သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီပိတ်ဆို့မှုကြောင့် ရခိုင်ဒေသခံတွေ စားနပ်ရိက္ခာ အခက်ကြုံ


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း မြန်မာစစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြားတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများ (နိုဝင်ဘာ ၁၉၊ ၂၀၂၃)
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း မြန်မာစစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြားတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများ (နိုဝင်ဘာ ၁၉၊ ၂၀၂၃)

စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ ကုန်လမ်း၊ ရေလမ်းနဲ့ ကုန်စည်စီးဆင်းမှုတွေကို စစ်ကောင်စီက ပိတ်ထားတာကြောင့် စားနပ်ရိက္ခာ အခက်ကြုံရပါတယ်။ အထူးသဖြင့် ကျေးလက်ဒေသတွေထက် မြို့ပေါ်ရပ်ကွက်တွေမှာရှိတဲ့ ပြည်သူတွေ ကုန်စည်ပြတ်လပ်တာတွေနဲ့ ရင်ဆိုင်နေကြရတာပါ။ စစ်ကောင်စီအနေနဲ့ ခရီးသွားလာရေးနဲ့ ကုန်စည်စီးဆင်းမှုတွေကို ဆက်ပြီး တော့ ပိတ်ထားမယ်ဆိုရင် ဒေသခံပြည်သူတွေ အငတ်ဘေးကြုံလာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုစံကျော်က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့တဲ့ နိုင်ဝင်ဘာလ ၁၃ရက်နေ့ကတည်းက ကုန်စည်စီးဆင်းမှုနဲ့ ဒေသခံပြည်သူတွေရဲ့ ခရီးသွားလာခွင့်တွေကို စစ်ကောင်စီက ပိတ်လိုက်တာ ဒီနေ့ဆိုရင် သီတင်းနှစ်ပတ်ကျော် ရှိလာပြီ ဖြစ်ပါတယ်။

ပြည်မကလာတဲ့ ကုန်ပစ္စည်းတွေကို အဓိကထား စားသုံးနေရတဲ့ ရခိုင်ဒေသမှာ အခုလို ကုန်စည်စီးဆင်းမှုတွေကို နှစ်ပတ်ကျော်ကြာ ပိတ်ထားတာကြောင့် ဒေသခံပြည်သူတွေအကြား စားနပ်ရိက္ခာ အခက်ကြုံလာကြရတာပါ။ ရခိုင်မြောက်ပိုင်းက မောင်တောမြို့နယ်မှာဆိုရင် ဆန်ကြမ်းတအိတ်ကို ကျပ် ၂သိန်းအထိ စျေးနှုန်းမြင့်တက်နေသလို ဆန်ရိက္ခာ ရှားပါးလာနေတယ်လို့လည်း မောင်တောဒေသခံ တဦးက ပြောပါတယ်။

“စားဆီတလီတာကို ၉,၅ဝဝ ရှိပါတယ်။ ဆန်ဆိုရင်လည်း ဆန်ကြမ်းတအိတ်ကို ၂သိန်းရှိပါတယ်။ ပေါ်ဆန်းမွေးတို့ ဘာတို့ဆိုရင် ၂သိန်း ကျော်ပါတယ်။ အဲလိုမျိုးဖြစ်နေပါတယ်။ ဘယ်နေရာမှာမှ သွားလာဖြတ်သန်းခွင့်မရတော့ စားနပ်ရိက္ခာတွေလည်း မရောက်တော့ အခက်အခဲကြုံ ရပါတယ်။ အခုက ပိုက်ဆံရှိရင်တောင် ရှာလို့မရတော့ပါဘူး။”

အခုလို စစ်ကောင်စီရဲ့ ပိတ်ပင်မှုတွေကြောင့် ဒေသခံတွေ အလုပ်လက်မဲ့ဖြစ်ရသလို ဆန်အပါအဝင် တခြား အေခြခံ စားသောက် ကုန်စည်တွေ ရှားပါးလာတာကြောင့် တနေ့လုပ်မှ တနေ့စားရတဲ့ ဒေသခံပြည်သူတွေ ငတ်ပြတ်တာတွေ ရှိလာတယ်လို့လည်း မောင်တောဒေသခံက ဆက်ပြောပါတယ်။

“အပွင့်လင့်ဆုံးပြောရရင် တနေ့စာတနေ့ ဝယ်စားနေတဲ့ သူတွေကတော့ အခုဆိုရင် ငတ်နေကြပါပြီ၊ ငတ်နေကြပြီ။ အလုပ်လည်း မရှိဘူး၊ ဝယ်လို့လည်းမရဘူး။ အဲလိုမျိုး ငတ်နေကြပါပြီ။ ပိုက်ဆံရှိတဲ့ သူတွေကသာ စားနိုင်တာပါ။ အခုအချိန်မှာ အဲလိုဖြစ်နေတယ်။”

ဒါ့အပြင် ကျေးလက်ဒေသ ထွက်ကုန်နဲ့ ပြည်မကလာတဲ့ အခြေခံစားသောက်ကုန်တွေကို အားထား စားသုံးနေရတဲ့ ရခိုင်တောင်ပိုင်းက ကျောက်ဖြူမြို့နယ်မှာ ဆိုရင်လည်း စစ်ကောင်စီရဲ့ ပိတ်ပင်မှုတွေကြောင့် ဆန်ရိက္ခာတွေ ပြတ်လပ်နေသလို အဆမတန် မြင့်တက်နေတဲ့ ကုန်စျေးနှုန်းတွေကြား နေ့စားအလုပ်သမားတွေ စားဝတ်နေရေး အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေ ကြရတာပါ။ ကျောက်ဖြူမြို့ စေတိယျ ရပ်ကွက်မှာနေထိုင်တဲ့ အိမ်ရှင်မတဦးကတော့ တိုက်ပွဲ စဖြစ်ကတည်းက အလုပ်မရှိတော့သလို နေ့ထမင်းတနပ်သာ စားနေရတယ်လို့ ပြောပါတယ်။

“စားဝတ်နေရေးအခက်တွေ့နေတယ်၊ စားဖို့သောက်ဖို့ အစစအရာရာ အားလုံး ဆန်ကအစ ဒီလိုပဲ မနက်တထပ်ပဲ စားပြီးတော့ ညနေဆိုရင် မုန့်တီထုပ်တွေ ဝယ်စားပြီးတော့ နေရတယ်၊ ချက်စားဖို့ ဆန်လည်းမရှိ ဝယ်ဖို့ ပိုက်ဆံလည်းမရှိဝယ်လို့လည်းမရ။”

ဒါ့အပြင် လက်ရှိစစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား နေ့တိုင်းလိုလို တိုက်ပွဲ ပြင်းထန်နေတဲ့ ရခိုင်မြောက်ပိုင်း ပေါက်တောနဲ့ ပုဏ္ဏားကျွန်း အပါအဝင် မြို့နယ်တော် တော်များများမှာလည်း စားနပ်ရိက္ခာ အခက်အခဲတွေ ရှိလာနေပါတယ်။

စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်သူတရပ်လုံးကို အခုလိုဆက်ပြီး စားနပ်ရိက္ခာ ဖြတ်တောက် ပိတ်ပင်ထားမယ်ဆိုရင် အခြေအနေ ပိုဆိုးရွားလာနိုင်တယ်လို့လည်း ပေါက်တော ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

“ဒီထက်ပိုပြီးတော့ ကြာလာမယ်ဆိုရင်တော့ အကုန်လုံးက ရိက္ခာပြတ်ပြီးတော့မှ အငတ် ဘေးရောက်နိုင်တဲ့ အခြေအနေရှိတယ်၊ တဖက် လူတွေ သွားဖို့လာဖို့ဆိုရင်လည်း ဆီတွေ ရှာမရတာရှိတယ်၊ အခုလို ဆက်ပိတ်ထားမယ်ဆိုရင်တော့ ရခိုင်မြောက်ပိုင်းက မြို့နယ် ကလူတွေ အကုန်လုံးစားနပ်ရိက္ခာပြတ်ပြီးတော့ ဒုက္ခရောက်နိုင်တယ်ပေါ့။”

ပြီးခဲ့တဲ့ မေလ အစောပိုင်းက မိုခါမုန်တိုင်းကြောင့် ကြီးမားတဲ့ ပျက်ဆီးဆုံးရှုံးမှုတွေ ရှိခဲ့တဲ့ ရခိုင်ပြည်နယ်မှာ ဒေသခံတွေ လုံခြုံတဲ့ အမိုးအကာအောက်ကို ရောက်ဖို့နဲ့ စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ကြားထဲ အခုလို စစ်ကောင်စီရဲ့ စားနပ်ရိက္ခာ ဖြတ်တောက်မှုတွေကြောင့် ဒေသခံတွေကြား တပူပေါ် နှစ်ပူဆင့်ပြီး အခက် ပိုကြုံနေကြရပါတယ်။ ရခိုင်ပြည်နယ်အတွင်း အခုလို ပိတ်ဆို့ပြီးတော့ စားနပ်ရိက္ခာဖြတ်တောက်ထားတာနဲ့ ပတ်သတ်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တမျိုး မတွေ့ရသေးပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG