သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယားဒေသ စစ်ဘေးရှောင်တွေ အရေးပေါ်အကူအညီလိုအပ်


ကရင်နီဒေသ စစ်ဘေးရှောင်တွေ အကူအညီလိုအပ်နေ
ကရင်နီဒေသ စစ်ဘေးရှောင်တွေ အကူအညီလိုအပ်နေ

ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည်မှာ ၁၁၁၁ စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း စစ်ရှောင်သူ အရေအတွက် များပြားလာသလို၊ ကုန်သွယ်ရေး လမ်းကြောင်းတွေလည်း ပိတ်ဆို့ခံထားရလို့ နိုင်ငံတကာရဲ့ လူသားချင်းစာနာမှု အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ထားတာကို အခြေခံပြီး မဆုမွန်က ပြောပြမှာပါ။

ကရင်နီပြည်မှာ နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်လိုက်တဲ့ ၁၁၁၁ စစ်ဆင်ရေးအရှိန်ဟာ ဒီကနေ့အထိ လွိုင်ကော်မြို့နဲ့ အနီးတဝိုက်မှာ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လွိုင်ကော်မြို့ကနေ စစ်ရှောင်သူဦးရေဟာ ခန့်မှန်းခြေ ၅ သောင်းကျော်အထိ ရှိနေပြီလို့ ကူညီနေသူတဦးက ပြောပါတယ်။

"၅ သောင်းကျော်ရှိတဲ့ အထဲမှာ ၃ သောင်းခွဲလောက်က မြို့ကိုစွန့်ခွာပြီးတော့ နီးစပ်ရာ ဒေသတွေမှာ သွားရောက်ခိုလှုံ ကြတာပေါ့နော်။ တချို့က ရှမ်းပြည်တောင်ပိုင်း ပင်လောင်း၊ ဆီဆိုင်၊ တောင်ကြီး၊ ညောင်ရွှေ အစရှိတဲ့ ဒေသတွေမှာ ရွှေ့ပြောင်းကြတယ်။ တချို့ကကျတော့ ဒီးမော့ဆို၊ ဖရူဆိုဘက်မှာ ပြန်လာပြီးတော့မှ ခိုလှုံကြတာမျိုးတွေ ရှိတာပေါ့နော်။ အဓိက ဘာလိုလဲဆိုရင် ဆန်၊ ဆီ၊ ဆား ရိက္ခာ အရေးပေါ်လိုတယ်။ ပြီးတော့ ဆောင်းရာသီဖြစ်တဲ့ အခါကျတော့ အနွေးထည်လိုအပ်မှုတွေ တွေ့နေရတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ထွက်လာကတည်းက အဝတ်တထည် ကိုယ်တခုနဲ့ ထွက်လာတဲ့လူတွေက များတယ်။ များတဲ့အခါကျတော့ အရေးပေါ် ထောက်ပံ့မှုတွေ၊ လိုအပ်မှုတွေ ရှိနေတုန်း ပဲပေါ့နော်။"

မြေပြင်မှာ အမှန်တကယ် စစ်ရှောင်နေရသူ ဦးရေက အခု လက်လှမ်းမီသလောက် စာရင်းပြုစုထားတဲ့ အရေအတွက်ထက် ပိုများနိုင်တယ်လို့လည်း ပြောပါတယ်။ ၂၀၂၁ သန်းခေါင်စာရင်းအရဆိုရင် ကယားပြည်နယ်မှာ ခန့်မှန်းခြေ လူဦးရေ ၃၀၀,၀၀၀ နီးပါးရှိပြီး လွိုင်ကော်မြို့ မှာတော့ လူဦးရေက ၆၀,၀၀၀ ကျော်ရှိပါတယ်။

ကရင်နီ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (KHAI) က လက်လှမ်းမီးသလောက် ပြုစုထားတဲ့ စာရင်းထဲမှာ ၁၁၁၁ စစ်ဆင်ရေး စတင်လိုက်တဲ့ နိုဝင်ဘာ ၁၁ ရက်ကနေ ၂၇ ရက်နေ့အထိ အရပ်သားပြည်သူ သေဆုံးဦးရေက အနည်းဆုံး ၇၆ ဦး ရှိခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ် ၁၂ ဦးလည်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။ မြို့သိမ်းတိုက်ပွဲတွေ စတင်လိုက်ကတည်းက လွိုင်ကော်မြို့ပေါ်မှာ နေထိုင်သူ မရှိသလောက် ဖြစ်သွားပြီလို့ KHAI ရဲ့ တာဝန်ခံတဦးက ပြောပါတယ်။

"ဒီ လွိုင်ကော်ကလည်း နောက်ဆုံးကျန်တဲ့ မြို့လို့ ပြောရမှာပေါ့။ အဓိက စကစရဲ့ ယန္တရားကို လည်ပတ်တဲ့မြို့(လို့)လည်း ပြောလို့ရမယ်။ အဲဒီမှာ ကျနော်တို့ မြို့သိမ်းတိုက်ပွဲကို စလုပ်တာပေါ့။ အခုဆိုရင် ဒီ လွိုင်ကော်မြို့ပေါ်မှာ နေလို့တော့ မရတော့ဘူး။ တချို့ရပ်ကွက် ကြိုကြားတွေမှာပဲ နေကြတာမျိုးတွေ ရှိတော့တာပေါ့။"

အရပ်သား ထိခိုက်သေဆုံးတဲ့ အကြောင်းရင်းတွေက လက်နက်ကြီးထိမှန်တာ၊ လေကြောင်းတိုက်ခိုက်ခံရတာနဲ့ ပစ်သတ်ခံရတဲ့ ဖြစ်စဉ်တွေကြောင့်လို့ ပြောပါတယ်။ အဝတ်တထည် ကိုယ်တခုနဲ့ ကိုယ်လွတ်ရုန်း ထွက်ပြေးလာကြရတဲ့ စစ်ရှောင်တွေအတွက် အခြေခံ အကူအညီတွေ လိုအပ်နေပြီး၊ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ထားတဲ့အတွက် ကူညီပေးနေသူတွေလည်း အခက်တွေ့နေတဲ့ အခြေအနေကို အခုလိုပြောပါတယ်။

"ဒီးမော့ဆို၊ ဖရူဆိုဘက်မှာ ကုန်သွယ်ရေး လမ်းကြောင်းက ပိတ်သွားတဲ့ အခါကျတော့ ရိက္ခာပြတ်လပ်မှုတွေ ကျနော်တို့ ကြုံတွေ့နေရတာပေါ့။ ဥပမာ ဆန်၊ ဆီ၊ ဆား ဝယ်လို့မရဘူး။ ဓာတ်ဆီ ၁ လီတာဆိုရင် ၁၈,၀၀၀ ၊ ၁၇,၀၀၀ အထိတောင် စျေးတက်နေပြီ။ ဒါတောင်မှ ရောင်းတဲ့သူက မရှိဘူးဖြစ်နေတယ်။ ဒါကတော့ ဒီးမော့ဆိုရဲ့ အခုလက်ရှိ အခြေအနေပါ။ လွိုင်ကော်မှာလည်း ဒီအတိုင်းပါပဲခင်ဗျ။ လွိုင်ကော်မှာလည်း တိုက်ပွဲတွေ ဖြစ်နေတာပေါ့။ အခု ကျနော်တို့ အနေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ လူသားချင်း စာနာထောက်ထားမှုတွေ ပိုမို လိုအပ်လာတယ်။ အရေးပေါ် တုံ့ပြန်မှုကို လျင်မြန်စွာနဲ့ ထိရောက်စွာ လုပ်ဆောင်ပေးဖို့အတွက် ပြောချင်ပါတယ်။"

ကရင်နီပြည်က စစ်ရှောင်တွေအတွက် လူသားချင်းစာနာ ထောက်ထားမှု အရေးပေါ် အကူအညီတွေ ပြည်တွင်း၊ ပြည်ပက ပေးနိုင်ဖို့ကိုလည်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC က ထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာ ၁၁ ရက်နေ့ ၊ ၁၁၁၁ စစ်ဆင်ရေး စတင်လိုက်တဲ့ တချိန်တည်းမှာပဲ ကရင်နီတပ်ပေါင်းစုတွေက လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ မိုးဗြဲမှာရှိတဲ့ စစ်ကောင်စီတပ် စခန်းတွေကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ရာကနေ နှစ်ဘက်တိုက်ပွဲတွေ ပိုမို ပြင်းထန်လာတာ ဖြစ်ပါတယ်။

XS
SM
MD
LG