သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နန့်ဆန်မြို့နဲ့ မူဆယ် ၁၀၅ မိုင်စစ်တပ်ဗျူဟာကုန်း ညီနောင်မဟာမိတ်တွေ သိမ်းပိုက်


မြောက်ပိုင်းမဟာမိတ်အဖွဲ့က သတင်းထုတ်ပြန်ထားသည့် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ရှမ်းပြည်မြောက်ပိုင်း နန့်ဆန်မြိုက ပျက်စီးသွားသည့်အဆောက်အဦများ (ဒီဇင်ဘာ ၁၄၊ ၂၀၂၃)
မြောက်ပိုင်းမဟာမိတ်အဖွဲ့က သတင်းထုတ်ပြန်ထားသည့် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ရှမ်းပြည်မြောက်ပိုင်း နန့်ဆန်မြိုက ပျက်စီးသွားသည့်အဆောက်အဦများ (ဒီဇင်ဘာ ၁၄၊ ၂၀၂၃)

၁၀၂၇ စစ်ဆင်ရေးလုပ်နေတဲ့ တိုင်းရင်းသားညီနောင်အဖွဲ့တွေနဲ့ စစ်တပ်ကြားတိုက်ပွဲတွေ ဆက်ဖြစ်နေတာမှာ ရှမ်းပြည်မြောက်ပိုင်းက စစ်တပ်ရဲ့ ၁၀၅ မိုင် ဗျူဟာကုန်းနဲ့ နမ့်ဆန်မြို့ကို ညီနောင် ၃ ဖော်အဖွဲ့ဖက်က သိမ်းပိုက်လိုက်ပါတယ်။ ၁၀၅ မိုင် ဗျူဟာကုန်းဟာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ မူဆယ် ၁၀၅ မိုင်နယ်စပ်ဂိတ်နားမှာ တည်ရှိပါတယ်။

ညီနောင် ၃ ဖွဲ့ထဲက ကိုးကန့် MNDAA အဖွဲ့နဲ့ စစ်တပ်ကြား ယာယီအပစ်ရပ်ထားပေမဲ့ ကျန်တဲ့ တအာင်းနဲ့ ရက္ခိုင်တပ်တွေနဲ့ စစ်တပ်ကြား ရှမ်းပြည်မြောက်ပိုင်းမှာ ဆက်လက်တိုက်ပွဲတွေ ဖြစ်နေတာပါ။ တရုတ်ကြားဝင်စေ့စပ်တဲ့ ဆွေးနွေးပွဲကြောင့် ကိုးကန့်က ယာယီအပစ်ရပ်ခဲ့ပြီး လောက်ကိုင်ဖက်မှာ တိုက်ပွဲတွေ နည်းသွားပေမဲ့ တခြားနေရာတွေမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာတာနဲ့ပတ်သက်လို့ ကိုဝင်းမင်း သုံးသပ်တင်ပြထားပါတယ်။

စစ်ကောင်စီနဲ့ ညီနောင်သုံးဖွဲ့ ဆွေးနွေးပွဲ တရုတ်ဘက်က ဘာကြောင့် ကြားဝင်ရပုံကို ရှမ်းပြည်နယ်အရေး ကျွမ်းကျင်သူ စိုင်းထွန်းအောင်လွင်က အခုလို ပြောပြပါတယ်။

"တရုတ်က ပုံမှန်အားဖြင့်တော့ နယ်စပ်တည်ငြိမ်ရေး၊ မြန်မာပြဿနာကိို ငြိမ်းချမ်းစွာ ဖြေရှင်းရေးတို့ကို ကိုင်ထားတာ။ အဲဒါ ဒီဟာတွေဖြစ်ကတည်းက တောက်လျှောက် သူတိုက်တွန်းနေတာ ရှိတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူ့ရဲ့ interests တွေက၊ ဥပမာ ကျားဖျံလိုကိစ္စတွေက လုံလုံလောက်လောက် ဖြစ်မှာပေါ့။ သို့သော်ငြားလဲ သူ့ရဲ့အကျိုးစီးပွားတွေကို ထိလာတယ်လို့ ခံစားလာရတဲ့အခါမှာ နယ်စပ်ဒေသတွေမှာ မတည်မငြိမ် ဖြစ်တဲ့ဟာက ပိုပြီးမှ ပမာဏများလာတဲ့အခါမှာ အဓိကအားဖြင့်တော့ နယ်စပ်ကုန်သွယ်ရေး ရပ်သွားတာကြာတော့ နစ်နာတယ်။ သူ့စီမံကိန်းတလျှောက်မှာလည်း တိုက်ပွဲတွေက ဖြစ်နေတယ်။ နောက် NUG ကိစ္စကိုလည်း သူပြောတယ်။ သူက ဒါကို စိုးရိမ်ပြီးမှ စစ်ကောင်စီကလည်း အဓိကအားဖြင့် သူ့ကို အကူအညီတောင်းခံတဲ့အချိန်မှာ နှစ်ဘက်စလုံးကို ဖိအားပေး လုပ်တယ်လို့တော့ မြင်တယ်။"

တရုတ်ရဲ့ ကြားဝင်မှုအပေါ် PPST ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ပူးတွဲခေါင်းဆောင် ဦးခွန်ဥက္ကာကလည်း အခုလို ရှင်းပြပါတယ်။

"တရုတ်ကပါလာတာ၊ အကန့်အသတ်နဲ့ ထိန်းချုပ်ပြီးတော့ ပါဝင်တဲ့သဘောပါတယ်။ နောက်ပြီးတော့ တရုတ်ကတော့ ဝင်ထိုင်တယ်။ ဒါပေမဲ့ ဘာမှမပြောဘူး။ ဒါပေမဲ့ စကားပြန်ကနေတဆင့် သူတို့ အခြေအနေအားလုံးကိုတော့ အနီးကပ်စောင့်ကြည့်တယ်။ ဒါကတော့ လုပ်နေကြပါ။ တချိန်တုန်းက KIO နဲ့ ဦးအောင်မင်း ရွှေလီမှာ ဆွေးနွေးတာ၊ တရုတ်အဖိုးကြီး...က သူ့အခန်းထဲကနေ ထိုင်နားထောင်နေတာပဲ။ ဒါပေမဲ့ ကျနော်တို့ဝိုင်းထဲတော့ လာမထိိုင်ဘူး။ အခုပွဲကြတော့ ဝိုင်းထဲဝင်ထိုင်တာ။ နည်းနည်းလေးတော့ တမျိုးပေါ့။ သို့သော်လဲ သူဝင်ထိုင်နေလို့လဲ တွေ့ဆုံဆွေးနွေးတဲ့ လမ်းကြောင်းပေါ်တာ။ ဟို သုံးဖွဲ့ကလည်း။ ဒါပေမဲ့ ဆွေးနွေးတိိုင်းလည်း လျှော့မှာတော့ မဟုတ်ဘူး။ ဆွေးနွေးပွဲမှာပဲ အပေးအယူ ဖြစ်လာမယ့်သဘော ရှိတယ်။"

ဒါ့အပြင် ရှေ့ဆက်ဖြစ်လာနိုင်ခြေကိုလည်း စိုင်ထွန်းအောင်လွင်က အခုလိုဆက်ပြောပါတယ်။

"လက်တွေ့မှာတော့ လောက်ကိုင်ဒေသဘက်မှာတော့ ယာယီအားဖြင့် ကိုးကန့်ဒေသဘက်မှာတော့ အပစ်ခတ် တော်တော်လေး မရှိသလောက် နည်းသွားတယ်။ ဒကစ လောက်ကိုင်တို့ဘက်လည်း အပြင်ထွက်ပြီးမှ ဈေးဝယ်တာတွေ ဘာတွေဖြစ်လာတယ်။ နည်းနည်းပါးပါး ကျို့ကြားကျို့ကြားလေးတွေ ရှိမယ်။ ဒါပေမဲ့ သံလွင်နောက်ဘက်ကမ်းနဲ့ ရှမ်းဒေသတွေနဲ့ အထူးသဖြင့်တော့ မူဆယ်လမ်းပေါ်၊ နန့်ခမ်းဒေသတို့မှာတော့ အဲဒီမတိုင်ခင်ကတည်းက ပြတ်ပြတ်သားသား အနိုင်ရတဲ့ဟာမျိုး တချို့နေရာတွေမှာ မရှိသေးဘူး။ လမ်းတွေဖြတ်ထားတာ မှန်တယ်။ တပ်မတော်ရဲ့ ဗျူဟာကုန်းတွေကလည်း ရှိနေသေးတော့၊ အဲဒါတွေကို တိုင်းရင်းသားအဖွဲ့တွေက သတ်မှတ်တဲ့ ရက်တွေအတွင်းမှာ အပြီသိမ်းလာတဲ့သဘော၊ ဥပမာ ၁၀၅ မိုင်ဆိုရင် MNDAA နဲ့ AA က ပေါင်းသိမ်းတယ်။ TNLA ဆိုရင် နန့်ခမ်းမှာ သူ့ရဖို့ကြိုးစားနေတာ ရက်ပေါင်း ၄၀ ကျော်နေပြီ။ စခန်းသစ်တို့ မရတဲ့အချိန်မှာ သူနည်းနည်းလေး ပြန်ငြိမ်တယ်။ အဲဒီမှာ နောက်တခုက တပ်ဖွဲ့တွေ၊ တပ်သားတွေ စိတ်ဓါတ်တက်ကြွအောင် ဒီနေ့ဆို ပလောင်အမျိုးသားနှစ်သစ်ကူးနေ့ မတိုင်ခင်၊ သူတို့ရဲ့ သမိုင်းစဉ်ဆက် အုပ်ချုပ်ရေးနယ်မြေဖြစ်တဲ့ နန့်ဆန်ကို သိမ်းရတာမျိုး။"

ရှေ့ဆက်ဖြစ်လာနိုင်ခြေအပေါ် ဦးခွန်ဥက္ကာကလည်း အခုလို ဆက်ရှင်းပြပါတယ်။

"အားလုံးတွက်တာက မြောက်ပိုင်းသုံးဖွဲ့ကတော့ ညှိနှိုင်းပွဲ ဖြစ်နေတော့၊ သာသာထိုးထိုးလေး ရအောင်တော့ အစွမ်းကုန်ကြိုးပမ်းမယ်လို့ တွက်ထားကြတယ်။ မူဆယ်ကို မရရအောင်ယူမယ်။ ဆွေးနွေးပွဲကြမှသာ Compromise လုပ်တဲ့နေရာမှာ ပိုအားရှိသွားမယ် သဘောမျိုးပေါ့ ပြင်တာတော့ ရှိတယ်။ Compromise တော့ လုပ်ကြမှာပဲ။ အဲဒါကတော့ သေချာတယ်။ အဲဒီ အပေးအယူ၊ အလျှော့အတင်းတွေ ဘာဖြစ်လာမလဲဆိုတာကတော့ စောင့်ကြည့်ရမှာပေါ့။ ကျနော်တော့ ဘာပဲဖြစ်ဖြစ် မြောက်ပိုင်းက ဆက်လက်ပြီးတော့ ပဋိပက္ခ ပိုကြီးထွားလာဖို့တော့ သိပ်မရှိတော့ဘူးလို့ ထင်တယ်။ နှစ်သစ်ကူးတာနဲ့ ပုံစံတမျိုး ပြောင်းသွားလိမ့်မယ်လို့ ထင်တယ်။"

တကယ်တော့ အခုလို တရုတ်ကြားဝင်ပြီး ဆွေးနွေးမှုက မကြာခင် နောက်တခေါက် ပြန်ဖြစ်လာပေမဲ့ တချို့တိုက်ပွဲတွေလည်း ဆက်ပြင်းထန်လာနိုင်သေးတယ်လို့ သုံးသပ်သူတချို့က ထောက်ပြနေကြပါတယ်။

XS
SM
MD
LG