သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ စစ်ရေးအလားအလာအပေါ် သုံးသပ်ချက်


ရှမ်းမြောက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီစခန်းတချို့ MNDAA ကဆက်လက်သိမ်းယူ (နိုဝင်ဘာ ၂၅၊ ၂၀၂၃)
ရှမ်းမြောက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီစခန်းတချို့ MNDAA ကဆက်လက်သိမ်းယူ (နိုဝင်ဘာ ၂၅၊ ၂၀၂၃)

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ရဲ့ စစ်ကောင်စီအပေါ် ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတွေ ဒီကနေ့ တလပြည့်ချိန်မှာပဲ တနိုင်ငံလုံး အတိုင်းအတာနဲ့ အရှိန်မြှင့်ဖို့ ပြင်ဆင်နေကြောင်း ပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း တနိုင်ငံလုံး အတိုင်းအတာအထိ ကျယ်ကျယ်ပြန့်ပြန့် စစ်ဆင်ဖို့ဆိုရင် တခြားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ လက်တွဲဖို့ လိုအပ်နိုင်သလို၊ တိုက်ခိုက်မှုတွေရပ်ဖို့ တိုက်တွန်းနေတဲ့ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍကိုလည်း တွက်ချက်ထားဖို့ လိုမယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေး ရှေ့အလားအလာအပေါ် အကဲခတ်တွေရဲ့ သုံးသပ်ချက်အမြင်တွေကို စုစည်းပြီး ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုခင်မောင်စိုးမင်း ပြောပြပေးမှာပါ။

ကိုးကန့် MNDAA ၊ တအာင်းTNLA နဲ့ ရက္ခိုင် AA တို့ ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့ ရဲ့ ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည်နယ်မြောက်ပိုင်းဒေသက စတင်ခဲ့ရာက တလတာ ကာလမှာ မြို့ ၆မြို့ကို သိမ်းယူပြီး စစ်ကောင်စီ တပ်စခန်း အကြီးအသေးပေါင်း၁၇၀ကျော် သိမ်းယူနိုင်ခဲ့ကြောင်း ကြေညာထားပါတယ်။ တလကျော်ကြာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ရာက Nationwide Operation နိုင်ငံလုံး ဆိုင်ရာ စစ်ဆင်ရေးအဖြစ် နိုဝင်ဘာ ၂၇ရက်နေ့မှာ တဆင့်တက်လှမ်းတော့မှာဖြစ်ကြောင်း ကြေညာထားတာပါ။

ညီနောင်မဟာမိတ်အဖွဲ့တွေအနေနဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ဆင်ရေးအဆင့်တက်ရောက်နိုင်မယ့်အလားအလာနဲ့ ပတ်သက်ပြီး နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်က အခုလို ပြောပါတယ်။

“ ရှမ်းမြောက်မှာ ရှိနေတဲ့ ဒေသလွတ်မြောက်ရေး လုပ်ငန်းတွေဟာ တပြည်လုံးမှာရှိတဲ့ တခြားသော တိုင်းနဲ့ ပြည်နယ်က PDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ပေါင်းစပ်နိုင်ဖို့အတွက် ကြိုးပမ်းရမယ့် အဆင့်တဆင့်လိုပါသေးတယ်။ အဲဒါပြီးမှ တပြည်လုံးစစ်ဆင်ရေးဆိုတဲ့ စီမံကိန်းကြီးကို အကောင်အထည် ဖော်နိုင်မှာပါ။ အခုတော့ တပြည်လုံးကတော့ တိုက်နေတာမှန်တယ်။ ဒါပေမဲ့ တပြည်လုံး ပြန်လှန် ထိုးစစ် ဆင်ခဲ့တဲ့ စစ်မဟာဗျူဟာရယ်လို့ မရှိသေးပါဘူး။ လုပ်လည်း မလုပ်နိုင်သေးပါဘူး။ အဲဒါအတွက် ခြေလှမ်း တလှမ်း လိုပါတယ်။ အဲဒီအခြေအနေတခုရောက်ပြီးမှာ တကယ့် တပြည်လုံးဆိုင်ရာ သေနင်္ဂဗျူဟာ ထိုးစစ်ကြီးတခု ဆင်နွှဲနိုင်မှာ ဖြစ်ပါတယ်။ ”

ညီနောင်မဟာမိတ်တွေအနေနဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ လားရှိုးကို ထိန်းချုပ်နိုင်ပြီး ပြင်ဦးလွင်ကို ကျော်ဖြတ်ဖို့ကလည်း ကြီးမားတဲ့စိန်ခေါ်မှုအဖြစ် တည်ရှိနေဆဲဖြစ်တယ်လို့လည်း ပြောပါတယ်။ လက်ရှိ တရုတ်- မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားတာ၊ ရပ်ဆိုင်းတာ ၊ ပိုမို ကျယ်ပြန့်လာတာတွေဟာ တရုတ်နိုင်ငံနဲ့ ပတ်သက်ဆက်နွယ်မှုရှိသလားဆိုတဲ့ အမြင်တွေ အပေါ်မှာတော့ ဦးသန်းစိုးနိုင်က အခုလို သုံးသပ်ပါတယ်။

“ တရုတ်ကတော့ ပါဝင်ပတ်သက်မယ်လို့ မယူဆပါဘူး။ ဒါကတော့ အနောက်နိုင်ငံက မီဒီယာတွေနဲ့ ပညာရှင်တွေက သုံးသပ်နေတာတော့ ရှိပါတယ်။ ဒါပေမဲ့ တရုတ်က အဲဒီလို လုပ်လေ့လုပ်ထ မရှိပါဘူး။ ဒါပေမဲ့ သူသြဇာလွှမ်းမိုးနေတဲ့ အင်အားစုတွေပေါ့ဗျာ။ မြောက်ပိုင်းက FPNCC အဖွဲ့အစည်းတွေနဲ့ ဆက်စပ်ပြီး သူလိုချင်တဲ့ ပုံစံ ပုံဖော်ယူဖို့တော့ ကြိုးစားတာတွေ ရှိကောင်း ရှိပါလိမ့်မယ်။ ဒါပေမဲ့ တရုတ်ပြည်က ဗမာပြည်ထဲမှာ တိုက်ရိုက်ပါဝင် စွက်ဖက်မှုတို့၊ ဒီအစီအစဉ်တွေကို တရုတ်က စီစဉ်တာတို့၊ မီးစိမ်းပြတာတို့၊ မီးနီပြတာတို့ ဆိုတဲ့ကိစ္စတွေ ကျနော်ကတော့ အယုံအကြည်မရှိပါဘူး။”

စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားတဲ့ PPST ခေါ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့က ဗိုလ်မှုးကြီးခွန်ဥက္ကာကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး သူ့အမြင်ကို အခုလို ပြောပါတယ်။

“ ကျနော်တော့ မှတ်ချက်ပေးဖို့ ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ ရည်မှန်းချက် ဘယ်လောက်ထိ ထားလဲဆိုတာ မသိဘူးလေ။ တခုက နောက်ကွယ်က ပြောနိုင်တာကတော့ တရုတ်နိုင်ငံနဲ့ လက်ရှိ SAC နဲ့ ဆက်ဆံရေး ဘယ်လောက် ကောင်းမွန်လဲ၊ ဘယ်လောက် မကောင်းဘူး ဆိုတဲ့အပေါ်တော့ မူတည်ပြီးတော့ ကျယ်ပြန့်လာနိုင်တယ်။ ရှည်လျားလာနိုင်တဲ့ သဘောတော့ ရှိပါတယ်။ ဆက်ဆံရေးကောင်းတယ်ဆိုရင်တော့ ကျုံ့သွားနိုင်တာပေါ့။ အဲဒီနှစ်မျိုးတော့ ရှိတယ်လို့ ယူဆပါတယ်။”

ညီနောင်မဟာမိတ်အဖွဲ့တွေက ရှမ်းမြောက်ဒေသမှာ ၁၀၂၇ စစ်ဆင်ရေးစလိုက်တဲ့နောက်မှာတော့ စစ်ကိုင်း၊ မန္တလေး၊ ချင်းနဲ့ ကရင်နီဒေသတွေမှာပါ စစ်ရေး အရှိန်မြင့်တက်လာခဲ့တာပါ။
ဒီလိုအခြေအနေမှာ မြန်မာပြည်ရဲ့ ပြဿနာကို တွေ့ဆုံဆွေးနွေးအဖြေရှာဖို့တော့ အခက်အခဲရှိနိုင်တယ်လို့လည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်ပြောပါတယ်။

“ လောလောဆည်ဆည်တော့ မရှိသေးဘူးထင်တယ်။ ဘာကြောင့်လဲဆိုတော့ နည်းနည်းလေး အသာရတဲ့သူကလည်း သူတို့ သာတယ်ထင်တယ်။ တဘက်ကလည်း ဆုံးရှုံးတဲ့သူကလည်း သူတို့ မကျေနပ်သေးဘူး။ မကျေပွဲနွှဲအုံးမယ် စသည်ဖြင့်ပေါ့။ မခံချင်စိတ်နဲ့ သူ့ဘက် ကိုယ့်ဘက်က မောင်းတင်ထားရင်တော့ စကားပြောဖို့တော့ နည်းနည်းလေး ခက်အုံးမယ်လို့ ထင်တယ်။”

ဒီရက်ပိုင်းမှာတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ အာဆီယံသဘာပတိအဖြစ် ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ရုံးက မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရေးအတွက် နွေဦးတော်လှန်ရေးမှာပါဝင်တဲ့အစုအဖွဲ့၊ စစ်ကောင်စီအစုအဖွဲ့နဲ့ PPST အစုအဖွဲ့တွေကို ဂျကာတာမြို့တော်မှာ သီးခြားစီဆွေးနွေးခဲ့ကြောင်း၊ ဒီဆွေးနွေးချက်တွေအရ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပဖို့ ဖြစ်နိုင်ခြေအလားအလာရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီအပေါ်မှာတော့ ဗိုလ်မှုးကြီးခွန်ဥက္ကာက ဒီအလားအလာဟာ နောက်နှစ်ဆန်းလောက်မှ အစပျိုးကောင်း ပျိုးနိုင်မယ်လို့ သုံးသပ်ပါတယ်။

ဦးသန်းစိုးနိုင်ကတော့ လက်ရှိ ရှမ်းမြောက်ဒေသ တိုက်ပွဲဖြစ်စဉ်မှာ လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းကဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း၊ ဒါကြောင့် စစ်ပွဲကျယ်ပြန့်လာမယ်အခြေအနေမှာ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ပညာပေးတာနဲ့ လေကြောင်းကာကွယ်ရေးအတွက် ပြင်ဆင်တာမျိုးတွေ လုပ်ဆောင်ထားသင့်ကြောင်း အကြံပြုထားပါတယ်။

ညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ ဒီညနေ ၄နာရီ သတင်းထုတ်ပြန်ချက်မှာတော့ မူဆယ် ၁၀၅မိုင်မှာ တိုက်ပွဲပြင်းထန်နေသလို မူဆယ်မြို့နယ် နမ့်ပေါတံတား တပ်စခန်း၊ လားရှိုးမြို့နယ် မိုင်းလီ တပ်စခန်းတို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ကျောက်မဲမြို့နယ် ကောင်းမှုလိန်ကျေးရွာအနီးမှာလည်း တိုက်ပွဲဖြစ်ပွားနေကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ရခိုင်ပြည်နယ်မှာတော့ ပေါက်တောနဲ့ ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG