သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေပြည်တော်မှာကျင်းပမယ့် NCA နှစ်ပတ်လည်ပွဲ


NCA ၈ နှစ်မြောက်အခမ်းအနားတက်ရောက်လာကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ (အောက်တိုဘာ ၁၄၊ ၂၀၂၃)
NCA ၈ နှစ်မြောက်အခမ်းအနားတက်ရောက်လာကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ (အောက်တိုဘာ ၁၄၊ ၂၀၂၃)

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ် စတင်ထိုးခဲ့တာ ၈ နှစ်ပြည့်တဲ့ အခမ်းအနားကို နေပြည်တော်မှာ နက်ဖြန် ကျင်းပမှာြဖစ်ပါတယ်။ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တချို့နဲ့ စစ်ကောင်စီတပ်တွေ လက်ရှိတိုက်ပွဲတွေ ဖြစ်နေချိန် ကျင်းပမယ့်ပွဲကို ဘယ်သူတွေ တက်မလဲ၊ ဘယ်သူတွေ မတက်ကြဘူးလဲဆိုတာ အခမ်းအနားသတင်းယူဖို့ နေပြည်တော်ရောက်နေတဲ့ VOA သတင်းထောက် ကိုမိုးဇော်ကို မစုမြတ်မွန်က မေးမြန်းထားပါတယ်။

မစုမြတ်မွန်။ ။ အရင်ဆုံးမေးချင်တာကတော့ ကိုမိုးဇော်ရေ၊ ကိုမိုးဇော်က နေပြည်တော်မှာ အခုရောက်နေတယ်ဆိုတော့ မနက်ဖြန်မှာသူတို့ကျင်းပမဲ့ NCA လတ်မှတ်ထိုးပွဲနှစ်ပတ်လည်အခမ်းအနားကို တက်မဲ့အဖွဲ့ဘယ်နှစ်ဖွဲ့ရှိပါသလဲ။ ဘယ်သူတွေ တက်မယ်လို့သိထားပါသလဲ။ အရင်ဆုံးသိပါရစေ ကိုမိုးဇော်ရေ။

ကိုမိုးဇော်။ ။ ဟုတ်ကဲ့၊ မနက်ဖြန်ကျရောက်မဲ့ NCA ၈ နှစ်မြောက်အခမ်းအနားကို မြန်မာပြည်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို ဖိတ်ကြားထားတယ်လို့ သိရတယ်ခင်ဗျ၊ အဲဒီအချိန်မှာမှ NCA လတ်မှတ်ရေးထိုးထားတဲ့ ၁၀ ဖွဲ့ထဲကမှ ၉ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ NCA လတ်မှတ်ရေးထိုးရာမှ ပါဝင်ခဲ့တဲ့သူတွေ တက်ရောက်မယ်လို့တော့ သိရပါတယ်ခင်ဗျ။

မစုမြတ်မွန်။ ။ ၉ ဖွဲ့ဆိုတာ ထပ်ပြီးတော့ရှင်းအောင်မေးချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ NCA လတ်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တို့၊ နောက်ပြီးတော့ ချင်းအမျိုးသားတပ်ဦး CNF တို့၊ ABSDF တို့အဖွဲ့သုံးဖွဲ့က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ NCA ပျက်ပြယ်သွားပြီလို့ ကြေညာထားတယ်လေ။ အဲဒါကြောင့်မေးတာပါ။ တချိန်တည်းမှာပဲ အခု ကိုမိုးဇော်ပြောသလိုဆိုရင်တော့ ၉ ဖွဲ့တက်မယ်ဆိုတော့ ဘယ်သူတွေကဘယ်လိုအနေအထားနဲ့တက်မယ်ဆိုတာ ရှင်းအောင်ထပ်ပြောပြပေးပါရှင့်။

ကိုမိုးဇော်။ ။ ဟုတ်ကဲ့ ။ အဲဒီမှာ ဆိုရင် KNU ကဆိုရင် ဥက္ကဋ္ဌဟောင်းပေါ့လေ၊ ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုး၊ ABSDF ကဆိုရင် ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းဦးဆောင်ပြီးတော့ တက်ကြတယ်ဆိုပြီးတော့ သိရတယ်ခင်ဗျ။ သူတို့ကတော့ အဖွဲ့အစည်းကိုယ်စားပြုမှုမျိုးမဟုတ်ပဲနဲ့ ဒီ NCA လတ်မှတ်ရေးထိုးရာမှာ ပါဝင်ခဲ့တဲ့ ခေါင်းဆောင်တွေကိုဖိတ်ကြားထားတယ်ဆိုတော့ အဲဒီအနေနဲ့တက်ရောက်တယ်လို့ သိရပါတယ်။ အဖွဲ့အစည်းကိုယ်စားတက်ရောက်တာ မဟုတ်ဘူးလို့ သိရပါတ​ယ်။ CNF ကတော့ ကိုယ်စားလှယ်အနေနဲ့ စေလွှတ်တာတော့မရှိဘူး။ NCA လတ်မှတ်ရေးထိုးရာမှာပါဝင်ခဲ့တဲ့ သူတွေလည်းလာရောက်တာမျိုးမရှိဘူးလို့ သိရပါတယ်ခင်ဗျ။

မစုမြတ်မွန်။ ။ ဒါကတော့ NCA လတ်မှတ်ရေးထိုးခဲ့တဲ့အဖွဲ့တွေပေါ့လေ၊ အဲဒီတော့ NCA လတ်မှတ်မထိုးရသေးဘူး လက်ရှိမှာလည်း ငြိမ်းချမ်းရေးကို ဆက်ပြီးမှ ဆွေးနွေးနေတဲ့အဖွဲ့တွေဘက်ကကော ဘယ်သူတွေတက်မယ်လို့ သိပါသလဲရှင်။

ကိုမိုးဇော်။ ။ ကျွန်တော်တို့သိရသလောက်ကတော့ NCA လတ်မှတ်မရေးထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလည်း ဖိတ်ထားတယ်လို့သိရတယ်ခင်ဗျ။ အခုလောလောဆယ်မှာကတော့ အရင်က ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်တက်ရောက်နေတဲ့ UWSA ဝ ပါတယ်၊ မိုင်းလားအဖွဲ့တို့ SSPP ပေါ့လေ ရှမ်းပြည်နယ်မြောက်ပိုင်းကတက်ရောက်မယ်လို့ ကြားသိရတယ်ပေါ့လေ။ ဒါပေမယ့် အခု ညနေ ၃ နာရီလောက်အထိတော့ နေပြည်တော်ကို ရောက်လာတာမရှိသေးဘူး ဆိုတာမျိုး တွေ့ရပါတယ်။ နောက်တခြား လတ်မှတ်မရေးထိုးတဲ့အဖွဲ့တွေလည်း တက်ရောက်တယ်လို့ မကြားသိရပါဘူးခင်ဗျ။

မစုမြတ်မွန်။ ။ နောက်တခုဆက်မေးချင်တာက နိုင်ငံတကာအဖွဲ့အစည်းတွေဘက်က တက်ရောက်ဖို့ရှိပါသလား။ ဥပမာ ကုလသမဂ္ဂတို့ ဘယ်လိုမျိုးအဖွဲ့အစည်းတွေ ကိုယ်စားလှယ်တွေတက်ဖို့ရှိတယ်လို့ကော ဘာသိထားပါသလဲရှင့်။

ကိုမိုးဇော်။ ။ အခုထိရရှိတဲ့သတင်းတွေအရတော့ အိန္ဒိယ၊ တရုတ်နဲ့ ထိုင်းနိုင်ငံက ကိုယ်စားလှယ်အဖွဲ့တွေ တက်ရောက်မယ်ဆိုတာ သိရတယ်။ EU နဲ့ UN တို့ကတော့ တက်မယ် မတက်ဘူးဆိုတာ အသေအချာ မသိရသေးပါဘူးခင်ဗျ။ တရုတ်ကဆိုရင် အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန်ရှီကျင် ခေါင်းဆောင်တဲ့အဖွဲ့ တက်ရောက်မယ်ဆိုတာ သိရတယ်။ အိန္ဒိယကတော့ အမျိုးသားလုံခြံရေးဆိုင်ရာ အကြံပေးအရာရှိဦးဆောင်တက်ရောက်မယ်။ ထိုင်းနိုင်ငံကတော့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဦးဆောင်တက်ရောက်မယ်လို့ သိရပါတယ်ခင်ဗျ။ အဲဒီအထဲမှာမှ တခြားဖိတ်ကြားထားတဲ့အဖွဲ့တွေကတော့ မြန်မာနိုင်ငံမှာအခုလောလောဆယ်ပေါ့လေ နိုင်ငံရေးပါတီ ၃၉ ပါတီ ၊ လူထုအခြေပြုအဖွဲ့အစည်းတွေ၊ CSO NGO INGO တွေကိုလည်း ဖိတ်ကြားထားတယ်လို့ သိရပါတယ်ခင်ဗျ။

မစုမြတ်မွန်။ ။ တဆက်တည်းထပ်မေးချင်တာက ကမ္ဘောဒီယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါလည်း တက်ရောက်နိုင်တယ်လို့ ဒီရက်ပိုင်းမှာ သတင်းတွေထွက်တယ်လေ။ သူတို့ကော တက်ရောက်ဖို့ရှိလားရှင့်။

ကိုမိုးဇော်။ ။ ပွဲစီစဉ်တဲ့သူတွေကို ကျွန်တော်တို့မေးမြန်းကြည့်တဲ့အခါကျတော့ ကမ္ဘောဒီယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါတို့ တက်ရောက်ဖို့မရှိဘူး လို့ ကြားသိရပါတယ်ခင်ဗျ။

မစုမြတ်မွန်။ ။ နောက်ဆုံးမေးချင်တာကတော့ လုံခြုံရေးအခြေအနေပါ။ အခုကိုမိုးဇော်က နေပြည်တော်မှာရောက်နေတာဆိုတော့ လုံခြုံရေးအတော်တင်းတင်းကျပ်ကျပ်ချထားသလား။ ဘယ်လိုမြင်ရပါသလဲ။ လက်ရှိအခြေအနေလည်း သိပါရစေရှင့်။

ကိုမိုးဇော်။ ။ လုံခြုံရေးကတော့ နေပြည်တော်အဝင်မှာကတော့ တော်တော်လေးတင်းတင်းကျပ်ကျပ်စစ်ဆေးတာမျိုးတွေ ရှိပါတယ်။ နေပြည်တော်မြို့တွင်းပိုင်းမှာကတော့ ထူးထူးခြားခြား လုံခြုံရေးတင်းတင်းကျပ်ကျပ်ချထားတာမျိုး သိပ်မတွေ့ရပါဘူး။ အခမ်းအနားကျင်းပမဲ့ နေရာတွေဘက်မှာတော့ လုံခြုံရေးတွေချထားတာမျိုး ရှိပါတယ်ခင်ဗျ။ ကိုယ်စားလှယ်တွေတည်းတဲ့ တည်းခိုဆောင်တွေမှာဆိုရင်လည်း လုံခြုံရေးအပြည့်ပေးထားတာတွေ့ရပါတယ်။ လမ်းမတွေပေါ်မှာတော့ လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ်ချထားတာမျိုး မတွေ့ရပါဘူးခင်ဗျ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG