သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နမ့်ဆန်မြို့ကို အလုံးစုံထိန်းချုပ်နိုင်ကြောင်း TNLA အတည်ပြု


The Ta'ang Post ဖေ့စ်ဘုတ်ခ်စာမျက်နှာမှာထုတ်ပြန်ထားသည့် စစ်ရေးဓါတ်ပုံတပုံ
The Ta'ang Post ဖေ့စ်ဘုတ်ခ်စာမျက်နှာမှာထုတ်ပြန်ထားသည့် စစ်ရေးဓါတ်ပုံတပုံ

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသရဲ့ မြို့တော် နမ့်ဆန်မြို့ကို တအာင်းတပ် TNLA က အလုံးစုံ ထိန်းချုပ်လိုက်ပြီး စစ်ကောင်စီ တပ်စခန်းတွေကို သိမ်းယူလိုက်ပါတယ်။ ဒီတိုက်ပွဲအတွင်း ဟောင်ဝစ်ဇာ အမြောက် ၄ လက် အပါအဝင် လက်နက်အများအပြားကိုလည်း သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ထားပါတယ်။ တချိန်တည်းမှာဘဲ ကွတ်ခိုင်မြို့မှာ စစ်ရေးအခြေအနေ တင်းမာနေပြီး ပြည်သူတချို့ ဘေးလွတ်ရာကို ရွှေ့ပြောင်းတာတွေ ရှိနေပါတယ်။ ရှမ်းမြောက်ဒေသရဲ့ အခြေအနေ ရန်ကုန်ကပေးပို့တဲ့ သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့တော်လည်းဖြစ် ၊ တအာင်း (ပလောင်) စော်ဘွား အဆက်ဆက် ဟော်နန်းစိုက်ခဲ့ရာလည်းဖြစ်တဲ့ နမ့်ဆန်မြို့ကို တအာင်းနှစ်သစ်ကူးနေ့ မတိုင်မီ တရက်အလိုမှာ TNLA က သိမ်းယူခဲ့တာပါ။ နမ့်ဆန်မြို့ကို သိမ်းယူခဲ့တာနဲ့ပတ်သက်ပြီး PSLF/TNLA ရဲ့ပြောရေးဆိုခွင့်ရှိသူ ရုံးတာဝန်ခံ အမျိုးသမီးက အခုလို ပြောပါတယ်။

“ ဟုတ်ကဲ့။ ဒီ နမ့်ဆန်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ အလုံးစုံ ထိန်းချုပ်နိုင်ခဲ့တယ်။ နမ့်ဆန်မှာ ဒီအရေးကြီးတဲ့ နောက်ဆုံး ဗျူဟာကုန်း တပ်စခန်းကို ၁၅ ရက်နေ့မှာ ဝင်တိုက်တယ်။ အဲဒီမှာ အကုန်လုံး ရခဲ့တယ်။ နမ့်ဆန်ကို ၁၀ ရက်နေ့ကနေ ၁၅ ရက်နေ့ဆို ၆ရက်ကြာတာပေါ့။ စခန်းဆို ၄ ခုရှိမယ်။ ပြီးရင် အစိုးရရုံး ဌာနပါမယ်။ ပြီးရင် ရဲဌာနပါမယ်။ လက်ဖက်ခြောက်ရုံပါ ပေါင်းလိုက်ရင်တော့ ၇ ခုလောက် ရှိမယ်။ ”

နမ့်ဆန်တိုက်ပွဲမှာ စစ်သုံ့ပန်း ၂၃ ဦးနဲ့ မိသားစုဝင်တွေ ဖမ်းဆီး ရမိပြီး ဟောင်ဝစ်ဇာ အမြောက် ၄ လက် အပါအဝင် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့ကြောင်း လည်း ပြောပါတယ်။

“နမ့်ဆန်တိုက်ပွဲမှာက စစ်သုံ့ပန်းက ၂၃ ဦးဖမ်းမိတယ်။ ပြီးရင် မိသားစုဝင်တွေ၊ ရဲ က ၆ ဦး၊ ရဲမိသားစုဝင်တွေဆို ၇၀ ကျော်ကျော်တော့ရှိမယ်။ အဓိက ဟောင်ဝစ်ဇာက ၄ လက်ပါမယ်။ ပြီးရင် စနိုက်ပါ ပါမယ်။ ပြီးရင် ၆၀မမ။ ၈၀မမ ပြီးရင် ၁၂၀ မမ၊ အဲဒါတွေလည်း ပါမယ်။ ပြီးရင် လက်နက်အမြောက်အများပေါ့လေ။ အမြောက်အများ ရရှိတယ်။ ဒီနေ့အထိ သူတို့က ဒီမနက်အထိတော့ လေယာဉ်နဲ့ လာကြဲတာတွေ ရှိပါတယ်။”

မူဆယ်မြို့ ၁၀၅ မိုင်က စစ်ကောင်စီ တပ်စခန်းကို ညီနောင်မဟာမိတ်အဖွဲ့တွေက သိမ်းယူလိုက်ကြောင်း သတင်းတွေ ထွက်ပေါ်ပေမဲ့ PSLF/TNLA ရဲ့ပြောရေးဆိုခွင့်ရှိသူ က အတည်မပြုနိုင် သေးကြောင်း ပြောပါတယ်။ ဒီကနေ့တော့ တိုက်ပွဲသတင်း ပေးပို့လာတာ မရှိသေးကြောင်း နဲ့ မနေ့က အထိတော့ နမ့်ခမ်းနဲ့ ကွတ်ခိုင်ဘက် မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါး နေကြောင်းလည်း ပြောပါတယ်။ ကွတ်ခိုင်ဒေသခံ တဦးကတော့ မြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားတာ မရှိပေမဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိကြောင်း ပြောပါတယ်။

“မြို့ပေါ်တော့ အခုထိ မဖြစ်သေးဘူး။ ဒါပေမဲ့ လက်နက်ကြီးက ကြုံတဲ့အချိန်ကို ပစ်နေတော့ မြို့ထဲကျလိုက်ရွာကို ထိလိုက်၊ ညဆိုရင် ၆ နာရီ မထိုးသေးဘူး။ သူတို့ရဲ့ ကင်းပုန်းက ဖြတ်တဲ့လူတွေ ပစ်လိုက်နဲ့ သေတဲ့လူသေ။ ဒဏ်ရာရတဲ့ လူရ အဲလိုဖြစ်။ ခုနလေးတောင်မှ လေယာဉ်လာပြီးတော့ ရပ်ကွက် ၈ နားက ဟိုချောင်းဘက် ပစ်တယ်ဆို လို့ အဲလိုဖြစ်နေတာ။ သတင်းကတော့ ဘာမှ မရသေးဘူး။ ပစ်တာတော့ သေချာတယ်။ လိုင်းကလည်း မကောင်းတော့ အင်ဖော်မေးရှင်းကလည်းမရ အဲလိုမျိုးဖြစ်တာ။”

ကွတ်ခိုင်မြို့မှာ တယ်လီဖုန်းလိုင်းတွေ မကောင်းပဲ မြို့တွင်းခေါ်ဆိုရဟာ အဝေးခေါ်ဆိုရတာထက် ပိုမိုခက်ခဲ နေကြောင်း နဲ့ ဒီလို အခက်အခဲ ဖြစ်နေရတာဟာ စစ်ကောင်စီ တပ်စခန်းတွေက Jammer စက်တွေသုံးပြီး ဒရုန်းသုံး တိုက်ခိုက်မှာကို ကာကွယ်နေတာကြောင့် ဖြစ်နိုင်ကြောင်းလည်း ပြောပါတယ်။

ဒီရက်ပိုင်းတွေ အတွင်းမှာ စစ်ကောင်စီတပ်ဗျူဟာကုန်းနဲ့ လုံခြုံရေးစခန်းနဲ့ နီးစပ်တဲ့ ရပ်ကွက်တွေကို ညီနောင်မဟာမိတ်အဖွဲ့တွေက ပြောင်းရွှေ့ခိုင်းနေကြောင်း သတင်းတွေ ထွက်ပေါ်နေသလို ဒေသခံအချို့ကလည်း အခြား ဘေးလွတ်ရာကို တိမ်းရှောင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

ကိုးကန့်တပ် MNDAA ကတော့ ဒီရက်ပိုင်းအတွင်း တိုက်ပွဲသတင်းထုတ်ပြန်တာ မရှိသလို ပြောရေးဆိုခွင့် ရှိသူကိုလည်း ဆက်သွယ်လို့ မရပါဘူး။ နမ့်ဆန်မြို့ကို TNLA တပ်ဖွဲ့က သိမ်းယူလိုက်တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို သတင်းမှားဖြစ်ကြောင်း တုံပြန်တာလည်း မတွေ့ရပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG