သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟားခါးမြို့သိမ်းတိုက်ပွဲ နှစ်ဘက် ထိခိုက်၊ သေဆုံးမှုတွေရှိ


CDF ဟားခါးတပ်ဖွဲ့ဝင်များ
CDF ဟားခါးတပ်ဖွဲ့ဝင်များ

မြို့သိမ်းတိုက်ပွဲ ပထမအဆင့်အနေနဲ့ ဟားခါးမြို့မှာ စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို ဟားခါး CDF က ၂ ရက်ဆက်တိုက် ဝင်ရောက် ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီကနေ့မနက်ပိုင်းမှာတော့ လက်နက်ကြီး ပစ်ခတ်တာတွေရှိပေမဲ့ မြို့တွင်းမှာ တိုက်ပွဲဖြစ်တာမရှိဘဲ ပုံမှန်အတိုင်း လည်ပတ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုခင်မောင်စိုးမင်းက ပြောပြပါမယ်။

ချင်းပြည်နယ်ရဲ့ မြို့တော် ဟားခါးမြို့မှာ စစ်ကောင်စီ တပ်စွဲထားတဲ့နေရာတွေကို နိုဝင်ဘာ ၂၆ ရက်နဲ့ နိုဝင်ဘာ ၂၇ ရက်တို့မှာ ဟားခါး CDFက ၂ ရက်ဆက်တိုက် ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ သတင်းထုတ်ပြန် ထားတာပါ။

နိုဝင်ဘာ ၂၆ ရက်မှာ မြို့သိမ်းတိုက်ပွဲ ပထမအဆင့်အနေနဲ့ ပစ်ခတ်ခဲ့ပြီးနောက် နိုဝင်ဘာ ၂၇ ရက်မှာတော့ တနိုင်ငံလုံး ခုခံတော်လှန်စစ် အရှိန်မြှင့်တဲ့အနေနဲ့ ဝင်ရောက်ပစ်ခတ်တာလို့လည်း ဆိုပါတယ်။ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ဟားခါး CDF ပြောရေးဆိုခွင့်ရှိသူ တဦးက အခုလို ပြောပါတယ်။

“၂၆ ရက်နေ့ညရယ်၊ ပြီးတော့ ၂၇ ရက်နေ့ မနက်ပိုင်းမှာရယ် တိုက်ပွဲဖြစ်ပါတယ်ခင်ဗျ။ ၆ လမ်းဆုံ ကျောပုတ်ဂိတ်ရယ် (ဟားခါးအခြေစိုက် ခလရ) ၂၆၆ ရယ် အဲ့ဒီ့နေရာတွေကို ကျွန်တော်တို့ သွားပြီး တိုက်ခိုက်တာပေါ့။ ဒီနေ့ကတော့ ကျွန်တော်တို့ ခဏနားထားတာ၊ နားထားပါတယ်။ အခြေအနေတွေကို ကြည့်ပြီးတော့ ဒီတိုင်းပဲ နေရာချထားတာပါ။ လိုအပ်ရင် လိုအပ်သလို ပြန်ပြီး လှုပ်ရှားမှာပါ။ သူတို့ဘက်က ကျတဲ့သတင်းတွေ ပြန်ရထားတယ်။ ကျွန်တော်တို့ဘက်မှာလည်း ထိခိုက် ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်။ ဒါပေမယ့် စိုးရိမ်ရတဲ့ အခြေအနေမှာတော့ မရှိဘူးခင်ဗျ။”

ထုတ်ပြန်ချက်ထဲမှာတော့ စစ်တပ်ဘက်က ၇ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဟားခါး CDF က ဖော်ပြထားပြီး သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်လို့ ဗွီအိုအေက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်တာ မရှိပါဘူး။

တိုက်ပွဲတွေဖြစ်ပြီးနောက်ရက် နိုဝင်ဘာ ၂၈ ရက် ဒီနေ့ မနက်ပိုင်းမှာ ဟားခါးမြို့ကနေ ထန်တလန်မြို့ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကလွဲပြီး ပုံမှန် သွားလာနေကြတယ်လို့ မြို့ခံတဦးက အခုလို ပြောပါတယ်။

“ဒီနေ့တော့ ကျွန်တော်တော့ အသံတော့ မကြားရဘူး၊ အခြေအနေတော့ ကောင်းသလိုလိုပါပဲ။ လက်နက်ကြီးတော့ ပစ်တယ်။ မနက်ပိုင်းမှာ ဟားခါးကနေ ထန်တလန်ကို ပစ်တယ်ထင်တယ်။ ကားတွေ ရပ်ခိုင်းတာတို့၊ စစ်တာဆေးတာတို့ ဘာမှတော့မရှိဘူး။ ဒီနေ့တော့ ရဲတွေတော့ လမ်းမှာတော့ ရှိတယ်။ လမ်းဆုံတို့ ဘာတို့မှာတော့ ရှိတယ်။ လူတွေကို စစ်တာဆေးတာတော့ မရှိပါဘူး။ ကျွန်တော် မြင်သလောက်ပေါ့နော်။”

မြို့ခံတွေကတော့ တိုက်ပွဲတွေဖြစ်လာမှာကို စိုးရိမ်တာတွေရှိပေမဲ့ ဒေသခံပြည်သူတွေ အထိအခိုက်မရှိဘဲ တိုက်ပွဲတွေဆင်နွှဲဖို့ ပြင်ဆင်ထားတယ်လို့လည်း ဟားခါး CDF က ပြောပါတယ်။ အရင်ကလည်း မြို့တွင်း စစ်တပ် တပ်စွဲထားတဲ့နေရာကို ဟားခါး CDF က ဝင်ရောက် ပစ်ခတ်တာတွေရှိခဲ့ပြီး စစ်တပ်ဘက်က ထိခိုက် သေဆုံးတာတွေလည်း ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG