သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္း-ျမန္မာနယ္စပ္မွာ ေရႊ႕ေျပာင္းျမန္မာလုပ္သား ၄၀၀ နီးပါး ဖမ္းဆီးခံရ


ထုိင္းႏုိင္ငံ ဖြတ္ဖရၿမိဳ႕နယ္ထဲမွာ ဖမ္းမိတဲ့ ျမန္မာႏိုင္ငံသားမ်ား။ (ႏုိဝင္ဘာ ၂၅၊ ၂၀၂၁။ ဓာတ္ပုံ - Thai Border Police)

(Zawgyi / Unicode)

ထိုင္း-ျမန္မာနယ္စပ္ ပရာကၽြတ္ခီရီကန္ ျပည္နယ္အတြင္းမွာ ၅ ရက္အတြင္း ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ၄၀၀ နီးပါး ဖမ္းမိေၾကာင္း ထုိင္းတပ္မေတာ္က သတင္းထုတ္ျပန္ခဲ့ပါတယ္။ အလားတူ တာ့ခ္ျပည္နယ္ထဲမွာလည္း ဒီရက္ပုိင္းအတြင္းမွာပဲ ရာဂဏန္းေလာက္ ဖမ္းဆီးခံရတာေတြ ရွိေနပါတယ္။ အျပည့္အစုံကို ဗြီအိုေအျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထိုင္း-ျမန္မာနယ္စပ္ ျမန္မာဘက္က တနသၤာရီတိုင္း ေမာေထာင္နယ္စပ္လမ္းကေန ထိုင္းဘက္ ပရာကၽြတ္ခီရီကန္ ျပည္နယ္ထဲကို ဒီဇင္ဘာလ ၂ ရက္ေန႔ကစၿပီး ၆ ရက္ေန႔ထိ ဝင္လာတဲ့ ျမန္မာ ၄၀၀ နီးပါး ဖမ္းမိေၾကာင္း ထုိင္းတပ္မေတာ္က ထုတ္ျပန္ပါတယ္။ သူတို႔ေတြဟာ အလုပ္အကုိင္ေတြ ရဖို႔အတြက္ အခေၾကးေငြ ထုိင္းဘတ္ေငြ ၃၀,၀၀၀ နီးပါးထိ ေပးလာၾကသူေတြ ပါတယ္လို႔လည္း ဆုိပါတယ္။ ျမန္မာျပည္သားမ်ားအေရး ပူးတြဲလႈပ္ရွားမႈေကာ္မတီ ဥကၠ႒ ဦးမိုးႀကိဳးကေတာ့ အခုလိုေျပာပါတယ္။

“အရင္တုန္းကေတာ့ ၂၀၀ နီးပါးေလာက္ပဲ အမ်ားဆံုး ဖမ္းခံရတာ။ အခုကေတာ့ ၄၀၀ နီးပါးေလာက္ ၅ ရက္အတြင္း အဖမ္းခံရေတာ့ အေတာ္ေလး မ်ားတာေပါ့ေနာ္။ မဲေဆာက္-ျမဝတီ လမ္းေၾကာင္းေတြ၊ ကမ္ခ်နဘူရီ လမ္းေၾကာင္းေတြက အဖမ္းအဆီးေတြ တအားစိတ္ေနတယ္။ ဘက္ေပါင္းစံုကေန တင္းက်ပ္ေနတယ္။ အဲဒါေၾကာင့္ ေမာေထာင္ဘက္ကေန ေနရာေျပာင္းၿပီး ဝင္ေရာက္လာတယ္လုိ႔ ေျပာလို႔ရတယ္။ သူတို႔အားလုံးကုိ ဘတ္ေငြ ၁၈,၀၀၀ ကေန ၂၉,၀၀၀ အထိ ေပးရတယ္။ ဘန္ေကာက္က အလုပ္အကုိင္ရတဲ့အထိ ေပးရတာဆိုရင္ ၂၉,၀၀၀ ထိ ေပးရတယ္။”

သူတို႔ဟာ တနသၤာရီတိုင္း၊ ပဲခူးတိုင္း၊ ေမာ္လၿမိဳင္၊ ရန္ကုန္တိုင္း၊ ရခိုင္ျပည္နယ္ေတြက လာၾကတာျဖစ္ပါတယ္။ ေလာေလာဆယ္မွာေတာ့ ထိုင္းႏုိင္ငံက ဗီဇေျပာင္း ကိုဗစ္ေရာဂါအသစ္ Omicron ကူးစက္လာမွာကို စိုးရိမ္တာေၾကာင့္ နယ္စပ္ေတြက ဝင္လာသူေတြကို တင္းတင္းက်ပ္က်ပ္ စစ္ေဆးေနၿပီး အထူးသျဖင့္ ဖမ္းမိသူေတြကုိ ကိုဗစ္စစ္ေဆးမႈေတြ လုပ္ေနတာပါ။ အခုဖမ္းခံရသူေတြထဲမွာေတာ့ ကိုဗစ္ကူးစက္ခံထားရသူေတြ မရွိေၾကာင္းကိုလည္း ထုိင္းတပ္မေတာ္ ျပည္သူ႔ဆက္ဆံေရးဌာနဘက္က ထုတ္ျပန္ခဲ့တယ္လို႔လည္း ဦးမိုးႀကိဳးက ေျပာပါတယ္။

“ေလာေလာဆယ္ ကုိဗစ္က်န္းမာေရးစစ္ေဆးတာ အေယာက္ ၄၀၀ ေလာက္နီးပါးမွာ တေယာက္မွ ကိုဗစ္မေတြ႔တာေတာ့ ကံေကာင္းတာေပါ့။”

အခုဖမ္းမိသူေတြကိုေတာ့ သက္ဆုိင္ရာ ရဲစခန္းအခ်ဳပ္ေတြမွာ ထားထားပါတယ္။ မ်ားေသာအားျဖင့္ တရားမဝင္ နယ္စပ္ခိုးဝင္မႈနဲ႔ အေရးယူၿပီးတာနဲ႔ လပိုင္းနဲ႔ ေနရပ္ရင္းကို ျပန္ပို႔တာေတြ လုပ္လာတယ္လို႔လည္း ဆုိပါတယ္။

“ထိုင္းလံုၿခံဳေရးအခ်ဳပ္ေတြ၊ ရဲအခ်ဳပ္ေတြ၊ လဝကအခ်ဳပ္ေတြမွာ ထားတာေပါ့။ လူအင္အားက မ်ားတဲ့အခါက်ေတာ့ ထုိင္းႏုိင္ငံက သူတို႔ကုိ ၾကာၾကာမထိန္းသိမ္းထားဘူး။”

တာ့ခ္ျပည္နယ္ မဲေဆာက္ခ႐ိုင္ကေန ႏိုင္ငံတကာထိ ပို႔ေဆာင္လူကုန္ကူးမႈေတြမွာ ပါဝင္ပတ္သက္ေနတယ္လို႔ သံသယရွိသူ ၃ ဦးကိုလည္း ရဲတပ္ဖြဲ႔က တနလၤာေန႔က ဖမ္းဆီးခဲ့ပါတယ္။ တာ့ခ္ျပည္နယ္ထဲမွာပဲ ဘန္ေကာက္တက္ဖို႔ ေတာလမ္းကေန လမ္းေလွ်ာက္လာတဲ့ ျမန္မာ ၄၀ ေလာက္ကုိလည္း တနလၤာေန႔က ဖမ္းဆီးခဲ့ပါတယ္။

ထိုင္းအစိုးရက တရားမဝင္ ဝင္ေရာက္လာတဲ့ ႏုိင္ငံျခားသား ေရႊ႕ေျပာင္းအလုပ္သမားေတြကို ၂၀၂၁ ခုႏွစ္ ႏွစ္စကစၿပီး ၁၁ လအတြင္း လူဦးေရ ၄၅,၀၀၀ ေလာက္ ဖမ္းဆီးခဲ့ၿပီး ဒီထဲမွာ ျမန္မာႏုိင္ငံသားက အမ်ားဆံုး ပါဝင္ပါတယ္။

-----------------------

(Unicode)

ထိုင်း-မြန်မာနယ်စပ်မှာ ရွှေ့ပြောင်းမြန်မာလုပ်သား ၄၀၀ နီးပါး ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ် ပရာကျွတ်ခီရီကန် ပြည်နယ်အတွင်းမှာ ၅ ရက်အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀၀ နီးပါး ဖမ်းမိကြောင်း ထိုင်းတပ်မတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အလားတူ တာ့ခ်ပြည်နယ်ထဲမှာလည်း ဒီရက်ပိုင်းအတွင်းမှာပဲ ရာဂဏန်းလောက် ဖမ်းဆီးခံရတာတွေ ရှိနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်က တနင်္သာရီတိုင်း မောထောင်နယ်စပ်လမ်းကနေ ထိုင်းဘက် ပရာကျွတ်ခီရီကန် ပြည်နယ်ထဲကို ဒီဇင်ဘာလ ၂ ရက်နေ့ကစပြီး ၆ ရက်နေ့ထိ ဝင်လာတဲ့ မြန်မာ ၄၀၀ နီးပါး ဖမ်းမိကြောင်း ထိုင်းတပ်မတော်က ထုတ်ပြန်ပါတယ်။ သူတို့တွေဟာ အလုပ်အကိုင်တွေ ရဖို့အတွက် အခကြေးငွေ ထိုင်းဘတ်ငွေ ၃၀,၀၀၀ နီးပါးထိ ပေးလာကြသူတွေ ပါတယ်လို့လည်း ဆိုပါတယ်။ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးကတော့ အခုလိုပြောပါတယ်။

“အရင်တုန်းကတော့ ၂၀၀ နီးပါးလောက်ပဲ အများဆုံး ဖမ်းခံရတာ။ အခုကတော့ ၄၀၀ နီးပါးလောက် ၅ ရက်အတွင်း အဖမ်းခံရတော့ အတော်လေး များတာပေါ့နော်။ မဲဆောက်-မြဝတီ လမ်းကြောင်းတွေ၊ ကမ်ချနဘူရီ လမ်းကြောင်းတွေက အဖမ်းအဆီးတွေ တအားစိတ်နေတယ်။ ဘက်ပေါင်းစုံကနေ တင်းကျပ်နေတယ်။ အဲဒါကြောင့် မောထောင်ဘက်ကနေ နေရာပြောင်းပြီး ဝင်ရောက်လာတယ်လို့ ပြောလို့ရတယ်။ သူတို့အားလုံးကို ဘတ်ငွေ ၁၈,၀၀၀ ကနေ ၂၉,၀၀၀ အထိ ပေးရတယ်။ ဘန်ကောက်က အလုပ်အကိုင်ရတဲ့အထိ ပေးရတာဆိုရင် ၂၉,၀၀၀ ထိ ပေးရတယ်။”

သူတို့ဟာ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မော်လမြိုင်၊ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်တွေက လာကြတာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ထိုင်းနိုင်ငံက ဗီဇပြောင်း ကိုဗစ်ရောဂါအသစ် Omicron ကူးစက်လာမှာကို စိုးရိမ်တာကြောင့် နယ်စပ်တွေက ဝင်လာသူတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး အထူးသဖြင့် ဖမ်းမိသူတွေကို ကိုဗစ်စစ်ဆေးမှုတွေ လုပ်နေတာပါ။ အခုဖမ်းခံရသူတွေထဲမှာတော့ ကိုဗစ်ကူးစက်ခံထားရသူတွေ မရှိကြောင်းကိုလည်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာနဘက်က ထုတ်ပြန်ခဲ့တယ်လို့လည်း ဦးမိုးကြိုးက ပြောပါတယ်။

“လောလောဆယ် ကိုဗစ်ကျန်းမာရေးစစ်ဆေးတာ အယောက် ၄၀၀ လောက်နီးပါးမှာ တယောက်မှ ကိုဗစ်မတွေ့တာတော့ ကံကောင်းတာပေါ့။”

အခုဖမ်းမိသူတွေကိုတော့ သက်ဆိုင်ရာ ရဲစခန်းအချုပ်တွေမှာ ထားထားပါတယ်။ များသောအားဖြင့် တရားမဝင် နယ်စပ်ခိုးဝင်မှုနဲ့ အရေးယူပြီးတာနဲ့ လပိုင်းနဲ့ နေရပ်ရင်းကို ပြန်ပို့တာတွေ လုပ်လာတယ်လို့လည်း ဆိုပါတယ်။

“ထိုင်းလုံခြုံရေးအချုပ်တွေ၊ ရဲအချုပ်တွေ၊ လဝကအချုပ်တွေမှာ ထားတာပေါ့။ လူအင်အားက များတဲ့အခါကျတော့ ထိုင်းနိုင်ငံက သူတို့ကို ကြာကြာမထိန်းသိမ်းထားဘူး။”

တာ့ခ်ပြည်နယ် မဲဆောက်ခရိုင်ကနေ နိုင်ငံတကာထိ ပို့ဆောင်လူကုန်ကူးမှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိသူ ၃ ဦးကိုလည်း ရဲတပ်ဖွဲ့က တနင်္လာနေ့က ဖမ်းဆီးခဲ့ပါတယ်။ တာ့ခ်ပြည်နယ်ထဲမှာပဲ ဘန်ကောက်တက်ဖို့ တောလမ်းကနေ လမ်းလျှောက်လာတဲ့ မြန်မာ ၄၀ လောက်ကိုလည်း တနင်္လာနေ့က ဖမ်းဆီးခဲ့ပါတယ်။

ထိုင်းအစိုးရက တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေကို ၂၀၂၁ ခုနှစ် နှစ်စကစပြီး ၁၁ လအတွင်း လူဦးရေ ၄၅,၀၀၀ လောက် ဖမ်းဆီးခဲ့ပြီး ဒီထဲမှာ မြန်မာနိုင်ငံသားက အများဆုံး ပါဝင်ပါတယ်။

XS
SM
MD
LG