သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိုင်ဇာအနီး မုန်လိုင်ခက် စစ်ရှောင်စခန်းတိုက်ခိုက်ခံရမှု ကုလနဲ့ တရုတ်စိုးရိမ်


လိုင်ဇာ-မုန်လိုင်ခက် စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှု ၃၀ နီးပါးသေဆုံး (အောက်တိုဘာ ၁၀၊ ၂၀၂၃)
လိုင်ဇာ-မုန်လိုင်ခက် စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှု ၃၀ နီးပါးသေဆုံး (အောက်တိုဘာ ၁၀၊ ၂၀၂၃)

ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KIO ဌာနချုပ်အနီး ဒုက္ခသည်စခန်းမှာ လူ ၃၀ နီးပါး သေဆုံးခဲ့တဲ့ ပေါက်ကွဲမှုအတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာနဲ့ ဒေသတွင်းက စိုးရိမ်မှုတွေ ထွက်ပေါ်လာပါတယ်။ ဒုက္ခသည်စခန်းက ဖြစ်ရပ်အတွက် စိုးရိမ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ဒီကနေ့ပဲ ပြောဆိုခဲ့တာပါ။

သက်ဆိုင်ရာ သတင်းနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံအနေနဲ့ အထူးစိုးရိမ်ကြောင်းနဲ့ တရုတ်-မြန်မာနယ်စပ် လုံခြုံရေးအတွက် တင်းမာမှုတွေကို ရှောင်ရှားပြီး သဘောထား ကွဲပြားမှုတွေကို သက်ဆိုင်သူတွေ ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးညှိနှိုင်း ဖြေရှင်းကြဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Wang Wenbin အင်္ဂါနေ့ ဘေဂျင်းမြို့တော်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတာပါ။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာချုပ်ရှိရာ၊ လိုင်ဇာမြို့အနီး မုန်လိုင်ခက် ဒုက္ခသည်စခန်းမှာ မနေ့ညပိုင်းက ပေါက်ကွဲမှုကြောင့် ကလေး၁၁ ယောက်အပါအဝင် သေဆုံးသူ ၂၉ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၅၇ ဦးရှိကြောင်း KIO က ဗွီအိုအေကို အတည်ပြုထားတာပါ။ တိုက်ခိုက်မှုဟာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုဖြစ်ကြောင်း KIO ရဲ့ စွပ်စွဲချက်ကိုတော့ စစ်ကောင်စီက ငြင်းဆန်ထားပါတယ်။

ဗြိတိန်သံရုံးကလည်း မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူအများအပြား အသက်ဆုံးရှုံးကြရတဲ့သတင်းကို ကြားသိရတဲ့အတွက် ထိတ်လန့်တုန်လှုပ်မိကြောင်း ဒီကနေ့ပဲ Facebook လူမှုကွန်ရက်မှာ ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂရုံးကတော့ ကချင်ပြည်နယ်ကရရှိတဲ့ ကနဦးသတင်းတွေအရ ဒုက္ခသည်စခန်းမှာ ပေါက်ကွဲမှုကြောင့် အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် အရပ်သားတွေ သေကြေထိခိုက်ခဲ့ရတဲ့အပေါ် အထူးစိုးရိမ်ကြောင်း ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ လိုင်ဇာ စစ်ဘေးရှောင်စခန်းကို လေကြောင်း တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူများ သေဆုံးရကြောင်း ကြားသိရတဲ့အတွက် ထိတ်လန့်ဝမ်းနည်းရကြောင်း UNICEF ကလည်း ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။ ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူတွေဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေအတွက် ပစ်မှတ်တွေ မဟုတ်ကြောင်းလည်း UNICEF သတိပေးထားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း မနေ့က ကုလသမဂ္ဂ မိန့်ခွန်းမှာ မြန်မာစစ်ကောင်စီရဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်တဲ့ လုပ်ရပ်အဖြစ် ထည့်သွင်းပြောဆိုခဲ့တာပါ။ ဒီအတွက်လည်း စစ်ကောင်စီအတွက် လက်နက်တင်ပို့မှုနဲ့ တိုက်လေယာဉ်တွေအတွက် ဆီတင်ပို့မှုတွေကို တားမြစ်ဖို့ ကုလသမဂ္ဂအထွေထွေညီလာခံ၊ လက်နက်ဖျက်သိမ်းရေးနဲ့ နိုင်ငံတကာလုံခြုံရေးဆိုင်ရာ ပထမကော်မတီမှာ ပြောကြားတဲ့ မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG