သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်လုပ်ခွင့် လျှောက်ထားဖို့ ၃ လ အချိန်တိုး


ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်လုပ်ခွင့်သက်တမ်းတိုးဖို့ မဲဆောက်ပြည်သူ့ဆေးရုံမှာ ကျန်းမာရေး ဆေးစစ်ခံဖို့ တန်းစီစောင့်ဆိုင်းနေစဉ်။ (ဖေဖေါ်ဝါရီ ၁၅၊ ၂၀၂၃/ ဓာတ်ပုံ ဗွီအိုအေ မြန်မာဌာန)
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်လုပ်ခွင့်သက်တမ်းတိုးဖို့ မဲဆောက်ပြည်သူ့ဆေးရုံမှာ ကျန်းမာရေး ဆေးစစ်ခံဖို့ တန်းစီစောင့်ဆိုင်းနေစဉ်။ (ဖေဖေါ်ဝါရီ ၁၅၊ ၂၀၂၃/ ဓာတ်ပုံ ဗွီအိုအေ မြန်မာဌာန)

[[Zawgyi/Unicode]]

ထိုင်းနိုင်ငံမှာရှိနေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာနက သက်တမ်းတိုးတာ နိုင်ငံကူးစာအုပ်ထုတ်ပေးတာနဲ့ ဗီဇာတုံး ရိုက်နှိပ်တာ စတဲ့လုပ်ငန်းစဉ်တွေကို ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့နောက်ဆုံးထားလုပ်ဆောင်ဖို့ သတ်မှတ်ထားပေမဲ့ နောက် ၃ လ ထပ်တိုးလိုက်ပါတယ်။ ဒါပေမယ့်လည်း အလုပ်သမားတွေဘက်က သက်တမ်းတိုးနိုင်တဲ့အရေအတွက်ကတော့ အတော်နည်းပါးနေပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ဖေဖေါ်ဝါရီလအတွင်းလုပ်ခဲ့တဲ့ ထိုင်းအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေးမှာ ထိုင်းအလုပ်သမားဝန်ကြီးဌာနကတင်သွင်းတဲ့ အဆိုပြုချက် ၂ ရပ်စလုံးကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုလိုက်တယ်လို့ထိုင်းအလုပ်သမားဝန်ကြီး စူချတ် ချွမ်ကလင် ကပြောပါတယ်။ ဒီအဆိုပြုချက်တွေထဲမှာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ထိုင်းအစိုးရက အလုပ်လုပ်ခွင့် သက်တမ်းတိုးတာ၊ နိုင်ငံကူးစာအုပ်လုပ်တာ၊ ဗီဇာတုံးရိုက်နှိပ်တာ စတဲ့လုပ်ငန်းစဉ်တွေကို နောက်ထပ် မေလအထိ လုပ်နိုင်ဖို နောက်ထ ၃ လလောက် အချိန်တိုးပေးလိုက်တာပါ။ ဒီအကြောင်းနဲ့ပတ်သက်လို့ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးကအခုလိုပြောပြပါတယ်။

“ဗီဇာတို့ဘာတို့သက်တမ်းတိုးဖို့ကို အချိန်က မရတော့ဘူးလေ။ ဗီဇာတို့၊ အထောက်အထားစာအုပ်တွေကလည်း အချိန်မှီမထုတ်နိုင်တော့ဘူးလေ။ တခြားအကြောင်းကြောင်းသော အကြောင်းအရာတွကလည်းရှိတယ်။ အရင်ကကြေညာထားတာက ၁၃ ရက်နေ့ပြီးရင် နောက်ဆုံးဆိုပြီး လုပ်ထားတာလေ။ အခုက သက်တမ်းတိုးဖို့က ဗီဇာတွေယူဖို့သက်တမ်းတိုးတဲ့ အဲဒီလုပ်ငန်းစဉ် process ကြီး ကိုလုပ်ဖို့အတွက် နောက်ဆုတ် ပေးတာပါ။ ဒါပေမယ့် အလုပ်ရှင်က ၁၃ ရက်နေ့ နောက်ဆုံးထာပြီး သူ့အလုပ်သမားစာရင်းကို သွင်းထားရမယ်။ ၁၃ ရက်နေ့ ည ၁၂ နာရီမတိုင်ခင် စာရင်းမသွင်းထားဘူးဆိုရင်တော့ အဲဒီအလုပ်သမားတွေရဲ့အထောက်အထားက တရားမဝင် ပြန်ဖြစ်သွားမယ်။”

ထိုင်းနိုင်ငံမှာ တရားမဝင်နေထိုင်နေတဲ့သူတွေကို အထောက်အထားလက်မှတ် အဖြစ် ထိုင်းအစိုးရက ပန်းရောင်ကဒ်လို့ခေါ်တဲ့ အလုပ်လုပ်ခွင့်လက်မှတ် လုပ်ပေးပါတယ်။ ဒီလက်မှတ်လုပ်ဖို့အတွက် ပွဲစားရုံးတွေကနေ သွားလုပ်ကြရတဲ့အခါမှာ ပုံမှန်ကုန်ကျစရိတ် ဘတ်ငွေ ၇ ထောင်ကနေ စုစုပေါင်းကုန်ကျစရိတ် ဘတ်ငွေတသောင်းကျော်ထိ ရှိပါတယ်။ အဲဒီလက်မှတ်ဟာ ဖေဖေဝါရီလ ၁၃ ရက်နေ့မှာ သက်တမ်းမတိုးရင် သက်တမ်းကုန်ဆုံးသွာပြီဖြစ်ပါတယ်။ နောက်ထပ် ကုန်ကျစရိတ်ကတော့ သက်တမ်းတိုးတဲ့ကုန်ကျစရိတ် အနည်းဆုံးဘတ်ငွေ ၉,၀၀၀ လောက်ကနေ မြန်မာသံရုံးကလုပ်ပေးတဲ့ စီအိုင် (Certificate of Identity – CI) လို့ခေါ်တဲ့ မည်သူမည်ဝါဖြစ်ကြောင်း အ‌ထောက်အထားစာအုပ် လုပ်တဲ့အဆင့်လောက်ထိဆိုရင် ဘတ်ငွေ ၁၅,၀၀၀ ကျော်ထိကုန်ကျတာပါ။

အလုပ်သမားတွေဘက်ကတော့ အလုပ်လုပ်ခွင့်လက်မှတ်၊ ကျန်းမာရေးအာမခံ၊ ဗီဇာကြေး၊ စီအိုင်စာအုပ်လုပ်ဖို့ စတာတွေအပြင် ပွဲစားခအဖြစ်လည်း အခကြေးငွေတွေပေးနေကြရပါတယ်။ ဒီအတွက် အလုပ်အကိုင်အဆင်မပြေတဲ့မြန်မာအလုပ်သမားတွေဟာ သက်တမ်းမတိုးနိုင်တဲ့အခြေအနေတွေကို ရင်ဆိုင်နေရပါတယ်။

ထိုင်းအစိုးရကတော့ ဖေဖေါ်ဝါရီလ ၁၃ ရက်အတွင်း စာရင်းသွင်းထားကြဖို့ နှိုးဆော်ထားပါတယ်။

“အရင်ကတော့ ၁၃ ရက်နေ့ နောက်ဆုံးထားသွင်းရမယ်ဆိုပြီး လုပ်ထားတာ။ ဒီရက်အတွင်းမှာ စာရင်းသွင်းထား။ ၅ လပိုင်း ၁၅ ရက်မတိုင်ခင်တော့ ကျန်တဲ့လုပ်ငန်းတွေကို ဆက်လုပ်ဖို့ပြောထားတာ။”

၂၀၂၃ ခုနှစ်စ်၊ ဖေဖော်ဝါရီ ၇ ရက်နေ့ အချက်အလက်အရ လူသစ် ပန်းရောင်ကဒ်လုပ်ထားတဲ့ လုပ်သမားဦးရေ ၂ သန်းခွဲနီးပါး (၂,၄၂၅,၉၀၁) ရှိပြီး သက်တမ်းတိုးအလုပ်လုပ်ကိုင်ခွင့်လက်မှတ်ကြေး ပေးသွင်းထားတဲ့ဦးရေကတော့ လေးသိန်းကျော် (၄၀၃,၀၆၂) ဦးသာရှိနေတာပါ ။နောက်ထပ် သက်တမ်းထပ်တိုးဖို့လူဦးရေ နှစ်သန်းကျော် (၂,၀၂၂,၈၃၉) ကျန်ရှိနေသေးတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးက ဆိုပါတယ်။

မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားစာအုပ် (Certificate of Identity – CI) စီအိုင်စာအုပ်လုပ်ဖို့ကျန်နေတဲ့ မြန်မာလုပ်သားဦးရေကတော့ ၃ သိန်းခန့်ရှိတယ်လို့လည်း ဆိုပါတယ်။ စီအိုင်စာအုပ်လုပ်နိုင်ဖို့အတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာနက စမွတ်ဆာခွန်၊ စမွတ်ပရာကန်၊ ချွန်ဘူရီ၊ ရနောင်းစတဲ့ခရိုင် ၄ ခုမှာ နောက်ထပ် စင်တာ ၄ ခုလောက် ထပ်ဖွင့်ပေးပြီး အလားတူလုပ်ငန်းစဉ်တွေ ဆက်လုပ်ဖို့နောက်ထပ် ၃ လ အချိန်ပေးထားပါတယ်။ ဘယ်လိုပဲအချိန်ပေးထားပေးထား မြန်မာအလုပ်သမားတွေကတော့ စားဝတ်နေရေးအခက်အခဲနဲ့ အလုပ်အကိုင်မရှိတာတွေကြောင့် အလုပ်လုပ်ခွင့်ပါမစ်သက်တမ်းတိုးတာနဲ့ စီအိုင်စာအုပ် လုပ်နိုင်တဲ့ဦးရေကတော့ အတော်နည်းပါးတယ်လို့အလုပ်သမားရေးဆောင်ရွက်နေသူတွေက ဝေဖန်ထောက်ပြခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]











XS
SM
MD
LG