သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နမ့်ခမ်း စစ်ကောင်စီစခန်းသစ်ကုန်း TNLA ထိန်းချုပ်


ရှမ်းပြည်မြောက်ပိုင်း နန့်ဆန်မြို့နယ်အတွင်း တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဒီဇင်ဘာ ၁၃၊ ၂၀၂၃)
ရှမ်းပြည်မြောက်ပိုင်း နန့်ဆန်မြို့နယ်အတွင်း တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဒီဇင်ဘာ ၁၃၊ ၂၀၂၃)

တလကျော်ကြာ တိုက်ပွဲပြင်းထန်ခဲ့တဲ့နောက် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့က စစ်ကောင်စီရဲ့ စခန်းသစ်ကုန်းကို တအာင်းတပ်မတော် TNLA က သိမ်းယူလိုက်ပါတယ်။ မနေ့ညပိုင်းမှာ စစ်ကောင်စီတပ်က ဆုတ်ခွာသွားတဲ့နောက် သိမ်းယူခဲ့တာ ဖြစ်ကြောင်းနဲ့ သိမ်းဆည်းရမိတဲ့ လူသူ လက်နက်အခြေအနေကို စာရင်းကောက်ယူ နေဆဲဖြစ်ကြောင်း PSLF/TNLA ပြောခွင့်ရှိသူက ပြောပါတယ်။ ရှမ်းမြောက်ဒေသက နောက်ဆုံးရ တိုက်ပွဲသတင်း ပေးပို့ချက်တွေကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးမှာပါ။

တရုတ်-မြန်မာနယ်စပ်က နမ့်ခမ်းမြို့ကို နိုဝင်ဘာ လဆန်းပိုင်းမှာ TNLA က ထိန်းချုပ်ခဲ့တဲ့နောက် ကျန်ရှိနေတဲ့ စစ်ကောင်စီရဲ့ စခန်းသစ်ကုန်းကို ဆက်လက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က လေကြောင်းက အကြိမ်ကြိမ် ပစ်ကူပေးပြီး ဒီစခန်း မကျအောင် ခုခံကာကွယ်ခဲ့တာပါ။ ဒီနမ့်ခမ်းမြို့ စခန်းသစ်ကုန်းကို တလကျော်ကြာ တိုက်ခိုက်ပြီး ဒီလ ၁၈ရက်နေ့ သန်းခေါင်ကျော်အချိန်မှာ သိမ်းယူနိုင်ခဲ့တယ်လို့ PSLF/TNLA ပြောရေးဆိုခွင့်ရှိသူ ရုံးတာဝန်ခံ အမျိုးသမီးက အခုလို အတည်ပြု ပြောပါတယ်။

“တိုက်ပွဲအခြေအနေက မနေ့ညမှာ တနာရီခွဲပေါ့။ ကျမတို့ TNLA တပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ နမ့်ခမ်း စခန်းသစ်ကုန်းကို ဝင်ရောက် ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့တယ်။ မနေ့ကတုံးက ညမတိုင်ခင်မှာသူတို့ အရင်ဆုတ်ခွာတယ်။ ဆုတ်ခွာတဲ့နောက်ပိုင်းမှာ ကျမတို့ တပ်က ဝင်ရောက် စီးနင်းပြီးတော့မှ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်။ စခန်းသစ်ကုန်းက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်ကနေ ဒီဇင်ဘာ ၁၈ ရက်နေ့ထိ ၃၀ ရက်ကျော်တယ်။ လက်နက်နဲ့ ဖမ်းဆီးရမိတဲ့ စာရင်းတော့ အသေးစိတ်တက်မလာသေးဘူး။ ကျမတို့ စုဆောင်းနေဆဲ ဖြစ်တယ် ပေါ့နော်။”

ဒီနေ့ တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး သတင်းတက်လာတာ မရှိသေးကြောင်းနဲ့ မနေ့ကတော့ နမ့်ဆန်မြို့မှာ လေကြောင်းက ဗုံးကြဲတာကြောင့် အရပ်သား ထိခိုက်သေဆုံးတာရှိကြောင်းလည်း ပြောပါတယ်။

“ဒီနေ့တော့ တက်လာတာ မတွေ့ဘူး။ မနေ့ကဆို နမ့်ဆန်ဘက်မှာ ပေါင် ၅၀၀ ဗုံးလာကြဲသွားလို့ အရပ်သား ၄ဦး သေဆုံးသွား တာတော့ ရှိတယ်။ မန်တုံဘက်မှာက မနေ့က လက်နက်ကြီးပစ်တယ်။ ဒီနေ့တော့ ဘာသတင်းမှ မတက်လာ သေးဘူး။”

ယခင်မှတ်တမ်းရုပ်ပုံ | ရှမ်းပြည်မြောက်ပိုင်း နန့်ဆန်မြို့နယ်အတွင်း တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဒီဇင်ဘာ ၁၃၊ ၂၀၂၃)
ယခင်မှတ်တမ်းရုပ်ပုံ | ရှမ်းပြည်မြောက်ပိုင်း နန့်ဆန်မြို့နယ်အတွင်း တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဒီဇင်ဘာ ၁၃၊ ၂၀၂၃)

မူဆယ် ဒေသခံတဦးကတော့ နမ့်ခမ်းမြို့ စခန်းသစ်ကုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒီမနက် ၆နာရီလောက်မှာ မူဆယ်မြို့ကို ရောက်လာတဲ့ သတင်း ကြားရကြောင်း အခုလို ပြောပါတယ်။

“နမ့်ခမ်းကကျတော့ စခန်းသစ်ကုန်း ကျသွားပြီလို့ ပြောတယ်။ ၆နာရီလောက်က ဒီဗျူဟာမှူးတွေ၊ ကျန်တဲ့လူတွေ ပေါ့နော် အဲဒီကုန်းမှာ ရှိနေတဲ့သူတွေက ဒီမူဆယ်မှာ ရောက်နေပြီလို့ တော့ ပြောတယ်။ သူတို့ ဒီကို ရောက်မှ စခန်းသိမ်းလိုက်တာလား ပေါ့နော်။ အဲဒါ အပေးအယူ တခုခုနဲ့ သူတို့ လွှတ်လိုက်တာလားပေါ့နော်။ စဉ်းစားစရာ ဖြစ်နေတယ်ပေါ့နော်။ ”

ဒီကနေ့ မနက် ၁နာရီအချိန် လောက်မှာတော့ မူဆယ်မြို့ အရှေ့မြောက်ဘက် လွယ်တင်ခမ်း တောင်ခြေဘက်မှာ လေယာဉ်နဲ့ ၃ ကြိမ်လာရောက်ပြီး ပစ်ခတ်တာ ရှိကြောင်း၊ အဲဒီနေရာဘက်မှာ ကိုးကန့်တပ် MNDAA တွေ ရောက်နေတယ်လို့လည်း သတင်းကြားရကြောင်း မူဆယ်ဒေသခံက ဆက်ပြောပါတယ်။

ဒေသတွင်း သတင်းမီဒီယာတွေမှာတော့ လောက်ကိုင်မြို့အနီး တရုတ်မြန်မာ နယ်စပ်ဂိတ်ဖြစ်တဲ့ ရန်လုံကျိုင်း ဂိတ်ကို ဒီလ ၁၈ ရက်နေ့က MNDAA သိမ်းယူလိုက်ကြောင်းနဲ့ ရန်လုံကျိုင်းဂိတ်က လုံခြုံရေး တပ်ဖွဲ့တွေဟာ MNDAA ဆီမှာ လက်နက်ချခဲ့ကြောင်း ဖော်ပြပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး MNDAA က အတည်ပြု ထုတ်ပြန်တာတော့ မတွေ့ရပါဘူး။ သူတိုရဲ့ သတင်းစာမျက်နှာ ဖြစ်တဲ့ The Kokang မှာတော့ MNDAA ခေါင်းဆောင်တွေဟာ နယ်စပ်မှတ်တိုင် BP ၁၂၅ ရှိ စစ်ရှောင်စခန်းကို သွားရောက်ပြီး ပြည်သူတွေနဲ့ တွေ့ဆုံတဲ့ သတင်းဖော်ပြထား ပါတယ်။ BP ၁၂၅ စခန်းဟာ အရင်က စစ်ကောင်စီတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာလည်း ဖြစ်ပါတယ်။

MNDAA ရဲ့ ဒီနေ့ သတင်းထုတ်ပြန်ချက်မှာ တော့ ဒီဇင်ဘာလ ဒုတိယပတ်က စတင်ပြီး ကိုးကန့်ဒေသမှာ တိုက်ပွဲ ပြင်းပြင်းထန်ထန် မဖြစ်ပွားခဲ့ ကြောင်း၊ ဒီလ ၁၈ ရက်နေ့ ညပိုင်းမှာတော့ လောက်ကိုင်မြို့နယ် လောက်ရှန်ထန် ဒေသမှာ စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ လတ်တလော ရှမ်းမြောက်ဘက်က တိုက်ပွဲသတင်းတွေနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG