သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မှာ စစ်ရှောင် ၁ သိန်းကျော်အထိတိုး


ယခင်မှတ်တမ်းရုပ်ပုံ | ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း မြန်မာစစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြားတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများ (နိုဝင်ဘာ ၁၉၊ ၂၀၂၃)
ယခင်မှတ်တမ်းရုပ်ပုံ | ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း မြန်မာစစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြားတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများ (နိုဝင်ဘာ ၁၉၊ ၂၀၂၃)

စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြား ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ့်စွန်ခွာ ထွက်ပြေးနေရသူ တသိန်း သုံးသောင်းကျော် အထိရှိလာနေပြီး စားဝတ် နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ရခိုင်ပြည်အရေးပေါ် ကူညီကယ် ဆယ်ရေး ပူးပေါင်းအဖွဲ့ က ထုတ်ပြန်ထားပါတယ်။ ရခိုင်မှာ လက်ရှိအချိန်ထိ တိုက်ပွဲတွေ ပြင်းထန်နေသေးသလို စစ်ကောင်စီက ကုန်လမ်းရေလမ်းတွေနဲ့ ကုန်စည်စီး ဆင်းမှုတွေကို ပိတ်ထား တာကြောင့် ကူညီကယ်ဆယ်ရေး အဖွဲ့တွေအနေနဲ့လည်း ကူညီပေးဖို့ အခက်ကြုံ နေရတာပါ။ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို ကိုရန်နိုင်က တင်ပြပေးပါမယ်။

ရခိုင်မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြား ပြီးခဲ့တဲ့ လကစပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ် ပွားနေတာ ဒီကနေ့ အထိဖြစ်ပါတယ်။ အခုလို တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက် ပြေးနေရသူတွေ ၁သိန်း ကျော်အထိရှိလာနေတယ်လို့ ရခိုင်ပြည်အရေးပေါ် ကူညီကယ် ဆယ်ရေးပူးပေါင်းအဖွဲ့ (Arakan Responders for Emergency) က ထုတ်ပြန်ထားပါတယ်။

အခုလို ထွက်ပြေးလာရသူတွေထဲမှာ မြို့တွင်းတိုက်ပွဲ ဖြစ်ပွားနေတဲ့ ရခိုင်မြောက်ပိုင်း ပေါက်တောမြို့နယ်က အများဆုံးဖြစ်ပြီး စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြ ရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေ သူတဦးကပြောပါတယ်။

“ရခိုင်မှာကတော့ အခုတိုးလာတာက ၁၃ဝ ဝဝဝ ကျော်ဝန်းကျင်လောက်ပေါ့နော်၊ အဓိကတော့ ပေါက်တောကတော့တိုးလာတာ အများရှိအနေအထားမှာရှိတယ်လို့ ပြောလို့ရတယ်၊ စစ်ရှောင် တွေ တိုးလာတာနဲ့ ပတ်သတ်ပြီး ကူညီထောက်ပံ့ရေးလုပ်နေတဲ့ အပိုင်းတွေမှာလည်း လိုအပ် ချက်တွေ၊ သွားရလာရ ခက်ခဲတာတွေကြောင့် ခရီးတွင်သင့်သလောက်မတင်ဘူးဆိုတဲ့ အနေ အထားမှာရှိတယ်။”

လက်ရှိအချိန်ထိလည်း ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေကြောင့် ဒေသခံတွေ နေ့စဉ် ဘေးလွတ်ရာကို ထွက်ပြေးတိမ်ရှောင်နေကြရဆဲဖြစ်ပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးဒုက္ခသည်စခန်းမှာ ရောက်နေသူ တဦးကတော့ စခန်းအတွင်း စားနပ်ရိက္ခာ ပြတ်တောက်နေတာကြောင့် ကူညီထောက်ပံ့မယ့်သူတွေကို မျော်လင့်နေရ တယ်လို့ ပြောပါတယ်။

“စားရေး သောက်ရေးကတော့ အခက်အခဲ အများကြီးရှိတယ်၊ နောက်ပြီးတော့ ကျန်းမာရေးနဲ့ ပတ်သက် လာရင်လည်း ကျနော်တို့ အများကြီးစိုးရိမ်နေရတယ်။ ဘယ်အဖွဲ့အစည်းပဲ ဖြစ်ဖြစ် ကျနော်တို့ကို ပြည့်ပြည့်စုံစုံ မဟုတ်ရင်တောင် ကျနော်တို့ စားသုံးနိုင်အောင်၊ အသက်သေဆုံး တာတွေအထိ မဖြစ်ရအောင် ထောက်ပံ့ စေချင်တယ်လို့ ကျနော်တို့ ဆုတောင်းနေပါတယ်။”

လက်ရှိရခိုင်ပြည်နယ်မှာ စစ်ကောင်စီက ကုန်စည်စီးဆင်းမှုတွေနဲ့ ကုန်းလမ်း ရေလမ်းအား လုံးကို ပိတ်ထားတာ ကြောင့် ပြည်တွင်းပြည်ပ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ပေးရေးအဖွဲ့တွေအနေနဲ့ စစ်ဘေးဒုက္ခသည် တွေကိုသွားရောက်ကူညီထောက်ပံ့ဖို့ ခက်ခဲနေကြတယ်လို့ ရခိုင်ပြည်တွင်း အရပ်ဖက်အဖွဲ့အစည်း တာဝန်ရှိသူ တဦး ကပြောပါတယ်။

“ကူညီထောက်ပံ့နိုင်တဲ့ အဖွဲ့တွေကလည်း အထူးသဖြင့် UN- INGOအဖွဲ့အစည်းတွေကလည်း ဘာမှ မလုပ်နိုင်ဘူးသူတို့က သူတို့ကလည်း ခွင့်ပြုချက်နဲ့ လုပ်ရတဲ့ အဖွဲ့ဆိုတော့ ခွင့်ပြုချက် မရသရွေ့ဘာမှ မလုပ်နိုင်ဘူး သူတို့က၊ အရပ်ဖက်အဖွဲ့အစည်းတွေကတော့ သူတို့ ရှာကြံပြီး တော့ ကြိုးစားပြီးတော့ သူတို့ နိုင်သလောက် လုပ်ကြတယ်၊ ဒါပေမယ့် သူတို့မှာလည်း အရမ်းကို ကန့်သတ်ချက်တွေ များတယ်။”

ဒါ့အပြင် ရခိုင်ပြည်တွင်းမှာစစ်ကောင်စီက ကုန်စည်စီးဆင်းမှုတွေကို ပိတ်ထားတာကြောင့် စားသောက်ကုန် တွေနဲ့ လူသုံးကုန်ပစ္စည်း ရှားပါးလာတာတွေ၊ ငွေလွှဲ ငွေထုတ်လုပ်ငန်းတွေမှာ အဆင်မပြေ တာတွေကြောင့် ကူညီကယ်ရေးအဖွဲ့တွေ ပိုပြီးတော့ အခက်ကြုံနေရတာပါ။ စစ်ကောင်စီအနေနဲ့ ဒီထက်ပိုပြီးတော့ ကန့်သတ်ထား မယ်ဆိုရင် ရခိုင်ဒေသအတွင်း အငတ်ဘေးနဲ့ အသက်အန္တရာယ်ထိခိုက်တဲ့ အထိ ဖြစ်လာနိုင်တယ်လို့ ရခိုင်အရပ်ဖက်အဖွဲ့အစည်း တာဝန်ရှိသူ တဦးကပြောပါတယ်။

“ ရန်ပုံငွေ ရှိတဲ့ အဖွဲ့တွေတောင်မှ လုပ်နိုင်ကိုင်နိုင်တဲ့ အခြေအနေတွေက တော်တော့်ကို အကန့်သတ်များ တဲ့အတွက် ကြောင့်မို့လို့ အခုလောလောဆယ်မှာတော့ မရှိ ရှိတာတွေနဲ့ စားသောက်နေထိုင်ကြပြီးတော့ အသက်ရှင်နေကြတဲ့ အနေအထားမျိုးတော့ ရှိတာပေါ့၊ ဒီထက်ပိုကြာလာလို့ ရှိရင်တော့ အခြေအနေက ဆိုးဆိုးရွားရွား ဖြစ်လာနိုင်တယ်၊ နောက်ဆုံး အငတ်ဘေးတွေ ဆိုက်တဲ့ အထိ ဆေးဝါးကုသမှုမခံယူနိုင်လို့ ကုသပျောက်ကင်းနိုင် တဲ့ရောဂါတွေက အသက်သေဆုံးရတဲ့အထိကို ဖြစ်လာနိုင်ခြေရှိပါတယ်။”

ရခိုင်မြောက်ပိုင်းမှာ စစ်ရှိန်မြင့်တက်လာတာနဲ့ အမျှ ပြည်တွင်းနေရပ်စွန့်သူတွေ နေ့စဉ်နဲ့ အမျှတိုးလာနေသလို မြို့တွင်း တိုက်ပွဲတွေကြောင့် ပိတ်မိနေသူတွေလည်းရှိနေတာပါ။ ဒါ့အပြင် တိုက်ပွဲ အတွင်း အရပ်သား သေဆုံး ထိခိုက်ဒဏ်ရာရတာတွေ ဖမ်းဆီးခံရ တာတွေလည်း အများအပြားရှိနေတာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG