သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုဝင်ဘာလတွင်း ထိုင်းနိုင်ငံထဲ အထောက်ထားမဲ့မြန်မာလုပ်သားအများအပြားဝင်ရောက်


မြန်မာပြည်ဘက်မှ အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော် ဝင်လာသူများ။ (ယခင်ပုံဟောင်း) Photo- Thai Police
မြန်မာပြည်ဘက်မှ အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော် ဝင်လာသူများ။ (ယခင်ပုံဟောင်း) Photo- Thai Police

{{Zawgyi/Unicode}}

ထိုင်းနိုင်ငံထဲကို နယ်စပ်အသီးသီးက အထောက်အထားမဲ့ဝင်ရောက်လာလို့ ဖမ်းမိသူတွေဟာ နိုဝင်ဘာလဆန်းကစလို့ ဒီနေ့ထိ တလနီးပါးအတွင်း ၉,၀၀၀ နီးပါးအထိရှိနေပါတယ်။ ထိုင်းအစိုးရက အထောက်အထားမဲ့သူတွေကိုပါ အစစ်အဆေးမရှိ ကိုဗစ်ကာကွယ်ဆေးထိုးပေးနေတာအပြင် တရားဝင် အလုပ်လုပ်ခွင့် ၂ နှစ်ရှိမယ့် ပန်းရောင်ကဒ် ထုတ်ပေးမယ်လို့လည်း ကြေညာထားတာကြောင့် အခုလို အလုံးအရင်းနဲ့ ဝင်ရောက် လာနေကြတာဖြစ်တဲ့အကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံထဲကို ထိုင်းမြန်မာနယ်စပ်အပါအဝင် နယ်စပ်အသီးသီးကနေ အထောက်အထားမဲ့တွေ ဝင်ရောက်လာတာဟာ နိုဝင်ဘာလဆန်းကနေ နိုဝင်ဘာလ ၂၄ ရက်နေ့ထိ လူ ၉,၀၀၀ ထက်မနည်း ဖမ်းမိခဲ့ကြောင်း ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးက အခုလိုပြောပါတယ်။

“ဒီနောက်တပတ်ထဲမှာလည်း ဖမ်းမိတာမနည်းဘူး။ မနေ့ကဆိုလည်း ကမ်ချနဘူရီမှာ ၁၀၀ ကျော်တယ်။ ချင်းမိုင်ဘက်မှာလည်းဖမ်းမိတာရှိတယ်။ မမိတဲ့ရက်မရှိဘူး။ အားလုံးပေါင်းမယ်ဆိုရင် ၈,၀၀၀ ကျော် ၉,၀၀၀ နီးပါးရှိတယ်။”

ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ဘေးကြောင့် အထောက်အထားမဲ့တွေအားလုံးကို ကိုဗစ်ကာကွယ်ဆေးထိုးပေးနေသလို အထောက်အထားမဲ့တွေအတွက် အလုပ်လုပ်ခွင့်အထောက်အထား ပန်းရောင်ကဒ်တွေ ထုတ်ပေးမယ်လို့ ထိုင်းအစိုးရက ကြေညာထားပါတယ်။ ဒီအထောက်အထားကဒ် ဟာ ထိုင်းနိုင်ငံမှာ ၂ နှစ်သက်တမ်း အလုပ်လုပ်ခွင့်ရမှာဖြစ်တာကြောင့် အလုပ်ရှင်တွေနဲ့အလုပ်သမားတွေဟာ နိုဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းတင်သွင်းကြဖို့လည်း နှိုးဆော်ထားပါတယ်။ ဒီအတွက် မြန်မာနိုင်ငံက အလုပ်ရှာဖွေနေသူတွေဟာ နိုဝင်ဘာလ ၃၀ ရက်နေ့အမီ နယ်စပ်တွေကနေ အလုံးအရင်းနဲ့ ဝင်ရောက်ဖို့ ကြိုးစားနေကြတာလည်းဖြစ်ပါတယ်။

မကြာခင်မှာ နှစ်နိုင်ငံသဘောတူစာချုပ် MOU နဲ့ တရားဝင်လာဖို့က ငွေကုန်ကြေးကျများတဲ့အပြင် ကိုဗစ်စည်းကမ်း အကန့်အသတ်တွေကြောင့် အလုပ်ရှင်တွေဘက်ကလည်း တရားဝင်ခေါ်ယူနိုင်မယ့် နည်းလမ်းကိုရွေးချယ်ဖို့ အခက်အခဲတွေရှိနေကြပါတယ်။ ဒီအတွက် ထိုင်းကိုရောက်ရှိနေပြီးသား အထောက်အထားမဲ့အလုပ်သမားတွေကိုသာ အလုပ်ရှင်တွေဘက်က လုပ်သားအဖြစ်ခေါ်ယူတာတွေ များလာတယ်လို့လည်း ဦးမင်းဦးက ပြောပါတယ်။

“ပြောရမယ်ဆိုရင် လာတဲ့သူကမလျော့ဘူး။ အဓိက ပွဲစားတွေကပေါ့။ ပွဲစားတွေက မက်လုံးပေးပြီးခေါ်လာကြတာ။ MOU စံနစ်နဲ့လာဖို့ဆိုတာ အချိန်တွေ၊ ငွေတွေ မပေးနိုင်ဘူး။ ပွဲစားတွေက အလုပ်ရုံတွေနဲ့ ချိတ်ဆက် ထားပြီးသားဖြစ်နေတာလေ။ အတွင်းပိုင်းမှာလည်း တရားမဝင်လည်း ဒီရက် ၃၀ အတွင်းကတော့ ဘယ်သူမှ သိတ်မဖမ်းဘူးလေ။ နယ်စပ်က တက်နေချိန်မှာသာ ပြဿနာဖြစ်နေတာ။ အလုပ်ရုံတွေအားလုံးက အလုပ်သမားလိုအပ်ချက်တွေက ပြည့်နေတာလေ။”

ထိုင်းအစိုးရက ပြည်နယ် ၁၀ ခုကို လုံခြုံရေးတင်းကြပ်စွာချထားတဲ့ကြားကပဲ နေ့စဉ်နဲ့အမျှ ထိုင်းနိုင်ငံထဲအထောက်အထားမဲ့တွေ ရာနဲ့ချီ ဝင်လာနေတာဖြစ်ပါတယ်။ ထိုင်းအစိုးရရဲ့တရားဝင်စာရင်းအရ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလကနေ အောက်တိုဘာလထိ ၁၀ လအတွင်း လူဦးရေ ၃၅,၀၀၀ ကျော် ဖမ်းမိခဲ့တယ်လို့ဆိုပါတယ်။ ဒီထဲမှာ အများစုက မြန်မာနိုင်ငံသားတွေဖြစ်ပါတယ်။ နိုဝင်ဘာလ လဆန်းကနေ လဝက်ထိမှာလည်း နယ်စပ်တွေကနေဝင်လာကြတဲ့ အထောက်အထားမဲ့ ၇,၀၀၀ ကျော် ကျော်ဖမ်းမိခဲ့ပြီး ဒီထဲမှာလည်း အများစုကမြန်မာနိုင်ငံသားတွေဖြစ်ပါတယ်။

အခုဆိုရင် ထိုင်းနိုင်ငံထဲမှာရှိနေတဲ အထောက်အထားမဲ့တွေကို တရားဝင် အလုပ်လုပ်ခွင့်ကဒ် လုပ်ပေးဖို့ စာရင်းပိတ်မယ့်ရက်နီးကပ်လာနေပြီး မြန်မာပြည်နယ်စပ်တွေကနေ တရားမဝင် ဝင်ရောက်သူတွေကလည်း ထိုင်းနိုင်ငံထဲကို အဆက်မပြတ် ဝင်ရောက်လာနေဆဲဖြစ်ပါတယ်။

==========

တိုက်ရိုက် လင့်ခ်


{{Unicode}}










#MyanmarMigrants #MyanmarThailand #UndocumentedLabors #VOABurmese


XS
SM
MD
LG