သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာချီလိတ်မှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကိုနှိမ်နင်းဖမ်းဆီး


CRYPTO-CURRENCY/CRIME
CRYPTO-CURRENCY/CRIME

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်ထဲ ကျားဖြန်လို့ခေါ်တဲ့ ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖမ်းဆီးမှုတွေ ဆက်တိုက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ တရုတ်မြောက်ပိုင်းမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနှိမ်နင်းမှု အရှိန်မြင့်လာကြောင့် ဒီရာဇဝတ်ဂိုဏ်းတွေဟာ ရှမ်းပြည်အရှေ့ဘက်ကို ရွှေ့ပြောင်းလာကြတာလို့ ဒေသခံတွေက ယူဆပါတယ်။ ဒီအကြောင်းသတင်းပေးပို့တာကို နန်းလောဝ်က တင်ပြပေးထားပါတယ်။

တာချီလိတ်မြို့အဝင်နားမှက 'ဝ' ပြင်ပဆက်ဆံရေးရုံးစိုက်ရာ အနီးပတ်ဝန်းကျင်မှာရှိတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ဒီရက်ပိုင်းထဲမှာ ဆက်တိုက်ဖမ်းဆီးနေပြီး ဒီလိုဖမ်းဆီးတာမှာ တရုတ်ရဲတွေကိုယ်တိုင် ဝင်ရောက်ဖမ်းဆီးနေကြောင်း ဒေသခံ အနီးပတ်ဝန်းကျင်မှာနေထိုင်တဲ့ တာချီလိတ်ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

"တရုတ်ကတောင် ဆင်းဖမ်းတယ်၊ လာဖမ်းတာ လူ (ရဲ) ၆၀လောက်ရှိတယ်၊ လာဖမ်းသွားတယ်။ တရုတ်ပြည်ကကို လာဖမ်းတာလို့ ပြောကြတယ်။ သူတို့တရုတ်တွေ အများဆုံးနေတာကတော့ အာခါစျေးအကျော်က၊ အာခါစျေးလောက်မှာ နေကြတာများတယ်။ သူတို့ 'ဝ' တွေကလည်း ကြောက်လို့ အခု အဲ တရုတ်တွေကို မောင်းထုတ်နေတယ်လို့ ပြောတာပဲ သူတို့ပြောနေတာ။"

တရုတ်ရဲတွေကိုယ်တိုင် ဝင်ရောက်ဖမ်းဆီးတယ်ဆိုတဲ့ ဒေသံတွေပြောဆိုချက်နဲ့ပတ်သက်လို့ ဗွီအိုအေကတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာ အွန်လိုင်းရာဇဝတ်လုပ်ငန်းတွေကို ဆက်တိုက်နှိမ်နင်းနေတဲ့အတွက် ဒီလုပ်ငန်းတွေဟာ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ်ကို ဆင်းလာတာဖြစ်ကြောင်း ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။ တာချီလိတ်တချို့နေရာတွေမှာဆိုရင် တရုတ်လူမျိုးတွေ အုပ်စုလိုက် အများအပြား ဌားရမ်းနေထိုင်နေကြတယ်လို့ သူကပြောပါတယ်။

"အဲသူဌေးတွေက ထွက်ပြေးသူ ထွက်ပြေးတယ်၊ ဖမ်းခံရသူ ဖမ်းခံရတယ်၊ ကျန်တဲ့သူတွေက တာချီလိတ်ထဲ အကုန်ဝင်လာတာ။ ဒီထဲမှာ အကုန်စုနေပြီဗျာ။ ကျနော်တို့ လားရှိုး အဲနားလောက်ထိ မဖြစ်ခင်လေ၊ တာချီလိတ်မှာ ပုံမှန်ဖြတ်သွားရင် အေးဆေးပဲ လမ်းကျပ်ရင် ခဏပဲ။ အခုဆိုမရတော့ဘူး နာရီဝက်၊ တနာရီ။ ညနေဆို အပြင်ထွက်လို့ မရတော့ဘူး။ လမ်းပေါ်မှာ လူအပြည့်၊ တိုက်ခန်းငှားရင်လည်း တရုတ်အယောက် ၁,၀၀၀ ဆန့်တဲ့အခန်းတို့ တိုက်တွေ၊ ဝင်းတွေ အဲလိုငှားနေတာ။ ဒီမှာ ဖမ်းလိုက်ရင်တော့ သူတို့ တော်တော်ငြိမ်သွားမှာ။ တချို့က ထိုင်းပြေး ဟိုပြေး သည်ပြေးနဲ့ ။ ဒီက ဘားတွေတောင် အခုတလော အရှုံးပေါ်တယ်။ ဖမ်းရင်တော့ တရုတ်တွေက ချက်ချင်းပျောက်မှာ မဟုတ်ဘူး၊ အများကြီးပဲ။ တရုတ်ကိုယ်တိုင် ဝင်ဖမ်းမှပျောက်မှာ ဒီမှာက။"

တရုတ်ရဲတွေ ဝင်ရောက်ဖမ်းဆီးတဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး တာချီလိတ်က စစ်ကောင်စီ တာဝန်ရှိသူတွေဘက်ကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။ ဒီရာဇဝတ်လုပ်ငန်းကျူးလွန်သူတွေကိုဖမ်းဆီးပြီး မြန်မာစစ်ကောင်စီဘက်က တရုတ်နိုင်ငံဘက်ကို လွဲပြောင်းပေးနေပါတယ်။ တရုတ်အစိုးရဟာ ကျားဖြန်လုပ်ငန်းနဲ့ ဆက်စပ်သူတွေကို မြန်မာစစ်ကောင်စီဆီက လွှဲပြောင်း လက်ခံနေသလို တဖက်မှာလည်း ဒီလုပ်ငန်းတွေက ရရှိထားတဲ့ ငွေကြေးကိုလည်း စစ်ကောင်စီဘက်ကို တောင်းခံနေကြောင်း ပြည်တွင်းသတင်းတချို့က ရေးသားပါတယ်။ ဒါနဲ့ပတ်သက်ပြီး တရုတ်အစိုးရ သတင်းတွေမှာတော့ အတိအလင်း ရေးသားထားတာတော့ မတွေ့ရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG