သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပဋိပက္ခဒေသများ လူသားချင်းစာနာမှုအကူအညီပေးနိုင်ဖို့ ကုလတောင်းဆို


လိုင်ဇာ-မုန်လိုင်ခက် စစ်ရှောင်စခန်း ပေါက်ကွဲမှု ၃၀ နီးပါးသေဆုံး (အောက်တိုဘာ ၁၀၊ ၂၀၂၃)
လိုင်ဇာ-မုန်လိုင်ခက် စစ်ရှောင်စခန်း ပေါက်ကွဲမှု ၃၀ နီးပါးသေဆုံး (အောက်တိုဘာ ၁၀၊ ၂၀၂၃)

မုန်လိုင်ခက် စစ်ရှောင်စခန်းအပါအဝင် မြန်မာနိုင်ငံက ပဋိပက္ခဒေသတွေမှာ လူသားချင်းစာနာထောက်ထားရေးအဖွဲ့တွေက အနှောင့်အယှက်ကင်းကင်း၊ လုံခြုံစိတ်ချစွာ ထိထိရောက်ရောက် အကူအညီပေးနိုင်အောင် ဖွင့်ပေးဖို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ ပေါင်းစပ်ညှိုနှိုင်းရေးရုံး UNOCHA က တောင်းဆိုလိုက်ပါတယ်။

အသိမ်းပိုက်ခံ ပါလက်စတိုင်းနယ်မြေတွေ၊ အာဖဂန်နစ္စတန်က ငလျင်ဒေသနဲ့ မြန်မာနိုင်ငံ က ပဋိပက္ခနယ်မြေတွေကို လူသားချင်းစာနာထောက်ထားရေး အကူအညီပေးဖို့ ပိတ်ပင်ထားတာနဲ့ ပတ်သက်ပြီး UNOCHA က သတင်းထုတ်ပြန်ရာမှာ ခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံမှာ အိုးအိမ်စွန့်ခွါထွက်ပြေးနေကြရသူ ၂ သန်းနီးနီးရှိပြီး ကြီးမားတဲ့အန္တရာယ်နဲ့ ရင်ဆိုင်နေကြရကြောင်း မနေ့က လိုင်ဇာအနီးက မုန်လိုင်ခက်စစ်ရှောင်စခန်းကို တိုက်ခိုက်ခဲ့မှုက ပြသလိုက်တယ်လို့ UNOCHA က ပြောပါတယ်။

လက်ခံနိုင်စရာအကြောင်းပြချက် လုံးဝမရှိတဲ့ အဲဒီတိုက်ခိုက်မှုဟာ ကျပ်တည်းတဲ့ အခြေအနေကာလတွေမှာ ထိခိုက်နစ်နာလွယ်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့ အရေးတကြီးလိုအပ်ကြောင်း မီးမောင်းထိုးပြနေပါတယ် လို့ ကုလသမဂ္ဂ ကလေးသူငယ်များ ရံပုံငွေအဖွဲ့ UNICEF ကလည်း ပြောပါတယ်။ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားရေး အကူအညီက သန်းပေါင်း ၈၉၀ လိုအပ်မယ်လို့ ပြောပေမဲ့ ၂၈ ရာနှုန်းပဲ ရံပုံငွေရရှိကြောင်း UNOCHA က ပြောပါတယ်။

ကလေးသူငယ်တွေနဲ့ အရပ်သား ပြည်သူတွေဟာ ဘယ်အခါမှ အကြမ်းဖက်တိုက်ခိုက်တဲ့ ပစ်မှတ်တွေမဟုတ်ရဘူးလို့ ကုလသမဂ္ဂကဆိုပေမဲ့ စစ်ကောင်စီက ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပြီး လိုင်ဇာအနီးက မုန်လိုင်ခက် စစ်ရှောင်စခန်းတိုက်ခိုက်မှု‌ဟာ မြန်မာစစ်တပ်ရဲ့ နောက်ဆုံး တိုက်ခိုက်မှု ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG