သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"မုန်လိုင်ခက် စစ်ရှောင်စခန်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှုမြောက်" - HRW


ကချင်ပြည်နယ် လိုင်ဇာမြို့အနီး မုန်လိုင်ခက် ဒုက္ခသည်စခန်းတိုက်ခိုက်ခံရအပြီးမြင်ကွင်း (အောက်တိုဘာ ၁၁၊ ၂၀၂၃)
ကချင်ပြည်နယ် လိုင်ဇာမြို့အနီး မုန်လိုင်ခက် ဒုက္ခသည်စခန်းတိုက်ခိုက်ခံရအပြီးမြင်ကွင်း (အောက်တိုဘာ ၁၁၊ ၂၀၂၃)

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး အရပ်သားတွေ သေဆုံးခဲ့တဲ့ မုန်လိုင်ခက် စစ်ဘေးရှောင် ဒုက္ခသည်စခန်းကို အောက်တိုဘာလ ၉ ရက်နေ့က မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှု မြောက်တဲ့အကြောင်း HRW လူ့အခွင့်အရေးအဖွဲ့က ပြောဆိုပါတယ်။ လေကြောင်းနဲ့ မြေပြင်က လက်နက်ကြီးတွေသုံး ထိုးစစ်ဆင်ခဲ့တဲ့အတွက် ကလေးငယ် ၁၁ ယောက်အပါအဝင် အရပ်သား ၂၉ ယောက် သေဆုံးခဲ့တဲ့ ဖြစ်ရပ်ကို ပြန်လည်စစ်ဆေးပြီး HRW အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်တာပါ။

တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ မျက်မြင်သက်သေ ငါးယောက်ကို မေးမြန်းခဲ့ပြီး ပုံ ၂၀ ကျော်နဲ့ ဗွီဒီယို သုံးခုကို HRW အဖွဲ့က စစ်ဆေးသုံးသပ်ခဲ့တာပါ။

မြန်မာစစ်တပ်တွေက ရွာကို ပထမ လေကြောင်းက တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ထိခိုက်ပျက်စီးခဲ့တဲ့ အပျက်အဆီး အစအနတွေဟာလည်း လေကြောင်းက ချပေးတဲ့ အားပြင်းတဲ့ ဖေါက်ခွဲရေးဗုံးတွေကြောင့်ဆိုတာ စစ်ဆေးတွေ့ရပြီး တိုက်ခိုက်တဲ့အချိန် အတိုက်အခံဘက်က လက်နက်ကိုင်အဖွဲ့တွေ မရှိတဲ့အကြောင်း HRW အဖွဲ့က ပြောဆိုပါတယ်။ သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ ဒီလို အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုကို ရှုတ်ချနေရုံ မဟုတ်တော့ပဲ တိကျတဲ့ အရေးယူမှုတွေ လုပ်ဖို့ လိုအပ်နေပြီဖြစ်တဲ့အကြောင်း HRW အဖွဲ့က ပြောဆိုထားတာပါ။ စစ်ကောင်စီကတော့ ယမ်းသိုလှောင်ထားတဲ့ နေရာမှာ မတော်တဆ ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ ငြင်းဆန်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုမြောက်နိုင်တယ်ဆိုတာကို Amnesty International လူ့အခွင့်အရေး အဖွဲ့ကြီးကလည်း ပြောဆိုထားပါတယ်။

XS
SM
MD
LG