သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ တိုက်ပွဲပြင်းထန်


မူဆယ် ၁၀၅ မိုင် အနီး တိုက်ပွဲတွေကြောင့် အပျက်အစီးများပြား
မူဆယ် ၁၀၅ မိုင် အနီး တိုက်ပွဲတွေကြောင့် အပျက်အစီးများပြား

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ အဓိကနေရာဖြစ်တဲ့ မူဆယ်မြို့နယ် ၁၀၅မိုင် ကုန်သွယ်ရေးဇုန်မှာ စစ်ကောင်စီတပ်နဲ့ ညီနောင် မဟာမိတ်တပ်တွေအကြား တိုက်ပွဲပြင်းထန်နေပြီး ၂ရက်တာ တိုက်ပွဲအတွင်းမှာ ကလေးငယ်တွေ အပါအဝင် အရပ်သား ၆ဦးထက်မနည်း သေဆုံးခဲ့သလို ၂၀ကျော်လောက် ထိခိုက်ဒဏ်ရာရကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ ၁၀၂၇ စစ်ဆင်ရေး တလတာ ကာလအတွင်းမှာ အရပ်သား သေဆုံးသူ ၇၀ကျော်နဲ့ ထိခိုက်သူ ၁၂၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့ ဒီသတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ အဓိက ဝင်ပေါက် မူဆယ်မြို့နဲ့ ၇မိုင်အကွာမှာရှိတဲ့ ၁၀၅မိုင်ကုန်သွယ်ရေးဇုန်မှာ ဒီလ ၂၇ရက်နေ့ ညနေပိုင်းကတည်းက တိုက်ပွဲတွေ စတင်ခဲ့တာပါ။

ဒီတိုက်ပွဲအတွင်း လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းက တိုက်ခိုက်တာနဲ့ ဒရုန်းနဲ့ ဗုံးကြဲတာတွေကြောင့် အရပ်သားပြည်သူ အနည်းဆုံး ၅ဦးခန့်သေဆုံးပြီး ၂၀ကျော်လောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မူဆယ် ဒေသခံတဦးက VOA ကို ပြောပါတယ်။

“မနေ့က ဂျက်လေယာဉ်နဲ့ လာချတာပေါ့နော်။ မနေ့က နမ့်တူ နွားခြံထဲက ကလေးတွေ ထိတယ်။ ၅ယောက်ပေါ့ ထိတာက။ သေတာ ၃ယောက်။ ဒီမနက်ကျတော့ ၆ခွဲလောက်ထင်တယ်။ အဲဒါလည်း ဗုံးထိတာပေါ့နော်။ အမြှောက်ဗုံးထင်တယ်။ အဲဒါ ထိတယ်။ ထိတာတော့ ၃ယောက်။ ကလေးတယောက်က ခြေထောက်တွေ ပြတ်သွားတယ်။ အခုလေးတင် သုံးနာရီခွဲလောက်က ဖြစ်သွားတာ။ ဖြစ်သွားတဲ့ဥစ္စာ မန့်မို့ပေါ့နော၊ ် ၁၀၅မိုင်နဲ့ ကပ်လျက်ကို။ သူတို့ မိသားစု ၄ယောက်ရှိမယ်ထင်တယ်။ အခုက ကလေးတော့ စစ်ဘေးရှောင်မှာ ရောက်လာတယ်။ ၁၃နှစ်နဲ့ ၁၂နှစ်ပေါ့။ သူ့အဖေနဲ့ အမေနဲ့ကျတော့ အိမ်မှာ သေနေတယ်လို့ ပြောတယ်။ လေယာဉ်နဲ့ ဗုံးလာကြဲတော့ ခုနက ၃ခွဲလောက်ပေါ့နော်။ မနက်တယောက်သေသေးတယ်။ အောင်မင်္ဂလာဟိုတယ်ရဲ့ ရှေ့က။ အမြှောက်နဲ့ ထုတဲ့ ဥစ္စာတွေပဲပေါ့နော်။”

ဆေးရုံက ခွဲစိတ်ကုသဆောင်မှာလည်း အယောက် ၂၀ကျော်လောက် လာရောက်ကုသခံယူနေကြောင်း ပြောပါတယ်။ တအာင်းအမျိုးသမီးအဖွဲ့ TWO ကတော့ မနေ့ကနဲ့ ဒီကနေ့ထိ ၄ယောက် သေဆုံးတဲ့စာရင်းကို စုဆောင်းရပြီး ထိခိုက်ဒဏ်ရာရသူ ၁၀ဦးကျော်ရှိကြောင်း ပြောပါတယ်။

၁၀၅မိုင်ကုန်သွယ်ရေးဇုန်တိုက်ပွဲမှာ ညီနောင်မဟာမိတ်တပ် အဖွဲ့ဝင် တအာင်း TNLA နဲ့ ကိုးကန့် MNDAA တို့က ၂၆ရက်နေ့ကစတင်ပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိခဲ့ပြီး ၂၇ရက်နေ့မှာ တိုက်ပွဲ ပြင်းထန်လာတာဖြစ်ပါတယ်။

TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး တာ့အိုက်ကျော်က ဒီနေ့ ၁၀၅မိုင် တိုက်ပွဲသတင်း မရရှိသေးကြောင်းနဲ့ ၂၇ရက်နေ့ညက တိုက်ပွဲပြင်းထန်ခဲ့ကြောင်း အခုလို ပြောပါတယ်။

“အဲဒီဘက်မှာတော့ ဒီနေ့ ဘာမှ သတင်းတက်လာတာတော့ မရှိသေးဘူး။ ၂၇ရက်နေ့ညကတော့ ၁၀၅မိုင်မှာ ဖြစ်တယ်။ Drop ဗုံးတွေနဲ့ လက်နက်ကြီးတွေနဲ့ လေယာဉ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ရှိတယ်။ ဒီပစ်ခတ်တဲ့အတွက် လူနေအိမ်တွေ ထိခိုက်ပျက်ဆီးတာတွေရှိသလို အရပ်သား သေဆုံးတာလည်းရှိတယ်။ ဒဏ်ရာရတာတွေလည်း ရှိတယ်။”

ဒီလ ၂၅ရက်နေ့ကတော့ မူဆယ်မြို့နယ်က ကျင်စန်းကျော့ ကုန်သွယ်ရေး ဂိတ်ကို ကိုးကန့် MNDAA တပ်ဖွဲ့က တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။ ဒီကနေ့ နမ့်ခမ်းမြို့ စခန်းသစ်မှာ တိုက်ပွဲဖြစ်ကြောင်းနဲ့ ၂၇ရက်နေ့က ကျောက်မဲဘက်မှာ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်းလည်း ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသက လူအခွင့်အရေးအခြေအနေကို စောင့်ကြည့်လေ့လာနေတဲ့ တအာင်းအမျိုးသမီးအဖွဲ့ TWO ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့ တလအတွင်းမှာ အရပ်သားထိခိုက်သေဆုံးသူ ၇၂ဦးရှိပြီး အဲဒီထဲမှာ အသက် ၁နှစ်ကနေ ၁၆အရွယ်ကလေး ၂၆ဦး ပါဝင်ကြောင်းနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၂၅ဦးရှိပြီး စစ်ဘေးရှောင်ပြည်သူ ၆သောင်း ၄ထောင်ခန့်ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG