်နစ်နာကြေးတွေနဲ့ ထိုင်းဥပဒေပါနစ်နာကြေးတွေရလိမ့်မယ်လို့လည်း ဆိုပါတယ်။

“လျှပ်စစ်ကုမ္ပဏီအကြီးကြီးဆိုတော့ သူတို့သက်ဆိုင်ရာတာဝန်ရှိသူတွေက ထိုင်းဥပဒေပါအခွင့်ရေးအတိုင်း လျော်ကြေးနဲ့ နစ်နာကြေးတွေပေးမယ်လို့တော့ မျှော်လင့်ပါတယ်။ မြန်မာအလုပ်သမားတွေကလည်း မြန်မာအလုပ်သမား သံအရာရှိရုံးကနေဖြစ်စေ၊ ထိုင်းလူ့အခွင့်အရေးတိုးတက်မှု ဖောင်ဒေးရှင်းကိုဖြစ်စေ လိုအပ်ရင် ဆက်စပ်ဆောင်ရွက်ထားမယ်ဆိုရင်

ပိုကောင်းမယ်။ ဒီအနေအထားကတော့ လုပ်ငန်းခွင်ကနေ ပြန်လာစဉ်မှာ ဖြစ်ပွားတာဖြစ်တဲ့အတွက် ထိုင်းဥပဒေပါအလုပ်သမားအခွင့်အရေးအရ သေဆုံးသူကလည်း နစ်နာကြေးရမှာဖြစ်သလို ဒဏ်ရာရသူတွေကလည်း သက်ဆိုင်ရာကနေ စစ်ဆေးပြီးတော့ လိုအပ်သလို နစ်နာကြေးတွေရရှိမှာဖြစ်ပါတယ်။”

အလားတူဖြစ်ရပ်တွေက ထိုင်းနိုင်ငံထဲမှာ မကြာခဏဖြစ်ပွားနေပြီး ဇွန်လထဲမှာတုန်းကတော့ အယုဒ္ဓယခရိုင်အတွင်းမှာ တရားမဝင်မြန်မာတွေ လိုက်ပါလာတဲ့ကားတိမ်းမှောက်လို့မြန်မာ ၅ ဦး သေဆုံးခဲ့ဖူးပါတယ်။ မေလထဲမှာပဲ ကမ်ချနဘူရီခရိုင်မှာ ရဲစစ်ဆေးရေးဂိတ်တွေကိုရှောင်ကွင်းမှောင်းနှင်တဲ့ကား တိမ်းမှောက်လို့မြန်မာတဦးသေဆုံးပြီး ၁၀ ဦးလောက် ဒဏ်ရာတွေရခဲ့ပါတယ်။ ဩဂုတ်လတုန်းကတော့ ထိုင်းနိုင်ငံစူရတ်ဌာနခရိုင် ကော့ဖငန်ကျွန်းမှာ မြန်မာအလုပ်သမား၂၀ တင်ဆောင်လာတဲ့ကားတိမ်းမှောက်ပြီး မြန်မာ ၇ ဦးသေဆုံးပြီး ကျန်တဲ့သူတွေက ဒဏ်ရာအပြင်းအထန်ရခဲ့တဲ့ ဖြစ်ရပ်တွေလည်းရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG