သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ညောင်လေးပင်ခရိုင်မှာ တရက်အတွင်း လေကြောင်းက ၆ ကြိမ် တိုက်ခိုက်ခံရ


ညောင်လေးပင်ခရိုင်ထဲ လေကြောင်းတိုက်ခိုက်ခံရ (အောက်တိုဘာ၊ ၂၀၂၃)
ညောင်လေးပင်ခရိုင်ထဲ လေကြောင်းတိုက်ခိုက်ခံရ (အောက်တိုဘာ၊ ၂၀၂၃)

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်ထဲမှာ စစ်ကောင်စီ တပ်တွေက အောက်တိုဘာလ ၁၇ရက်နေ့ တရက်ထဲမှာတင် ခရိုင်တွင်းက ကျေးရွာတွေကို လေကြောင်းနဲ့ ၆ ကြိမ်တိုက်ခိုက်ခဲ့တဲ့ အတွက် ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့သလို ဒေသခံတွေလည်း ဘေးလွတ်ရာ ရှောင်ပုန်းနေကြရပါတယ်။ စစ်ကောင်စီဟာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ပြီး စိတ်ဓါတ်ပျက်ပြားအောင် လုပ်နေတယ်လို့ KNU က ပြောပါတယ်။
ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ပဲခူးတိုင်းညောင်လေးပင်ခရိုင် ထဲက ကျေးရွာတွေကို မနေ့က စက်တင်ဘာ ၁၇ ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းကနေ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တဲ့ အတွက် ဒေသခံတွေ ထိခိုက်ဒဏ်ရာရခဲ့သလို နေအိမ်နဲ့ စာသင်ကျောင်းတွေ ပျက်စီးသွားတယ်လို့ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးက အောက်တိုဘာလ ၁၈ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ ပါတယ်။
ဒေသခံတဦးကတော့ စစ်ကောင်စီဟာ တနေ့တည်းကို ၆ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းတွေ ပိတ်ထားရပြီး ရွာသားတွေကတော့ ရှောင်ပုန်းနေရတယ်လို့ ပြောပါတယ်။

"၁၇ရက်နေ့က မနက် ၈နာရီ ကျော်ကနေ ၉ နာရီ လောက်ထိ စစ်ကောင်စီရဲ့ ဂျက်တိုက် လေယာဉ် (၃) စင်းက လယ်ထူးလူ ကျေးရွာအတွင်းကို ဗုံး (၂) လုံး ကြဲချပြီး စက်သေနတ်နဲ့ (၂) ကြိမ် ပစ်ခတ်ခဲ့ပါတယ်၊ တဆက်ထဲမှာဘဲ ကဒီး စူဒေး ကျေးရွာအတွင်းကို ဗုံး (၂) လုံး ကြဲချပြီး စက်သေနတ်နဲ့ (၁) ကြိမ် ပစ်ခတ်ခဲ့ပါတယ်၊ ပြည်သူပိုင်အဆောက်အဦးတွေထိတယ်၊ မနက် ၉ နာရီ ၁၀ မိနစ်လောက်မှာပဲ စစ်ကောင်စီက ဂျက်တိုက်လေယာဉ် နဲ့ ဒိုးကျေးရွာအုပ်စု ပယ်ဝါးဒဲ ကျေးရွာ အတွင်းကို ဗုံး (၂) လုံး ကြဲချပြီး စက်သေနတ်ဖြင့် (၁) ကြိမ် ပစ်ခတ်ခဲ့တယ် ရွာသားတဦး စောပီးလေး (၂၅) နှစ်ပေါ့ ထိခိုက်ဒဏ်ရာ ရရှိ ခဲ့ပါတယ်။ နေအိမ် (၃) လုံးလည်ထိခိုက်ပျက်စီး ခဲ့ရတယ် ကျေးရွာ စာသင်ကျောင်းလည်း ပျက်စီးခဲ့ရတယ်၊
ညနေပိုင်းမှာတော့ ကွီးလားရွာ၊ ထီးရိုးထော်ပလော စေးဘောဒဲ ရွာတွေကို အဲဒီကိုလည်းဂျက်ဖိုက်တာ အဲဒီမှာလေယာဉ် (၃)စင်းနဲ့ဗုံးကြဲတိုက်ခိုက်မှု (၃) ကြိမ် မှာစက်သေနတ်ဖြင့် (၂) ကြိမ် ပစ်ခတ်ခဲ့တိုက်ခိုက်ခဲ့ပါတယ်၊ အထက်တန်းကျောင်းတွေ ကောစာသင်ကျောင်းတွေ မူလတန်းကျောင်းက ၂ကျောင်း အလယ်တန်းကျောင်းက ၂ကျောင်း အထက်တန်းကျောင်းက တကျောင်း ကျောင်းတွေအားလုံး ပိတ်ထားပြီး ရွာသားတွေလည်း တိမ်းရှောင်ထွက်ပြေးနေရတယ် အဲဒီရွာဘက်က ထိခိုက်မှုတော့မသိရသေးဘူး မနေ့က တနေ့ထဲမှာပဲ ၆ကြိမ်ပေါ့"

ဒါ့အပြင် အောက်တိုဘာလ ၁၄ရက် နေ့ကလည်း မုန်းမြို့နယ်က သံပုရာအိုင် ကျေးရွာကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် လူငယ်တဦး သေဆုံးခဲ့ရတယ်လို့လည်း ပြောပါတယ်။

"ရေအိုးစင်ရွာ မှာ နေတဲ့ ခမရ ၅၉၀ က။ မုန်းမြို့နယ်ထဲမှာပေါ့ ။ အဲဒီရေအိုးစင်ရွာ အနောက်ဖက်က ဘေးကပ်လျက်ပဲ သံပရာအိုင်ရွာကို လက်နက်ကြီး ၃လုံး ပစ်လိုက်တာ အဲဒီမှာ ပဲခင်း ဆေးဖျန်းပြီး ပြန်လာတဲ့ ကလေး ၃ယောက်ပေါ့။ ၁၈ နှစ် ၁၉ နှစ်လေးတွေ တယောက်တော့ ပွဲချင်းပြီးသေတယ်။ နှစ်ယောက်ကတော့ ဆေးရုံတင်ထားရတယ်။ သေတဲ့တယောက်က ကိုဖြိုးတဲ့ သူအဖေအမေက ဦးဖိုးမဲ ဒေါ်ဘုတ်ဆုံလို့ခေါ်တယ်"

ကရင်အမျိုးသား အစည်းအရုံး KNU ကတော့ ဒါဟာ စစ်ကောင်စီဘက်က လူထုအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်ပြီး လူထုတွေ စိတ်ဓါတ်ခြောက်ခြားပြီး ကြောက်လန့် လာအောင်လုပ်နေတာဖြစ်ကြောင်း ကေအန်ယူ ပြောရေးဆိုခွင့်ရှိသူ ဖဒိုကလယ်စေးက ပြောပါတယ်။

"တပ်ဖွဲ့အချင်းချင်းကို ပစ်ခတ်ရမယ့်အစားမှာ လူထုကိုပိုပြီး စိတ်ဓါတ်ခြောက်ခြားစေပြီး ကြောက်လန့်မူတွေ ဖြစ်အောင်လုပ်ပြီးတော့ ကျနော်တို့ အင်အားစုတွေ လျော့နည်းသွား အောင်လုပ်တာ ကတော့ ဟိုးအရင်ထဲကဖြစ်ပါတယ်"

ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာနယ်မြေတွေထဲကို စစ်ကောင်စီက လေကြောင်းနဲ့ အကြိမ်များစွာ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ KNU ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ဒူးသထူ (သထုံ) ခရိုင်၊ တောအူး (တောင်ငူ)ခရိုင်၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ မြိတ်-ထားဝယ်ခရိုင်၊ မူတြော်ခရိုင်၊ ဒူပလာယာခရိုင် တွေမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နှစ်ဘက်တိုက်ပွဲတွေကြောင့် ဒေသတွင်း စစ်ဘေးရှောင် ပြည်သူလူထု အရေအတွက်မှာ ခုနှစ်သိန်း တသောင်းကျော်ထိ ရှိလာနေပြီ လို့လည်း ကေအန်ယူက သတင်းထုတ်ပြန်ထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG