သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနင်္သာရီတိုင်းမှာ စစ်ကောင်စီ ရေကြောင်းလှုပ်ရှားမှု ဒေသခံတွေစိုးရိမ်


တနင်္သာရီတိုင်းထဲက ပင်လယ်ကမ်းခြေမြို့တမြို့
တနင်္သာရီတိုင်းထဲက ပင်လယ်ကမ်းခြေမြို့တမြို့

တနင်္သာရီတိုင်းထဲမှာ စစ်ကောင်စီတပ်တွေဟာ ရေလမ်းကြောင်းကို အဓိကသုံးပြီး ရွာတွေကို လာရောက် ရှာဖွေတာ စစ်ဆေးတာတွေ လုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြို့ပေါ်တွေမှာလည်း စစ်ကောင်စီဘက်က နေရာယူထားတာတွေ ရှိပေမယ့် အရင်ကလောက်တော့ အင်အားများများ မတွေ့ရတော့ဘူးလို့ ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ထားတာကို မအိသန့်စင်က ပြောပြမှာပါ။

မြန်မာနိုင်ငံတောင်ပိုင်း၊ တနင်္သာရီတိုင်းထဲမှာ စစ်ကောင်စီတပ် လှုပ်ရှားမှုဟာ အခုဒီဇင်ဘာလကနေစပြီး ရေလမ်းကြောင်းကိုသာ အဓိကအားထားပြီး သွားလာတာမျိုး တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ထားဝယ်ဘက်မှာဆို ထားဝယ်မြစ်ကနေ မြို့ထဲကိုသွားတဲ့ လမ်းကြောင်းနဲ့ အနောက်ဘက် ပင်လယ်ပြင်မှာရှိတဲ့ မောရဝတီ ရေတပ်စခန်းကနေ သွားလာတဲ့ လမ်းကြောင်းဆိုပြီး ၂ ကြောင်းကို သာသုံးနေတာပါ။ အခု ရေကြောင်းကိုပဲ အဓိကသုံးလာတာကြောင့် ဒီလမ်းကြောင်းတွေရဲ့ အနီးဝန်းကျင်မှာ နေထိုင်သူတွေဟာ ကြိုတင်ပြီး ရှောင်ရှားတာမျိုးတွေ လုပ်လာကြတယ်လို့ တနင်္သာရီတိုင်း ဒေသခံကာကွယ်ရေး အဖွဲ့ဝင်တဦးက ပြောပါတယ်။

"အခုလည်း ထားဝယ်မြစ်ထဲကနေ မြို့ထဲကို သူတို့သွားလာနေတာပဲ။ အဓိကတော့ တခြားမြို့နယ်တွေ သွားတဲ့နေရာမှာလည်း ရေကြောင်းကို သုံးလာတာများတယ်။ ကုန်းလမ်းက အဲလောက်မသုံးတော့ဘူး။ ရေကြောင်းကနေ ဒေသခံတွေ သွားလာလှုပ်ရှားတာတော့ သိပ်မရှိတော့ဘူးဗျ။ အခုနောက်ပိုင်းဆိုရင် (စကစ) ရေကြောင်းကနေ လာပြီးတော့ ကုန်းပေါ်တက်ပြီး ရွာတွေ ဝင်မွှေတာ ရှိတယ်ပေါ့။ အဲလိုမျိုးတွေ လုပ်လာတယ်။ အဲတော့ ရွာသားတွေ အနေနဲ့ကတော့ ဒေသခံတွေကတော့ ပြေးလွှားနေကြရတာပေါ့။ မြစ်ကြောင်းအတိုင်း ရေကြောင်းကနေ သူတို့ဆင်းလာပြီဆိုရင် အနီးအနားက ရွာတွေကတော့ ရှောင်နေကြရတာပေါ့။"

ငါးဖမ်းလုပ်ငန်းနဲ့ အသက်မွေးတဲ့ ဒေသခံတွေဟာလည်း အခုနောက်ပိုင်းမှာ သူတို့ရဲ့ လုံခြုံရေး အခြေအနေကြောင့် ငါးဖမ်းစက်လှေ သိပ်မထွက်ရဲကြတော့ပဲ စီးပွါးရေးလုပ်ငန်းတွေလည်း ထိခိုက်လာနေတယ်လို့ ပြောပါတယ်။ မြို့ပေါ်တွေမှာတော့ စစ်ကောင်စီတပ်တွေ မြို့ထဲမှာသာ အခြေချနေတာ တွေ့ရပြီး အခု ဒီဇင်ဘာလကစပြီး စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေး အဖွဲ့တွေကြားမှာ အပြန်အလှန် ထိတွေ့တိုက်ပွဲ မရှိ သလောက် ဖြစ်တယ်လို့ လည်း ပြောပါတယ်။

"ထိတွေ့တိုက်ပွဲတွေကတော့ သိပ်မရှိတော့ဘူးဗျ။ စစ်ကြောင်းတွေက အရင်ကလောက် သူတို့စစ်ကြောင်းထိုးတာ မလုပ်တော့ဘူး။ သူတို့ရိက္ခာပို့တာတို့၊ သွားတာလာတာတို့ အဲဒီလောက်ပဲ သူတို့ရှိတော့တာ။ ရွာမှာ စစ်ကြောင်းထိုးပြီး တိုက်ပွဲဖြစ်တာက အရင်ကပဲရှိတယ်။ အခုနောက်ပိုင်းမှာ မြို့ထဲပိုင်းတွေမှာ အဓိက သူတို့နေကြတယ်ပေါ့။ အပြင်ကို သိပ်မထွက်ကြဘူး။"

အပြန်အလှန် ထိတွေ့တိုက်ပွဲ မရှိပေမယ့် စစ်ရှောင်နေကြတဲ့ ရွာခံတွေကတော့ အခုချိန်ထိ မပြန်ရဲကြသေးပါဘူး။ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်က ကျေးရွာတခုကို စစ်ကောင်စီတပ်တွေ ရောက်လာပြီး မီးရှို့ခဲ့လို့ ဒေသခံနေအိမ် ၁၈ လုံး မီးထဲပါသွားတယ်လို့ ရေဖြူဒေသခံတဦးက ပြောပါတယ်။

"ကုန်းလမ်းကြောင်းမှာ သူတို့(စကစ)တွေ ရေဖြူကနေ လောင်းလုံးအထိ ရှိတယ်။ အရင်ထက်စာရင်တော့ သူတို့အင်အား နည်းသွားတယ်၊ များများတော့ မရှိတော့ဘူး။ ကျနော်တို့ရွာကို နောက်တကြိမ် ဝင်သွားတုန်းက နေအိမ် ၁၈ လုံး မီးထဲပါသွားသေးတယ်။"

ဒေသခံတွေကတော့ ရွာထဲပြန်ဝင်သူတချို့ ရှိပေမယ့် အများစုက ကြောက်လန့်ပြီး ရွာပြန်မလာသေးဘူးလို့ ပြောပါတယ်။ တိုက်ပွဲကြီးကြီးမားမား ဖြစ်ပွားတာ မရှိပေမယ့် စစ်ကောင်စီရဲ့ ယာဉ်တန်းတွေ လမ်းခုလတ်မှာ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေကတော့ တနင်္သာရီတိုင်းထဲမှာ မကြာခဏဆိုသလို ရှိနေတာပါ။ တနင်္သာရီတိုင်းထဲမှာ စစ်ကောင်စီဘက်က ရေလမ်းကြောင်းကို အဓိကထားပြီး လှုပ်ရှားလာနေချိန်မှာပဲ တော်လှန်ရေးအဖွဲ့တွေ ကလည်း စုပေါင်းပြီး တပ်ပေါင်းစုဖွဲ့ လှုပ်ရှားလာတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG