သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA အပစ်ရပ် ဆက်လက်ကျင့်သုံးဖို့ စစ်ကောင်စီ အကြီးအကဲ ကတိပြု


တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ၈နှစ်ပြည့်အခမ်းအနား၊ အောက်တိုဘာ ၁၅၊ ၂၀၂၃
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ၈နှစ်ပြည့်အခမ်းအနား၊ အောက်တိုဘာ ၁၅၊ ၂၀၂၃

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ၈နှစ်ပြည့် ဒီကနေ့ အခမ်းအနားကျင်းပရာမှာ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က စာချုပ်ပါ အချက်တွေကို လိုက်နာအကောင်အထည်ဖော်မယ့်အကြောင်းပြောလိုက်ပါတယ်။စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားနေတဲ့ကြားကကျင်းပတဲ့အခမ်းအနားကိုတော့ တရုတ်၊ အိန္ဒိယ၊ ထိုင်းစတဲ့ ဒေသတွင်းနိုင်ငံတချို့က ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြတာပါ။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုရန်နိုင် ပြောပြမှာ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ၈နှစ်ပြည့်အခမ်းအနားကို နေပြည်တော် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ၂ ( MICC 2) မှာ ဒီကနေ့မနက် ၉နာရီမှာ စတင်ကျင်းပခဲ့တာပါ။

ဒီအခမ်းအနားမှာ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က အဖွင့်မိန့်ခွန်းပြောကြားရာမှာ NCA စာချုပ်ဟာ စတင်ဆွေးနွေးချိန်ကနေ အချိန် ၃နှစ်ကျော် ဆွေးနွေးပွဲ အကြိမ် ၅၀၀၀ ညှိနှိုင်းပြီးမှ ရခဲ့တာဖြစ်ကြောင်း ထည့်သွင်းပြောကြားပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ၈နှစ်ပြည့်အခမ်းအနား၊ အောက်တိုဘာ ၁၅၊ ၂၀၂၃
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ၈နှစ်ပြည့်အခမ်းအနား၊ အောက်တိုဘာ ၁၅၊ ၂၀၂၃

ပြီးခဲ့တဲ့ ၈နှစ်က NCA စာချုပ်ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေက ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိသက်သေတွေနဲ့ ပြည်သူ့သက်သေတွေရှေ့မှာ လက်မှတ်ရေးထိုး ခဲ့တာဖြစ်ကြောင်းပြောဆိုပြီး တပ်မတော်အနေနဲ့ NCA စာချုပ်ကို အလေးထားဆောင်ရွက်မှာဖြစ်ကြောင်း ပြောဆိုပါတယ်။

“ ပြည်ထောင်စုလွှတ်တော်က Union Accord အဖြစ် အတည်ပြုပေးထားတဲ့စာချုပ်ဖြစ်ပြီး မည်သည့်အချိန်မျှ ပျက်ပြယ်မှုမရှိဘဲ တည်တံ့နေတဲ့ စာချုပ်ဖြစ်တာကြောင့် တပ်မတော်အနေနဲ့ NCA စာချုပ်အပေါ်မှာသာ အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားလိုပါတယ်။”

ဆက်လက်ပြီး ခိုင်မာတဲ့ ရည်မှန်းချက်အဖြစ် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်မှာဖြစ်ကြောင်း ပြောဆိုခဲ့သလိုဖက်ဒရယ်စနစ်ကိုလည်း လူမျိုးကိုအခြေမခံဘဲ နယ်မြေကိုအခြေခံဖို့ ပြောပါတယ်။

“ ဒီလို သမိုင်းစဉ်တလျှောက်ရပ်တည်ခဲ့တဲ့ ပြည်ထောင်စုကို တည်ဆောက်ရာမှာ မှန်ကန်တဲ့၊ နိုင်ငံနဲ့ ကိုက်ညီတဲ့ စနစ်ဖြစ်ဖို့ လိုပါတယ်။ တိုင်းရင်းသားလူမျိုးစုများ များပြားလှတဲ့ ကျွန်တော်တို့နိုင်ငံအနေနဲ့ ဖက်ဒရယ်စနစ်ကိုကျင့်သုံးရာမှာ လူမျိုးကို အခြေခံတဲ့ ဖက်ဒရယ်စနစ်ထက် နယ်မြေဒေသကို အခြေခံတဲ့ ဖက်ဒရယ်စနစ်ကို အကောင်အထည်ဖော်ဖို့ လိုပါတယ်။ ဒါမှသာ ကွန်ဖက်ဒရေးရှင်းဆိုတဲ့ ကွဲပြားခြားနားမှုကို အားပေးတဲ့ ပြည်ထောင်စုပြိုကွဲခြင်းကို ဦးတည်သွားစေနိုင်မယ့် ကိစ္စတွေကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ ”

NCA ၈နှစ်ပြည့် ဒီကနေ့ အခမ်းအနားတက်ရောက်လာသူများ၊ အောက်တိုဘာ ၁၅၊ ၂၀၂၃
NCA ၈နှစ်ပြည့် ဒီကနေ့ အခမ်းအနားတက်ရောက်လာသူများ၊ အောက်တိုဘာ ၁၅၊ ၂၀၂၃

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်က အရပ်သားအစိုးရကို ဖမ်းဆီးဖယ်ရှားပြီး အာဏာသိမ်းခဲ့ရာက နောက်ဆက်တွဲ နိုင်ငံရေးအကျပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေလည်း ကြီးထွားလာခဲ့တာပါ။ အာဏာသိမ်း စစ်ကောင်စီကတော့ နိုင်ငံတကာက လွတ်လပ်မျှတမှုရှိတယ်လို့ လက်ခံထားခဲ့တဲ့ ရွေးကောက်ပွဲမှာ မသမာမှုတွေရှိတယ်လို့ စွပ်စွဲထားပါတယ်။ ဒီအတွက် နိုင်ငံရေးစနစ်ကို ပြင်မယ်လို့လည်း စစ်ကောင်စီအကြီးအကဲက ဒီကနေ့ မိန့်ခွန်းမှာ ထည့်ပြောသွားပါတယ်။

“ဖက်ဒရယ်စနစ်ဟာ ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်းလို့လည်း အနက်အဓိပ္ပါယ်ရှိပါတယ်။ မျှဝေခံစားဖို့ဆိုရင် ရွေးကောက်ပွဲစနစ်မှာ ယခင်ကျင့်သုံးခဲ့တဲ့ အင်အားကြီးပါတီတစ်ခုတည်းက အနိုင်ရသူ အကုန်ယူဆိုတဲ့ စနစ်အစား တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်တွေ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်ဖို့ အချိုးကျကိုယ်စားပြုစနစ် PR စနစ်ကို ကျင့်သုံးရမှာဖြစ်ပါတယ်။”

PR စနစ်ဟာတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အဆိုပြုချက်အရ ဖြစ်ပေါ်လာတဲ့ ဘုံသဘောဆန္ဒ ဖြစ်ကြောင်းလည်းထည့်သွင်းပြောဆိုပြီး NCA စာချုပ်ကို ဆက်လက် အကောင်အထည်ဖော်ဖို့နဲ့ NCA လက်မှတ် မထိုးသေးတဲ့အဖွဲ့တွေအနေနဲ့ ဆွေးနွေးပွဲတွေ အရောက်လှမ်းဖို့ တိုက်တွန်းထားပါတယ်။

NCA လက်မှတ်ရေးထိုးရာမှာ ပါဝင်တဲ့ KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးကတော့ တက်ရောက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကိုယ်စား ပြောကြား ပါတယ်။

သူ့ရဲ့ မိန့်ခွန်းမှာတော့ ပြီးခဲ့တဲ့ကာလမှာ NCA စာချုပ်ကို အကောင်အထည်ဖော်မှုဟာ အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့ကြောင်း ထည့်သွင်းပြောဆိုပြီး အခုလို တိုက်တွန်းထားပါတယ်။

“ နိုင်ငံရဲ့ အကျပ်အတည်းကြောင့် NCA အကောင်အထည်ဖော်မှုမှာလည်း ရပ်နားသွားခဲ့ရပါတယ်။ ကျနော်တို့ အားလုံးဟာ မိမိတို့ အသီးသီးရဲ့ ဆန္ဒသဘောထားတွေကိုသာ ရှေ့တန်းမတင်ဘဲ အပြန်အလှန်လေးစားတန်ဖိုးထားမှုနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ညှိနှိုင်းဖြေရှင်းကြဖို့ ကိုလည်း သက်ဆိုင်ရာ အားလုံးကို တောင်းဆိုလိုပါတယ်။ ”

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်က NCA စာချုပ်ကို ၈နှစ်ကြာသည်အထိ အကောင်အထည်မဖော်နိုင်လို့ ပြည်ထောင်စုအတွက်နစ်နာကြောင်း ထောက်ပြပါတယ်။

လက်ရှိမှာ နိုင်ငံရေးအကျပ်အတည်းကြောင့် ပြည်သူတွေ စီးပွားရေး၊လူမှုရေးကဏ္ဍတွေမှာ ဘက်ပေါင်းစုံအခက်အခဲတွေ့နေရကြောင်းနဲ့ ဒီအခြေအနေကို ပိုမို မဆိုးရွားစေရန် ဝိုင်းဝန်းပြီး ဖြေရှင်းဖို့ တိုက်တွန်းထားပါတယ်။

“ နိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်းစွာ မဖြေရှင်းနိုင်ခဲ့လို့ တိုင်းပြည်ဟာ စစ်ရေးပဋိပက္ခနဲ့ နောက်ဆက်တွဲ အကျိုးဆက်များကို ရင်ဆိုင်ကြုံတွေ့နေရပြီး တိုင်းပြည်ရဲ့ ဘက်ပေါင်းစုံ အခက်အခဲကို ပိုမိုပြီး ဆိုးရွားသထက် မဆိုးရွားလာစေရန် ဝိုင်းဝန်းပြီး အဖြေရှာရမည့် အချိန်ရောက်ပြီလို့ တိုက်တွန်းနှိုးဆော်လိုပါတယ်။ ”

နိုင်ငံတကာအသိသက်သေတွေအနေနဲ့ မိန့်ခွန်းပြောဆိုကြတဲံ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံက ကိုယ်စားလှယ်တွေကတော့ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ ဖက်ရယ် တည်ဆောက်ရေးဖြစ်စဉ်တွေကို အားပေးထောက်ခံသလို ပံ့ပိုးကူညီမှာဖြစ်ကြောင်း ပြောပါတယ်။

NCA စာချုပ်ဖြစ်ပေါ်လာရေးအတွက်ကြိုးပမ်းခဲ့တဲ့ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအောင်မင်းကလည်း ဒီမိုကရေစီနဲ့ ဖက်ဒရယ်တည်ဆောက်ရေးကို လက်ခံထားရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ဆက်လက်ရှင်သန်နေမှာဖြစ်ကြောင်း သူ့ရဲ့ အခမ်းအနားမိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

အခမ်းအနားကို တက်ရောက်လာတဲ့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကတော့ လက်ရှိကျင်းပတဲ့ အခမ်းအနားက ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

“ ကျနော်တို့ ဒီလို ငြိမ်းချမ်းရေးနဲ့ပတ်သက်တာ ၈နှစ်ပြည့် NCA ကို ဆောင်ရွက်နိုင်တဲ့ဟာသည် ငြိမ်းချမ်းရေးအတွက်တော့ အနည်းနဲ့အများ အထောက်အကူပြုမယ့် အရွေ့ရှိမယ်။ ငြိမ်းချမ်းရေးကို အရှိန်အဟုန်တစ်ခုအနေနဲ့ ရှေ့ဆက် ခြေလှမ်းသွားဖို့ဖြစ်တယ်လို့ ကျနော်တော့ အဲလို ယုံကြည်ပါတယ်။ ”

လက်ရှိ ကချင်ပြည်နယ်က ပဋိပက္ခတွေဟာ တွေ့ဆုံဆွေးနွေးဖြေရှင်းမှရနိုင်မှာဖြစ်ကြောင်းနဲ့ ဒီအတွက် အချိန်ယူရမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

NCA စာချုပ် လက်မှတ်ရေးထိုးစဉ်က အသိသက်သေအဖြစ်ပါဝင်ခဲ့တဲ့ ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးကတော့ လက်ရှိ ကျင်းပတဲ့ အခမ်းအနားအပေါ် သူ့အမြင်ကို အခုလို ပြောပါတယ်။

“ ဒီနေ့ ကျနော်တို့ရင်ဆိုင်နေရတဲ့ ပြဿနာအခက်အခဲတွေဟာ NCA ကာလတုံးက ကြိုတင် မျှော်လင့်မထားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့အခါကျတော့ ကျနော်တို့ ဒီ NCA ကို ပြန်ပြီးတော့ အသက်ဝင်လာအောင် အားကောင်းလာအောင်လုပ်ဖို့ ဆိုတဲ့အခါ လက်ရှိ ရှိနေတဲ့ အခြေအနေ အရပ်ရပ်ကို ခြုံငုံပြီးတော့ ပြန်သုံးသပ်ဖို့ လိုတယ်လို့ မြင်ပါတယ်။ နောက်တခုကလည်း ဒီပလက်ဖောင်းက အခြေပြုပြီးတော့ ပိုပြီးကောင်းမွန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားရင် ကျနော်တို့ က ငြိမ်းချမ်းရေးနဲ့ ပြန်ပြီး နီးစပ်လာမယ်လို့ မျှော်လင့်ပြီးတော့ လာတက်တာဖြစ်ပါတယ်။”

ဒီအခမ်းအနားပြီးဆုံးတဲ့နောက်မှာ အလုပ်ရုံဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပမှာဖြစ်ပြီး ဒီဆွေးနွေးပွဲမှာ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေကို ပြုပြင်ပြောင်းလဲနိုင်ရေးအတွက် ဆွေးနွေးကြဖို့ ရှိနေပါတယ်။

ဒီနေ့ ကျင်းပတဲ့ အခမ်းအနားကို လက်ရှိ အစိုးရအဖြစ် ဆောင်ရွက်နေတဲ့ စစ်ကောင်စီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီ၊ နိုင်ငံတကာသံတမန်တွေ၊ ဌာနဆိုင်ရာနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေ ပါဝင် တက်ရောက်ခဲ့ပါတယ်။

NCA စာချုပ် ၈နှစ်ပြည့်အခမ်းအနားကျင်းပချိန်မှာ NCA မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တို့ကတော့ NCA စာချုပ်ပျက်ပြယ်သွားပြီဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG