သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA ထိန်းထားဖို့ စစ်ကောင်စီအတွက်အရေးကြီး


တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း (၈) နှစ်ပြည့် (ဓာတ်ပုံ-သတင်းမှန်ပြန်ကြားရေး)
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း (၈) နှစ်ပြည့် (ဓာတ်ပုံ-သတင်းမှန်ပြန်ကြားရေး)

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် (NCA) ကို ထိန်းထားရေးဟာ နေရာအနှံ့ တိုက်ပွဲတွေနဲ့ရင်ဆိုင်နေရတဲ့ စစ်တပ်အတွက် အလွန့်ကို အရေးကြီးလှတယ်လို့ သဘောတူညီချက် ပျက်ပျယ်သွားပြီလို့ မြင်ကြသူတွေက ဝေဖန်ကြပါတယ်။

ဒီ သဘောတူညီချက် နှစ်ပတ်လည်နေ့ကို နေပြည်တော်မှာ တနင်္ဂနွေနေ့က ကျင်းပခဲ့ပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက် မိန့်ခွန်းပြောခဲ့တာပါ။ ဘဏ္ဍာရေးနဲ့ သံတမန်ရေးဖိအားအပြင် စစ်ရေးအရ နယ်မြေအများကြီး အဆုံးအရှုံးသက်သာစေဖို့ ဒီလို နှစ်ပတ်လည်ပွဲကို ကျင်းပတာဖြစ်တယ်လို့ ကရင်အမျိုးသား အစည်းအရုံး (ကေအင်န်ယူ) ပြောရေးဆိုခွင့်ရှိသူ ဖဒို စောတောနီးက ပြောပါတယ်။

၂၀၁၅ ခုနှစ်မှာ အင်န်စီအေ လက်မှတ်ထိုးခဲ့ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ရှိခဲ့ပြီး NLD အစိုးရလက်ထက်မှာ ၂ ဖွဲ့ တိုးလာနဲ့တာကြောင့် ၁၀ ဖွဲ့ ဖြစ်လာခဲ့ပါတယ်။ ကချင်လွတ်လပ်ရေးတပ် (KIA) နဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) တို့လို လက်နက် အင်အားတောင့်တင်းတဲ့ အဖွဲ့တွေက NCA ကို စကတည်းက လက်မှတ်မထိုးခဲ့ကြပါဘူး။ NCA ကို လက်မှတ်ထိုးခဲ့တဲ့ KNU၊ ချင်းအမျိုးသား တပ်ဦး (CNF) နဲ့ (ABSDF) သုံးဖွဲ့က ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (PDF) နဲ့ လက်တွဲကြောင်း ကြေညာထားပြီး တနင်္ဂနွေနေ့က ကျင်းပတဲ့ပွဲကို တက်ရောက်ဖို့ ငြင်းဆိုခဲ့ကြပါတယ်။

လက်ရှိ အခြေအနေအောက်မှာ အဓိပ္ပါယ်ရှိတဲ့ ငြိမ်းချမ်းရေးစကားဝိုင်း မဖြစ်နိုင်ပါဘူးလို့ KNU ပြောရေးဆိုခွင့်ရှိသူ ဖဒို စောတောနီးက ပြောပါတယ်။ အာဏာသိမ်းလိုက်တာနဲ့အတူ တရားဝင်အစိုးရ၊ ဖွဲ့စည်းပုံနဲ့ လွှတ်တော်တို့လည်း မရှိတော့ပါဘူးလို့ သူက ဆိုပါတယ်။

တနင်္ဂနွေပွဲ တက်ရောက်ကြသူတွေကတော့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ် ၃၅ ယောက်၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ၁၁ ယောက်၊ အာရှရေးရာ တရုတ် အထူးသံတမန် တိန်စီကျွမ်း (Deng Xijun) နဲ့ အိန္ဒိယ ဒုတိယအမျိုးသား လုံခြုံရေးအကြံပေး ဗီကရမ် မစ္စရီ (Vikram Misri) တို့ အပါအဝင် သံတမန် ၃၂ ယောက် ဖြစ်တယ်လို့ စစ်ကောင်စီက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG