သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“မြန်မာမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အားပေး” တရုတ်နိုင်ငံခြားရေးဌာန


ရှမ်းပြည်နယ် စစ်ကောင်စီစခန်းတခုကိုသိမ်းပိုက်အပြီးတွေ့ရတဲ့ MNDAA ၊ AA နှင့် TNLA ပူးပေါင်းတပ်များ (နိုဝင်ဘာ ၂၄၊ ၂၀၂၃)
ရှမ်းပြည်နယ် စစ်ကောင်စီစခန်းတခုကိုသိမ်းပိုက်အပြီးတွေ့ရတဲ့ MNDAA ၊ AA နှင့် TNLA ပူးပေါင်းတပ်များ (နိုဝင်ဘာ ၂၄၊ ၂၀၂၃)

မြန်မာနိုင်ငံမြောက်ပိုင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထောက်ခံပြီး သက်ဆိုင်ရာအစုအဖွဲ့တွေကြား တွေ့ဆုံဆွေးနွေးမှုတွေဖြစ်လာအောင် တရုတ်နိုင်ငံအနေနဲ့ ကူညီထောက်ပံ့ပေးနေတယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက မနေ့ အင်္ဂါနေ့က ပြောပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုထောက်ခံပြီး မြန်မာနိုင်ငံတွင်း သက်ဆိုင်ရာအစုအဖွဲ့တွေကြား ဆက်သွယ် ဆွေးနွေးနိုင်ဖို့ ကူညီပံ့ပိုးပေးနေပါတယ်။ တရုတ်နိုင်ငံရပ်တည်ချက်က တသမတ်တည်းရှိပြီး မြန်မာနိုင်ငံတွင်း အစုအဖွဲ့တွေကြား မြေပြင်မှာတင်းမာမှုလျော့စေဖို့ တတ်နိုင်သမျှထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်ကြဖို့နဲ့ သဘောတူထားပြီးသားတွေကို အလျင်အမြန်အကောင်အထည်ဖော်နိုင်ကြဖို့ တရုတ်အနေနဲ့မျှော်လင့်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Wang Wenbin က ပြောပါတယ်။ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ကြား ယာယီအပစ်အခတ်ရပ်စဲရေးရခဲ့တယ်လို့ ဆိုပေမယ့် အရှေ့မြောက်ဒေသမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အပေါ်မှာ အခုလို တုံ့ပြန်ပြောဆိုသွားတာပါ။

MNDAA ကိုးကန့်အဖွဲ့၊ TNLA တအောင်းပလောင်အဖွဲ့၊ AA ရခိုင့်တပ်တော် စတဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့နဲ့ မြန်မာစစ်ကောင်စီတို့ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်တွေက တွေ့ဆုံခဲ့ပြီး ရလဒ်ကောင်းတွေရှိခဲ့တယ်လို့ တရုတ်အစိုးရဘက်က ထုတ်ပြန်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲရလဒ်တွေအပေါ်တည်ပြီး ဒီလကုန်ပိုင်းမှာ ဆက်လက်တွေ့ဆုံဖို့ရှိမယ်လို့လည်း မြန်မာစစ်ကောင်စီပြောခွင့်ရသူက ပြောခဲ့ပါတယ်။ ဒါပေမယ့် ကိုးကန့်ဒေသတွင်း လောက်ကိုင်အနီးမှာ တိုက်ပွဲတွေ သိသိသာသာ အရှိန်ကျသွားပေမယ့်လို့ ညီနောင်မဟာမိတ်တပ်တွေဟာ နမ့်ဆန်မြို့ကိုထိန်းချုပ်ခဲ့သလို အခု နောက်ဆုံး နမ့်ခမ်းမြို့အနီးက စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။

ကိုးကန့် လောက်ကိုင်မြို့ ရန်လုံကျိုင်းနယ်စပ်ဂိတ်မှာလည်း တနေ့က MNDAA အလံ လွှင့်ထူလိုက်တာကို လူမှုကွန်ယက်တွေမှာ ဓါတ်ပုံတွေနဲ့တကွ ဖော်ပြနေကြပါတယ်။ မူဆယ်မြို့အနီးတဝိုက်မှာလည်း တိုက်ပွဲတွေပြင်းထန်နေပါတယ်။ ဒါကြောင့်လည်း တရုတ်က စေ့စပ်ပေးထားတဲ့ ရှမ်းမြောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် သတင်းထောက်တွေက ပြန်လည်မေးခွန်းထုတ်နေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG