သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နမ့်ခိုင်တံတားက စစ်ကောင်စီတပ်စခန်း KIA ထိန်းချုပ်


ကချင်ပြည်နယ်အတွင်း တနေမှာတွေ့ရတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်သားများ (ဇန်နဝါရီ ၂၀၊ ၂၀၁၃)
ကချင်ပြည်နယ်အတွင်း တနေမှာတွေ့ရတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်သားများ (ဇန်နဝါရီ ၂၀၊ ၂၀၁၃)

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး ဒီမနက်မှာ ကချင်တပ်မတော် KIA က ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြားရှိ နမ့်ခိုင်တံတားက စစ်ကောင်စီတပ်စခန်းကို သိမ်းယူလိုက်သလို ကွတ်ခိုင်မြို့က စစ်ကောင်စီတပ်စခန်းကို တအာင်းတပ်မတော် TNLA က တိုက်ခိုက်တာ တွေရှိနေပါတယ်။ တချိန်တည်းမှာတော့ စစ်ကောင်စီဘက်က မူဆယ်မြို့မှာ စစ်သည်အင်အားဖြည့်တင်းတာတွေ ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းက နောက်ဆုံးရ တိုက်ပွဲသတင်းပေးပို့ချက်တွေကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး ၅၅ ရက်ကြာမြင့်လာချိန်ထိ ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဆဲ ရှိနေတာပါ။ ၁၀၂၇ စစ်ဆင်ရေးကို အဓိက ကိုးကန့် MNDAA, တအာင်း TNLA နဲ့ ရက္ခိုင် AA ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ပူးပေါင်းပြီး ဆက်လက် တိုက်ခိုက်နေချိန်မှာ ကချင်တပ် KIA က ကွတ်ခိုင်မြို့နယ်က စစ်ကောင်စီ တပ်စခန်းတခုကို သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီမနက် သိမ်းယူလိုက်တဲ့ တပ်စခန်းကတော့ ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြားရှိ နမ့်ခိုင်တံတားက တပ်စခန်းဖြစ်ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA ကို ပြောပါတယ်။

“ ရှမ်းမြောက်ဖက်မှာကတော့ ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြားက ကျနော်တို့ ကချင်အခေါ်အဝေါ်နဲ့တော့ နမ့်ခိုင်ခ တံတား ၊ အဲဒီတံတားက စခန်းတွေကို ဒီမနက် ၁၀နာရီ ကျော်မှာ KIA ဘက်က ထိုးစစ်ဆင်ပြီးမှ အဲဒီ စခန်းကိုသိမ်းတဲ့ တိုက်ပွဲတခု ရှိပါတယ်ခင်ဗျ။ အသေးစိတ်ကတော့ မသိဘူး။ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်း ရမိတယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ အမျိုးအစားတွေ အရေအတွက်တွေကတော့ သူတို့ ဘာမှ ပြောတာကတော့ မရှိဘူး။”

ကချင်ပြည်နယ် အတွင်းမှာတော့ တိုက်ပွဲဖြစ်ပွားတဲ့ သတင်း ပေးပို့လာတာ မရှိသေးကြောင်းလည်း ပြောပါတယ်။ နမ့်ခိုင်တံတားတိုက်ပွဲဖြစ်ပွားနေတဲ့ တချိန်တည်းမှာပဲ ကွတ်ခိုင်မြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေကို တအာင်းတပ်မတော် TNLA က တိုက်ခိုက်တာတွေရှိကြောင်း PSLF/ TNLA ရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“ ဟုတ်ကဲ့။ ဒီနေ့ တိုက်ပွဲသတင်း အခုချိန်ထိတော့ တက်လာတာ တခုပဲ ရှိတယ်ပေါ့နော်။ ဒီကွတ်ခိုင်ဖက်မှာ ကွတ်ခိုင်တပ်စခန်း ကျမတို့ ဝင်တိုက်ခိုက်တယ်ဆိုတဲ့ ဟာလေ။ အဓိက ကွတ်ခိုင်မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းပေါ့။ အချိန်အားဖြင့်တော့ ဒီမနက် ၉နာရီ ၄၅ ။ ဒီမနက်က သူတို့ သတင်းပို့ပေးချက်ဆိုတဲ့ ပုံစံမျိုးပေါ့။ တိုက်ပွဲကတော့ အခုချိန်ထိ ဆက်လက် ပြင်းထန်နေပါတယ်။ ”

ကွတ်ခိုင်ဒေသခံတဦးကတော့ မြို့ပတ်ပတ်လည်မှာ မနက်ကတည်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေကြောင်း၊ မြို့ခံတွေလည်း အပြင်မထွက်ရဲကြကြောင်း အခုလိုပြောပါတယ်။

“ မနက်ကတည်းက ပစ်နေတာ အခုထိပဲ။ မြို့ ပတ်ပတ်လည်ပဲ။ အကြီးရော၊ အသေးရော ဆိုဒ်စုံပဲ ပစ်နေတာ။ ဘယ်သူမှ မထွက်ရဲဘူး။ ရပ်ကွက် ၅၊ ရပ်ကွက် ၄ ၊ ရပ်ကွက် ၂၊ သင်္ချိုင်းကုန်းဖက်၊ ရပ်ကွက် ၁ဖက်ကနေ ရပ်ကွက် ၂ဖက် ပြန်ချ အဲလိုဖြစ်နေတာ။”

ကချင်ပြည်နယ် လိုင်ဇာမြို့အနီး တနေမှာတွေ့ရတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်သားများ (အောက်တိုဘာ ၁၁၊ ၂၀၁၆)
ကချင်ပြည်နယ် လိုင်ဇာမြို့အနီး တနေမှာတွေ့ရတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်သားများ (အောက်တိုဘာ ၁၁၊ ၂၀၁၆)

စစ်ကောင်စီ တပ်စခန်းအနီးမှာ နေထိုင်သူ အချို့ကတော့ ပြီးခဲ့တဲ့ ရက်တွေ ကတည်းက တိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်ပြီး လားရှိုးနဲ့ အခြားဒေသတွေကို ပြောင်းရွှေ့သွား တာတွေလည်း ရှိကြောင်း ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ကတော့နမ့်ခမ်းမြို့က စခန်းသစ်ကုန်းကို TNLA က သိမ်းပိုက်ခဲ့သလို မူဆယ်မြို့ ၁၀၅မိုင်မှာ လည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် မူဆယ်မြို့ပေါ်ကို စစ်ကောင်စီဘက်က လေကြောင်းကနေ အင်အားဖြည့်တင်း တာတွေ ရှိနေကြောင်းဒေသခံတွေက ပြောပါတယ်။

ဒီလ ၁၈ရက်နေ့က MNDAA တပ်ဖွဲ့တွေ အခြေစိုက်ရာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်၊ လောက်ရှန်းထန် ဒေသကို စစ်ကောင်စီဘက်က တိုက်လေယာဉ်နဲ့ ၃ ကြိမ် တိုက်ခိုက်ခဲ့သလို လက်နက်ကြီးနဲ့လည်း ပစ်ခတ်ခတ်ခဲ့ကြောင်း၊ အဲဒီနောက်မှာတော့ လောက်ရှန်းထန်ဒေသမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ကြောင်း MNDAA က သတင်းထုတ်ပြန်ထားပါတယ်။

ရှမ်းမြောက်ဒေသက သတင်းတွေကို အစဉ်တစိုက် ဖော်ပြနေတဲ့ ရွှေဖီမြေ သတင်းဌာနကတော့ ဒီကနေ့ မနက်မှာလည်း လောက်ကိုင်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း သတင်းထုတ်ပြန်ထား ပါတယ်။ တရုတ်နိုင်ငံရဲ့ ကြားဝင် စေ့စပ်မှုနဲ့ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေ တွေ့ဆုံပြီး ဒီဇင်ဘာ ၁၀ ရက် နေ့နောက်မှာ တိုက်ပွဲတွေ ငြိမ်သက်ခဲ့ရာက ၁၈ ရက်နေ့မှာ လောက်ကိုင်မြို့နယ်မှာ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားလာတာလည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Wang Wenbin ကတော့ မြန်မာပြည်မြောက်ပိုင်း ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ထောက်ခံပြီး ကူညီအားပေးနေကြောင်းနဲ့ မြေပြင်တင်းမာမှုတွေ လျော့ကျစေဖို့ ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဖို့နဲ့ သဘောတူထားတဲ့ အချက်တွေကို အမြန်အကောင်အထည်ဖော်ဖို့ အင်္ဂါနေ့က ပြောဆိုပါတယ်။ စစ်ကောင်စီဘက်က ရှမ်းမြောက်ဒေသ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာတော့ မတွေ့ ရသေးပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG