သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“ကချင်စစ်ရှောင်စခန်းတိုက်ခိုက်မှု လေကြောင်းရော လက်နက်ကြီးတွေပါအသုံးပြုခဲ့” NUG ပြောခွင့်ရ


လိုင်ဇာ-မုန်လိုင်ခက် စစ်ရှောင်စခန်း ပေါက်ကွဲမှု ၃၀ နီးပါးသေဆုံး (အောက်တိုဘာ ၁၀၊ ၂၀၂၃)
လိုင်ဇာ-မုန်လိုင်ခက် စစ်ရှောင်စခန်း ပေါက်ကွဲမှု ၃၀ နီးပါးသေဆုံး (အောက်တိုဘာ ၁၀၊ ၂၀၂၃)

ကချင်နဲ့ တရုတ်နယ်စပ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းကို အင်္ဂါနေ့မနက်က စစ်ကောင်စီကလေကြောင်းကနေ အင်မတန်အားပြင်းတဲ့ ဗုံးကြဲတိုက်ခိုက်မှုအပြင် လက်နက်အမြောက်တွေနဲ့ပစ်ခတ်ခဲ့ကြောင်း NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇောက ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီက ကချင်ဘက်ကို ဘာကြောင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါသလဲ။ ဗုံးကြဲတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးနေတဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇောကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။ လိုင်ဇာမှာ တိုက်ခိုက်ခံရတဲ့အခြေအနေကို အခု ဦးကျော်ဇောတို့ ဘယ်လို သိထားလဲရှင့်။

ဦးကျော်ဇော။ ။ ဟုတ်ကဲ့၊ ည ၁၁ နာရီဝန်းကျင်မှာ ဒီ အကြမ်းဖက် စစ်အုပ်စုက အမြောက်ကြီးတွေနဲ့ ပစ်ခတ်တယ်။ လိုင်ဇာနားမှာရှိတဲ့ မုန်လိုင်ခက် စစ်ဘေးရှောင် IDP စခန်း၊ ပြီးတော့ တပြိုင်နက်တည်းပဲ လေယာဉ်ပေါ်ကလည်းပဲ ဗုံးကြဲတိုက်ခိုက်တယ်။ အဲဒါက စစ်ရှောင်စခန်း IDP စခန်း၊ အရပ်သားတွေ၊ ဒုက္ခသည်တွေနေတဲ့စခန်း။ စစ်ရေးပစ်မှတ်လည်းမဟုတ်ဘူး။ အဲဒါကို လက်နက်ကြီးတွေရယ်၊ လေယာဉ်ပျံပေါ်ကရယ် ဗုံးကြဲတိုက်ခိုက်တာပေါ့နော်။ အဲဒီ ဗုံးကြဲတိုက်ခိုက်တဲ့ဗုံးကလည်း အင်မတန်မှ ပြင်းထန်တာကို တွေ့ရှိရပါတယ်။ သဘောကတော့ အတိအကျတော့ စစ်ရေးကျွမ်းကျင်သူတွေက စစ်ဆေး စုံမ်းနေကြတယ်။ ဒါပေမဲ့ မျက်မြင်သက်သေတွေပေါ့နော်- ကျနော်တို့ မြင်ရတဲ့အရဆိုရင်တော့ ဒီဟာ အင်မတန်မှ အားပြင်းတဲ့ဗုံးလို့ တွေ့ရတယ်။ ဘာလို့လဲဆိုတော့ ဗုံးကျတဲ့နေရာက မြေကြီးထဲကို အနက်က ပေ ၄၀ ၊ ပေ ၅၀ လောက်ကို နက်သွားတယ်။ ပေ ၁၀၀ လောက်ကို အကျယ်ရှိတယ်။ အဲဒီ ပေ ၂၀၀၊ ၃၀၀ ပတ်ဝန်းကျင်မှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေက နေအိမ်တွေ အကုန်လုံး လုံးဝကို ပျက်စီးသွားတယ်။ လုံးဝပျက်စီးသွားတယ်ဆိုတာ အစအနကို မရှိအောင် ပျက်စီးသွားတာ။ အဲဒီလောက်အထိ ပြင်းထန်တဲ့ဗုံးလို့ တွေ့ရှိရတယ်။ အဲဒီနားမှာရှိတဲ့လူတွေလည်း စိတ်မကောင်းစွာပဲ ပြည်သူတွေ ၃၀ သေကျေသွားတယ်ဆိုတဲ့ သတင်းတွေ confirm ရ... သိရှိရပါတယ်။ ၅၇ ဦး ဒဏ်ရာရလို့ ဆေးရုံမှာ ဆေးကုသခံနေရတယ်။

အင်ကြင်းနိုင်။ ။ ဟုတ်ကဲ့၊ အဲဒီတော့ စစ်ကောင်စီက လိုင်ဇာဘက်ကို ဘာကြောင့် အဲဒီလို တိုက်ခိုက်တယ်လို့ မြင်လဲ။

ဦးကျော်ဇော။ ။ ဟုတ်ကဲ့။ စစ်ကောင်စီက အခုအချိန်မှာဆိုရင် ကချင်ပြည်နယ်မှာ ထိုးစစ်ဆင်ဖို့ ကြိုးစားတယ်။ ထိုးစစ်ဆင်ဖို့ ကြိုးစားတဲ့အခါမှာ သူတို့ရဲ့ အကျအရှုံးတွေက ရာနဲ့ချီပြီးတော့ ရှိနေတယ်။ ကချင်မှာ resistant forces- KIA , PDF ၊ နောက်ပြီးတော့ တိုင်းရင်းသားမဟာမိတ် ရခိုင် AA - အစရှိတဲ့ resistant forces - တော်လှန်ရေးအင်အားစုတွေက ရွပ်ရွပ်ချွံချွံတိုက်ခိုက်တော့ စစ်ကောင်စီက အရှုံးကြီးရှုံးနေတယ်။ သူတို့က ဘာလဲဆိုတော့ ကျနော်တို့ စစ်ကိုင်းတိုင်းမှာ PDF တွေကို သူတို့ရှုံးနေတာ KIA က နောက်ကနေပြီးတော့ အားပေးအားမြှောက်ပြုနေလို့ဆိုပြီး စွပ်စွဲပြီးတော့ ဒီဟာမျိုးလုပ်တယ်လို့ လိုင်ဇာကိုတိုက်တယ်ပေါ့။ လိုင်ဇာကိုတိုက်တာထက် သူတို့တိုက်လို့ စစ်ရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည်စခန်းကို တိုက်တာ။ ဘာလို့လဲဆိုတော့ စစ်ရေးမှာ သူတို့မနိုင်ဘူး။ ရှုံးနိမ့်နေတဲ့အခါကျတော့ လက်နက်မဲ့၊ အကာကွယ်မဲ့တဲ့ ပြည်သူလူထုကို လက်နက်ကြီးတွေနဲ့ အဝေးကနေ ပစ်တယ်။ နောက် လေယာဉ်ပေါ်ကနေပြီးတော့ ဗုံးကြဲသတ်ဖြတ်တယ်။ ဆိုတော့ အခုဖြစ်တဲ့ စစ်ရှောင်စခန်းမှာဆိုရင် စိတ်မကောင်းစရာပဲ၊ ကလေးငယ် ၁၃ ဦး အသက်ဆုံးရှုံးသွားတယ်။ လူ ၃၀ မှာ။ ဆိုတော့ သုံးပုံတပုံကျော်ကျော်က ကလေးငယ်တွေ။ နောက် စာသင်ကျောင်းတကျောင်းပျက်စီးသွားတယ်။ မူကြိုကျောင်းတကျောင်းပျက်စီးသွားတယ်။ ဒါ ကလေးသူငယ်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာ။ နောက် ဘုရားရှိခိုးကျောင်းတကျောင်း-ဘာသာရေး၊ ကလေးကျောင်း၊ အထူးသဖြင့် သူတို့ရဲ့အကြမ်းဖက်မှုကိုရှောင်နေတဲ့ စစ်ရှောင်တွေကို လူမဆန်စွာ လက်နက်ကြီး (နဲ့) နောက် လေကြောင်းက တိုက်ခိုက်တာဖြစ်တယ်။ ဘာလို့လဲဆိုတော့ နိုင်ငံရေး၊ စစ်ရေးအရ အဖက်ဘက်မှာ ရှုံးနိမ့်နေလို့ ဂလဲ့စားချေတာပေါ့နော်၊ အဲလိုပဲပြောရမှာပေါ့။

အင်ကြင်းနိုင်။ ။ တဘက်မှာကျတော့ စစ်ကောင်စီက ပြောနေတာက ဒီပေါက်ကွဲမှုဟာ လက်နက်တိုက်ပေါက်ကွဲမှုဆိုတဲ့ပုံစံမျိုး ပြန်ပြီးတော့လည်း သတင်းတွေက တက်နေတဲ့အခါကျတော့ NUG ဘက်က ဒါ စစ်ကောင်စီရဲ့တိုက်ခိုက်မှုလို့ ဘယ်လို အတိအကျပြောလို့ရမလဲရှင့်။

ဦးကျော်ဇော။ ။ စစ်ကောင်စီရဲ့ lobby တွေကနေပြီးတော့ KIA လက်နက်တိုက် ပေါက်ကွဲမှုဆိုပြီးတော့ ပေါက်ကွဲတာလိုမျိုး၊ သူတို့က အဲလိုမျိုး lobby channel တွေကနေပြီးတော့ ပြောနေတယ်။ ဒါပေမဲ့ ဓာတ်ပုံတွေကြည့်လိုက်ရင် ဆရာမတို့လည်း တွေ့ပါလိမ့်မယ်။ ဒါက ပေါက်ကွဲတာလား၊ ဗုံးကျတာလားဆိုတာ။ နောက်ပြီးတော့ ဒီနေရာမှာ KIA စစ်စခန်းလည်းမရှိဘူး၊ PDF စခန်းလည်းမရှိဘူး။ စစ်ရေးအရ ဒီနေရာမှာ ဘာမှမရှိဘူး၊ ဒီဟာက စစ်ရှောင်စခန်း။ လိုင်ဇာမြို့နားမှာရှိတဲ့ စစ်ရှောင်စခန်း။ တရုတ်နယ်စပ်နားမှာ ပိုပြီးတော့ ...တရုတ်နယ်စပ်နဲ့ဆို ဘာမှ မဝေးဘူး။ သူက စစ်ရှောင်စခန်း။ အဲဒီတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကဆိုရင် အမြဲတမ်း နေပြည်တော်မှာလည်းပြောတယ်။ အမြဲတမ်း တစိုက်မတ်မတ်ပြောနေတာက border - နယ်စပ် တည်ငြိမ်ရေးနဲ့လုံခြုံရေးဆိုတာ။ အခု ပိုးလမ်းမကြီးစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ သူတို့ ထိပ်သီးအစည်းအဝေးလုပ်ဖို့ ပြင်ဆင်နေတဲ့အချိန်၊ အဲဒိအချိန်မှာ သူတို့ရဲ့အိမ်နီးချင်းနိုင်ငံက တောင်းဆိုချက်ကိုလေးစား...အဲလိုမျိုး လုပ်တာဆိုတော့ သူတို့အနေနဲ့လေ..မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ အကြမ်းဖက် စစ်ကောင်စီက သူတို့ရှုံးနိမ့်နေတဲ့အခါမှာ ဘယ်သူ့မျက်နှာမှ မကြည့်ဘူး။ အရပ်သား ပြည်သူလူထုကိုသတ်ဖို့ ဘာခေါ်မလဲဆိုတော့ black mail လုပ်တာပေါ့နော်။ 'မင်းတို့တွေ ငါတို့ရှုံးနေပြီ။ မင်းတို့ရဲ့အရပ်သူအရပ်သားတွေကို သတ်ဖြတ်မယ်' ဆိုတဲ့ဟာမျိုးလုပ်တာလို့ ပြောကြားချင်ပါတယ်ခင်ဗျ။

အင်ကြင်းနိုင်။ ။ အဲဒီတော့ အခု လက်ရှိ NUG သမ္မတရုံးအနေနဲ့ကရော ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဘာတွေဆောင်ရွက်နေလဲရှင့်။

ဦးကျော်ဇော။ ။ ဟုတ်ကဲ့၊ ကျနော်တို့အနေနနဲ့ မြေပြင်မှာ NUG တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကနေပြီးတော့ KIA, KIO အဖွဲ့အစည်းတွေ၊ နောက်ပြီးတော့ ပရဟိတအဖွဲ့အစည်းတွေနဲ့ ပူးတွဲပြီးတော့ သေကျေတဲ့မိသားစုတွေကို အားပေးစကားပြောကြားတယ်။ အကူအညီတွေပေးတယ်။ အထူးသဖြင့် အသက်ရှင်ပြီးတော့ ဒဏ်ရာရနေလို့ ကျန်နေတဲ့ လူတွေအတွက် လိုအပ်တဲ့ ဆေးဝါးအကူအညီတွေ၊ ကုသမှုတွေရအောင်လုပ်နေတယ်။ ပြီးတော့ ဒီ ပျက်စီးသွားတဲ့ စစ်ရှောင်စခန်းကလူတွေ အမှန်မှာဆိုရင်တော့ တဲလေးတွေနဲ့ နေကြတာပါ။ အဲဒီလူတွေရဲ့ ဘဝလေးတွေ ပြန်တည်ဆောက်နိုင်ဖို့အတွက် ကျနော်တို့ အတတ်နိုင်ဆုံး မိတ်ဖက်အဖွဲ့တွေ၊ မဟာမိတ်အဖွဲ့အစည်းတွေနဲ့ ပူးတွဲဆောင်ရွက်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG