သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆယ်-လားရှိုး မြို့ရှောင်လမ်း ပြန်ဖွင့်  


တရုတ်ပြည်နဲ့နယ်စပ် ရှမ်းပြည်နယ်အတွင်းက မူဆယ်မြို့အနီး ကားလမ်းတခုကိုတွေ့ရစဉ် (ဇန်နဝါရီ ၁၂၊ ၂၀၁၉)
တရုတ်ပြည်နဲ့နယ်စပ် ရှမ်းပြည်နယ်အတွင်းက မူဆယ်မြို့အနီး ကားလမ်းတခုကိုတွေ့ရစဉ် (ဇန်နဝါရီ ၁၂၊ ၂၀၁၉)

ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ပွဲတွေကြောင့် လွန်ခဲ့တဲ့ တပတ်လောက်က ပိတ်ထားခဲ့တဲ့ မူဆယ်-လားရှိုး သွား မြို့ရှောင်လမ်းပိုင်းကို ဒီနေ့ အင်္ဂါနေ့ကစပြီး ဒေသခံကားတွေ သွားလာနိုင်အောာင် နှစ်ဘက်လက်နက်ကိုင် အဖွဲ့အစည်းတွေက ပြန်ဖွင့်ပေးထားကြောင်း ရှမ်းမြောက်က အရပ်ဘက်အဖွဲ့အစည်းတချို့က ဗွီအိုအေကို ပြောပါတယ်။ ဒီလိုဖွင့်ပေးတဲ့အခြေအနေက ယာယီဖြစ်ဖို့ များတဲ့အတွက် ဘယ်နေ့ဘယ်အချိန် လမ်းပြန်ပိတ်မယ်ဆိုတာကိုတော့ မခန့်မှန်းနိုင်သေးဘူး လို့လည်း ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုခင်မောင်စိုးမင်းက ပြောပြမှာပါ။

လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် လွန်ခဲ့တဲ့ တပတ်လောက်က ပိတ်ထားခဲ့ရတဲ့ မူဆယ်-လားရှိုး မြို့ရှောင်လမ်းကို ဒီနေ့ ဒီဇင်ဘာလ ၁၉ ရက်မှာ ပြန်ဖွင့်ပေးထားကြောင်း စစ်ရှောင်ကူညီရေး အဖွဲ့အစည်း တချို့က ဗွီအိုအေကို ပြောပါတယ်။ ဒီနေ့မနက်မှာ ခရီးသည်နဲ့ စားသောက်ကုန်တင်လာတဲ့ အိမ်စီးကားငယ်ပေါင်း ရာနဲ့ချီပြီး မူဆယ်ကနေ လားရှိုးမြို့ကို သွားနေကြောင်း စစ်ဘေးရှောင်ကူညီရေး အဖွဲ့တခုက ဗွီအိုအေကို ပြောပါတယ်။

" ဒီနေ့တော့ ဖွင့်ပေးလိုက်ပြီ၊ လုံးဝပိတ်ထားတာ။ အခုတော့ ဒီနေ့တော့ နည်းနည်း အခြေအနေ ကောင်းတယ်ဗျ၊ ဖွင့်ပေးလိုက်တာ။ တော်တော်ကိုများတယ်ဗျ အစီးပေါင်း ရာနဲ့ချီ၊ မိုးရွာရင်တော့ မလွယ်ဘူး၊ မိုးမရွာရင် အဆင်ပြေ ပါတယ်။ ကားသမားတွေကလည်း ဘယ်လိုပြောမလဲ ဖွင့်မဲ့ရက်ကို စောင့်ပြီး အငတ်ခံပြီး၊ ဒုက္ခခံပြီးတော့မှ သွားစောင့်နေကြရတာ။"

မူဆယ်-လားရှိုး-မန္တလေး ပြည်ထောင်စုလမ်းကတော့ ရှမ်းမြောက်စစ်ပွဲတွေ ပြင်းထန်လာတဲ့ အောက်တိုဘာ လကုန်ကစပြီး ပျက်စီးသွားတာကြောင့် ယာဉ်တွေသွားလာလို့ မရသေးပါဘူး။ မူဆယ်မြို့ကနေ နမ့်ခမ်းမြို့၊ အဲဒီနောက် မုန်းဝီး၊ မန်တုံ၊ နမ္မတူမြို့တွေကို ကွေ့ပတ်ဝင်ပြီးမှ လားရှိုးမြို့ကို သွားလို့ရတာ ဖြစ်ပါတယ်။ ဒီမြို့ရှောင်လမ်းကို ယာယီပြန်ဖွင့်ပေးတဲ့ သဘောမျိုးဖြစ်နိုင်ပြီး အခြေအနေကတော့ စိတ်မချရသေးကြောင်း ဒီစစ်ရှောင်ကူညီရေးအဖွဲ့က ပြောပါတယ်။

" ရက်အကန့်အသတ်ပေါ့ဗျာ တပတ်သော်လည်းကောင်း၊ သုံးရက်ဖွင့်ပေးမယ်။ နှစ်ရက်သော်လည်းကောင်း၊ တရက်သော်လည်းကောင်း အဲလိုဖွင့်ပေးမယ်ဆိုရင်တော့ ကျနော်တို့ ပရဟိတတွေလည်း ကူညီရတာ ကောင်းတာပေါ့ဗျာ၊ ကျနော်တို့လည်း စွန့်ပြီး သွားရတာဆိုတော့။ အဲလိုကြီး လုံးလုံးပိတ်ထားတဲ့ အခါကြတော့ ကြားထဲမှာ ပိတ်နေတဲ့သူရှိမယ်၊ ဒဏ်ရာရတဲ့သူရှိမယ်၊ ဖျားနာရှိမယ်၊ မွေးလူနာရှိမယ် ဒါမျိုးတွေကြ မလိုလားအပ်တဲ့ အသက်တွေ ဆုံးရှုံးသွားနိုင်တာပေါ့ဗျာ။"

ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ခမ်းမြို့ပေါ်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ် (နိုဝင်ဘာ ၉၊ ၂၀၂၃)
ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ခမ်းမြို့ပေါ်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ် (နိုဝင်ဘာ ၉၊ ၂၀၂၃)

ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီရဲ့ အမာခံဗျူဟာကုန်းတွေ ပြင်းပြင်းထန်ထန် တိုက်ခိုက်သိမ်းယူခံနေရတာကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်အများစုဟာ လေကြောင်းပစ်မှတ်တွေ ဖြစ်လာနေ ပါတယ်။ ဒီနေ့ဆိုရင် မူဆယ် တုံခမ်နဲ့ ၁၀၅မိုင် တဝိုက်ကို လေယာဉ်နဲ့ ဗုံးကြဲချနေကြောင်း ဒေသခံပရဟိတ တချို့က ဗွီအိုအေကို ပြောပါတယ်။

အစစအရာရာ တရုတ်ဘက်ကနေ ဝယ်ယူနေရတာကြောင့် မူဆယ်နဲ့ လားရှိုးမြို့တွေမှာ အဆမတန် ဈေးတွေ ကြီးနေကြောင်း လည်း ပြောပါတယ်။ မီးသွေးတအိတ်ကို မြန်မာကျပ်ငွေ ၅သောင်း နီးပါးရှိပြီး အလုံး ၃၀ ပါတဲ့ ကြက်ဥ တကတ်ကို ကျပ် ၁၀,၀၀၀ ကျော်သွားပြီ ဖြစ်ပြီး လက်လုပ်လက်စားတွေ အခက်ကြုံနေရတယ်လို့ မူဆယ်ဒေသခံ တဦးက အခုလိုပြောပါတယ်။

" ကျနော်တို့မူဆယ်မှာ စားသောက်ကုန်ကလည်း ဈေးကအော်ပြန်နေတာပဲ လက်လုပ်လက်စားသမားတွေကြ အများကြီး ခက်ခဲတာပေါ့။ စားသောက်ကုန်က တရုတ်ဘက်ကတော့ ဝင်ပေးပါတယ်၊ အသီးအနှံတွေအစုံပေါ့။ ဈေးကြီးတာလေးပဲ ရှိတာပါ။"

မူဆယ်-လားရှိုး-မန္တလေး ပြည်ထောင်စုလမ်းမကြီးကတော့ ရှမ်းမြောက်စစ်ပွဲတွေ ပြင်းထန်လာတဲ့ အောက်တိုဘာ လကုန် နောက်ပိုင်းက စပြီး သွားလာလို့ မရသေးပါဘူး။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အပစ်အခတ် ရပ်စဲထားဖို့ တရုတ်အစိုးရက ကြားဝင်ညှိနှိုင်း ပေးထားပေမဲ့ တိုက်ပွဲတွေက ဆက်တိုက်ရှိနေ တာပါ။ တအောင်းလွတ်မြောက်ရေးတပ်မတော် TNLA ကတော့ မနေ့က တနင်္လာနေ့ညပိုင်းမှာ နမ့်ခမ်းမြို့က စစ်ကောင်စီရဲ့ အထိုင်စခန်းကုန်းတခုကို သိမ်းပိုက်လိုက်ပြီလို့ ထုတ်ပြန်ထားပါတယ်။ စစ်ရှောင်တွေကတော့ မူဆယ်မြို့ပေါ်ကို အလုံးအရင်းနဲ့ ရောက်ရှိနေပြီး အရေးပေါ် အကူအညီတွေကတော့ လိုအပ်နေဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG