သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလက်နက်ကိုင်အဖွဲ့တွေ တပ်သားသစ်စုဆောင်းမှု လူ့အခွင့်ရေးအဖွဲ့တွေ ဝေဖန်


ပန်ဆိုင်း(ကြူကုတ်)မှာ အုပ်ချုပ်ရေးယန္တရား ပြန်လည်ထူထောင်နေကြောင်း MNDAA ထုတ်ပြန် (နိုဝင်ဘာ ၂၉၊ ၂၀၂၃)
ပန်ဆိုင်း(ကြူကုတ်)မှာ အုပ်ချုပ်ရေးယန္တရား ပြန်လည်ထူထောင်နေကြောင်း MNDAA ထုတ်ပြန် (နိုဝင်ဘာ ၂၉၊ ၂၀၂၃)

မြန်မာနိုင်ငံက လက်နက်ကိုင်ပဋိပက္ခတွေအတွင်း အဓမ္မစစ်သားသစ် စုဆောင်းမှုတွေ၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်ကြပါတယ်။ နိုင်ငံတကာ လွတ် ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က မြန်မာစစ်ကောင်စီဟာ စစ်ရာဇဝတ်မှုကျူးလွန်နေတာကြောင့် စုံစမ်းစစ်ဆေးဖို့ တိုက်တွန်းသလို MNDAA လို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေက အဓမ္မ စစ်သားစုဆောင်းမှုတွေ ရှိနေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW ကပြောပါတယ်။ လက်ရှိတိုက်ပွဲတွေ ဖြစ်နေတဲ့ဒေသတွေမှာ လူ့အခွင့်အရေးဘယ်လောက် ဆုံးရှုံးနေပါသလဲ။ ရန်ကုန်က ပေးပို့တဲ့ သတင်းကို မမြသဇင်အောင်က တင်ပြထားပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ရဲ့မနေ့ကထုတ်ပြန်ချက်မှာ စစ်ကောင်စီဟာ အရပ်သားတွေကို တိုက်ခိုက်နေသလို နိုင်ငံတကာက တားမြစ်ထားတဲ့ Cluster ဗုံးတွေသုံးပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေတာ၊ အပစ်မဲ့ အရပ်သားတွေကိုပါ ဖမ်းဆီးနေတာကြောင့် စုံစမ်းစစ်ဆေးဖို့ တောင်းဆိုထားတာပါ။

ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းကတော့ စစ်ကောင်စီတပ်တွေအနေနဲ့ ဒီနောက်ပိုင်းတိုက်ပွဲတွေမှာ အရပ်သားပြည်သူတွေကို ဦးတည်တိုက် ခိုက်မှုတွေပိုများလာသလို ပိုပြီး ဆိုးဝါးလာတာ တွေ့နေရတယ်လို့ပြောပါတယ်။

"အကြမ်းဖက်စစ်အုပ်စုအနေနဲ့ အခုဆိုရင် အရပ်သားပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်မှုဟာ နေရာ တိုင်းမှာ လုပ်ဆောင်နေတာပါ။ ဒီ ၁၀၂၇ စတဲ့နောက်ပိုင်းမှာ အရပ်သားတွေပေါ်မှာ ပစ်မှတ်ထားတိုက်ခိုက် မှုတွေ လေကြောင်း တိုက်ခိုက်မှု တွေမကဘဲ လက်နက်ကြီး ပစ်ခတ်မှုတွေက ပိုဆိုးလာပါတယ်။ အောက်တိုဘာလ ကနေနိုဝင်ဘာ အထိ ရရှိတဲ့ သတင်းအချက်အလက်အရ ဆိုရင် အရပ်သားပြည်သူကို ဦးတည်တိုက် ခိုက်တာ ၃၇၆ ကြိမ်ရှိပါတယ်။ ဒီဇင်ဘာလ အတွင်းမှာလည်း ထပ်ပြီး တိုးတက်နေတာ အားလုံးအသိပါ။ ဒီထက် ပိုမိုဆိုးဝါးတဲ့ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု မရှိတော့ပါဘူး။ ဒါတွေက လက်ရှိ မြန်မာနိုင်ငံရဲ့လက်ရှိအခြေ အနေဖြစ်ပါတယ်။"

စစ်ကောင်စီဟာ ဒီဇင်ဘာလဆန်းက ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ကို လေကြောင်းကနေ တိုက်ခိုက်ရာမှာ နိုင်ငံတကာက တားမြစ်ထားတဲ့ ဆင့်ကဲ ပေါက်ကွဲဗုံး (Cluster Bomb) သုံးနိုင်ဖွယ်ရှိတယ်လို့ AI ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း နမ့်ခမ်းမြို့နယ်မှာ စစ်ကောင်စီက Cluster ဗုံးတွေကို လေကြောင်းကနေ ၂ ကြိမ်ကြဲချတဲ့အတွက် အရပ်သားသေဆုံးမှုရှိကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) ထုတ်ပြန်ချက်ကိုလည်း ကိုးကားဖေါ်ပြထားပါတယ်။

ဒီလိုနိုင်ငံတကာ တားမြစ်ထားတဲ့ ဗုံးသုံးစွဲမှုနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် ပြန်ဖြေဆိုတာ မရှိပါဘူး။ NUG လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းကတော့ စစ်ကောင်စီရဲ့ ဒီလို လုပ်ဆောင်နေမှုကို NUG ဘက်က မျက်ကွယ်မပြုဘဲ တရားမျှတမှုရဖို့ အရေးယူ လုပ်ဆောင်သွား မယ်လို့ ပြောပါတယ်။

"ဒီလိုကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ တာဝန်ရှိတဲ့သူတွေအဆင့်အမြင့်ဆုံး တာဝန်ရှိသူတွေ ကို ရာဇဝတ်သား အဖြစ်သတ်မှတ် အရေးယူနိုင်ဖို့ အများဆုံး ကျနော်တို့ကြိုးပမ်း တောင်းဆိုလျက်ရှိပါ တယ်။ အခုလည်း ဆက်တောင်းဆို ရမှာဘဲ။ ဘာကြောင့်လဲ ဆိုတော့ ဒါတွေကမေ့ပျောက်လို့ရတဲ့ သာမန် အမှုတွေ မဟုတ်ပါဘူး။ အနာဂါတ်တိုင်းပြည်ကို ထူထောင်တာမှာ မလွဲမသွေ ဖြတ်သန်းရမယ့်၊ အသွင်ကူး ပြောင်းရေးကာလမှာ တရားမျှတမှု ဖော်ဆောင်နိုင်ဖို့ရယ် နောက်တခါ ဒါမျိုးတွေ မဖြစ်ဖို့အတွက် ကာကွယ်ပေးနိုင်ဖို့ အတွက် ခိုင်မာတဲ့ တရားမျှတမှု လိုအပ်လို့ဆက်ကြိုးပမ်းမှာပါ။"

AI အဖွဲ့နည်းတူ နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW ကလည်း စစ်ပွဲတွေအတွင်းမှာ အရပ်သားပြည်သူတွေဟာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အဓမ္မ စစ်သားစုဆောင်း ခံနေရတာမို့ စိုးရိမ်စရာ အခြေအနေ ဖြစ်နေတယ်လို့ မနေ့ ဒီဇင်ဘာ ၂၁ ရက်နေ့ ရက်စွဲနဲ့ အစီရင်ခံစာထုတ်ပြန် ပြောဆိုပါတယ်။

မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့မှထုတ်ပြန်ထားသည် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နမ့်ခမ်းမြို့နေအိမ်များ (ဒီဇင်ဘာ ၁၂၊ ၂၀၂၃)
မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့မှထုတ်ပြန်ထားသည် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နမ့်ခမ်းမြို့နေအိမ်များ (ဒီဇင်ဘာ ၁၂၊ ၂၀၂၃)

မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်သုံးဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ ရှမ်းပြည်မြောက်ပိုင်းက စစ်ကောင်စီတပ်စခန်းတွေကို ပစ်မှတ်ထား ထိုးစစ်ဆင်တိုက်ခိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက် နေ့မှာ စတင်ခဲ့ပြီး ရှမ်းပြည်နယ်တွင်း ဖြစ်ပွါးတဲ့တိုက်ပွဲတွေကနေ ထွက်ပြေးလာရတဲ့ အရပ်သားတွေကို (MNDAA) က အဓမ္မ စစ်သားစုဆောင်းတာတွေ လုပ်ဆောင်နေတယ်လို့ HRW ကြေညာချက် ဖော်ပြထားပါတယ်။

အရပ်သားတွေကို အဓမ္မစစ်သားစုဆောင်းပြီး အန္တရာယ်ဖြစ်အောင် လုပ်တဲ့ (MNDAA) ရဲ့ လုပ်ရပ်ဟာ စစ်ဥပဒေကို ချိုးဖောက်နေတာကြောင့် ချက်ချင်းရပ်တန့်ပြီး တတ်နိုင်သလောက် အကာအကွယ်ပေး ဖို့ကိုလည်း HRW ရဲ့ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Elaine Pearson က ထုတ်ပြန်ချက်ထဲမှာ တောင်းဆိုထားပါတယ်။

အခုလို တပ်သားသစ် စုဆောင်းတာနဲ့ပတ်သက်ပြီး MNDAA ပြောခွင့်ရသူ လီကျာဝင်းက MNDAA မှာ စစ်မှုထမ်းဥပဒေရ ရှိကြောင်း၊ အထူး ဒေသ ၁ အတွင်း မှီတင်းနေထိုင်နေသူအားလုံး အရွယ်ရောက်ရင် စစ်မှုထမ်းရမယ့်တာဝန်ရှိကြောင်းနဲ့ အသက်အရွယ် မပြည့်ဘူးလို့ ပြောဆိုတာတွေရှိရင်လည်း စစ်ဆေးပြီး စစ်မှုထမ်းမူဝါဒအတိုင်း လုပ်ဆောင်ပေးတဲ့အကြောင်း ဗွီအိုအေကို ဖြေကြားခဲ့ဖူးပါတယ်။

ဒါပေမယ့် တိုက်ပွဲတွေကြောင့် လောက်ကိုင်ကနေ စစ်ရှောင်လာတဲ့ ပြည်သူတဦးကတော့ စစ်သားသစ်စု ဆောင်းခံရတာနဲ့ ပတ်သက်ပြီး သူကိုယ်တိုင် ကြုံခဲ့ရတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

"လမ်းကတော့ အသက်နဲ့ရင်း သွားရတာဖြစ်တယ်။ လမ်းမှာက စစ်သားစုဆောင်းတာတွေ ကြုံရတယ်။ ချင်းရွှေဟော်လမ်းမှာ များတယ်။ ပါသွားတဲ့သူတွေများတယ်။ တိုင်းရင်းသားတွေ အဓိက အဆွဲခံရတာပေါ့။"

HRW ကတော့ မြန်မာစစ်တပ်မှာလည်း အရွယ်ရောက်ပြီးသူတွေကို အဓမ္မ အလုပ်စေခိုင်းတာနဲ့ ကလေးစစ်သား စုဆောင်းတာတွေ ရှိခဲ့ဖူးကြောင်း၊ ဒါပေမယ့် ဒီလိုဥပဒေနဲ့မညီတဲ့ လုပ်ရပ်တွေ ဆက်လက်ကျူးလွန် နေသလားဆိုတာ လက်ရှိ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နေရာတွေမှာ အတိအကျ သတင်းအချက်အလက်ရဖို့ ခက်ခဲတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်နဲ့ တော်လှန်ရေး အင်အားစုတွေကြား အောက်တိုဘာလကုန်ပိုင်းက စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်အတွင်း လူဦးရေ တစ်သိန်းနီးပါး အပါအဝင် စုစုပေါင်း လူခြောက်သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ HRW ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG