သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA ဌာနချုပ်ရှိရာ လိုင်ဇာဝန်းကျင် တိုက်ပွဲပြင်းထန်


လိုင်ဇာမြို့အနီး မုန်လိုင်ခက် ဒုက္ခသည်စခန်းတိုက်ခိုက်ခံရမှု လူ ၃၀ သေဆုံး (အောက်တိုဘာ ၁၀၊ ၂၀၂၃)
လိုင်ဇာမြို့အနီး မုန်လိုင်ခက် ဒုက္ခသည်စခန်းတိုက်ခိုက်ခံရမှု လူ ၃၀ သေဆုံး (အောက်တိုဘာ ၁၀၊ ၂၀၂၃)

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာအနီးရှိ နမ့်ဆန်ယန်မှာ အင်္ဂါနေ့က တနေ့လုံးနီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က အနည်းဆုံးလေကြောင်းက ၉ ကြိမ်လောက် တိုက်ခိုက်ခဲ့ပါတယ်။ တချိန်တည်းမှာဘဲ မိုးမောက်မြို့နယ်အတွင်းမှာ စစ်ကောင်စီက အင်အားဖြည့်တင်းနေသလို ဒေသခံကျေးရွာ ၅ရွာလောက်ဟာလည်း ထွက်ပြေး တိမ်းရှောင်တာတွေ ရှိနေပါတယ်။ ကချင်ပြည်နယ်အတွင်းက နောက်ဆုံးအခြေအနေအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင် က တင်ပြထားပါတယ်။

KIO ဌာနချုပ် လိုင်ဇာအနီးရှိ မုန်လိုင်ခက်စစ်ရှောင်စခန်း တိုက်ခိုက်မှုကြောင့် လူ ၃၀နီးပါးသေဆုံးခဲ့ရချိန်မှာပဲ လိုင်ဇာနဲ့ ၁၂မိုင်အကွာခန့်မှာရှိတဲ့ နမ့်ဆန်ယန်ကျေးရွာအနီးမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ဒီလ ၁၀ရက်နေ့က နမ့်ဆန်ယန်ကျေးရွာဘက်မှာ တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ VOA ကို အခုလို ပြောပါတယ်။

“ နမ့်ဆန်ယန် လေးလုံစခန်းဘက်မှာ မနေ့က ဗုံးလာကြဲတဲ့ ဖြစ်စဉ်တွေ ရှိပါတယ်။ မနေ့က လေးလုံစခန်းဘက်မှာ တိုက်ပွဲတွေ ရှိတယ်။ စစ်ကောင်စီရဲ့လေကြောင်းကနေ ဗုံးကြဲတာရှိတယ်။ တစ်နေ့လုံးလိုလိုပေါ့။ လေယာဉ်ကတော့ ၉ကြိမ်လောက်လာပြီးတော့ ဗုံးကြဲတဲ့အခြေအနေ ရှိပါတယ်။ နမ့်ဆန်ယန်ဘက်မှာဖြစ်ပါတယ်။ နေ့လည်မှာလည်းကြဲပါတယ်။ ညမှာလည်း ကြဲပါတယ်ခင်ဗျ။”

တိုက်ပွဲဖြစ်စဉ်အသေးစိတ်ကိုတော့ ပြောဆိုတာမရှိပါဘူး။ နမ့်ဆန်ယန်ဒေသဘက် တိုက်ပွဲပြင်းထန်နေချိန်မှာ မိုးမောက်မြို့နယ်ဘက်မှာလည်း စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေပြီး စစ်ကြောင်း ဝင်ရောက်တာတွေရှိတာကြောင့် အနည်းဆုံးကျေးရွာ ၅ရွာလောက် တိမ်းရှောင်နေကြကြောင်း မိုးမောက်ဒေသခံတဦးက ပြောပါတယ်။

“ သူတို့စစ်ကြောင်းတက်တာက ကုန်းလော၊ မခွယ် ဟို မုန်းလွဲချောင်းဟိုဘက်ကနေ တက်တာလေ။ ဟိုဘက်မှာလည်း ကားလမ်းမကြီးပဲ။ မြစ်ကြီးနားလမ်း ဒီဘက်က ဟိုတခေါက်က သူတို့ နည်းနည်းနာလို့ နေမှာ။ ဒီဘက်လမ်းက မတက်ဘဲနဲ့ ဟိုဘက် မုန်းလွဲချောင်းဘက်ကနေ တက်တာ။ ဟိုဘက် ရှမ်းရွာတွေ ဘာတွေဆို မုန်းလွဲချောင်းဟိုဘက်ကမ်း ပြေးတဲ့ဟာက ပြေး၊ ဒီမန်နောင်ဘက်ကို ပြေးတဲ့ဟာကပြေး။ အခုရွာမှာတောင် ရွာသူရွာသားတွေ တယောက်မှ မရှိဘူးတဲ့။ ရွာပေါင်းကတော့ ၅ရွာ၊ ၆ရွာလောက်ပေါ့။ အခုဒီ ချောင်းနဘေးက ဟာတွေ။”

တိမ်းရှောင်နေတဲ့ကျေးရွာတွေဟာ နောင်ကုန်း၊ နောင်ကွမ်၊ လွယ်ဂျယ်၊ တိန်းရစ်၊ ဆားကျွန်း၊ တိန်ဘုရား စတဲ့ကျေးရွာတွေဖြစ်ကြောင်း၊ အများစုဟာ တောင်ယာတဲတွေမှာ တိမ်းရှောင်နေပြီး ရိက္ခာအခက်အခဲနဲ့ ရင်ဆိုင်နေရကြောင်း ပြောပါတယ်။

ဒီလ ၉ရက်နေ့ သန်းခေါင်ယံမှာဖြစ်ပွားခဲ့တဲ့ လိုင်ဇာအနီး မုန်လိုင်ခက် စခန်းတိုက်ခိုက်ခံရမှုဟာ KIA သင်တန်းကျောင်းက အမိုနီယမ်နိုင်ထရိတ်(ယမ်း) သိုလှောင်ရုံပေါက်ကွဲတာဖြစ်ကြောင်း၊ ဒီသိုလှောင်ရုံမှာ အမိုနီယမ်နိုက်ထရိတ် (ယမ်း) ၁၀၅ တန်နဲ့ အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေ သိုလှောင်ထားကြောင်း ၊ ဒီဖြစ်စဉ်ကို တပ်မတော်ရဲ့လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုအဖြစ် စွပ်စွဲတာရှိနေကြောင်း စစ်ကောင်စီဘက်က ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက - “ ကျနော် မနေ့က ဖြေတဲ့အတိုင်းပဲ ဖြစ်မှာပါ။ အဲဒီနေရာမှာတော့ ဂိုဒေါင်လည်း မရှိပါဘူး။ ဘော်လုံးကွင်းပုံစံပဲ ထားတဲ့နေရာဖြစ်ပါတယ်။ ”

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက စစ်ကောင်စီဘက်က တိုက်ခိုက်တာမဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။ KIO ဘက်ကတော့ ဗုံးအကြီးပေါက်ကွဲပြီးနောက် လက်နက်ကြီး ပစ်ခတ်တာတွေရှိကြောင်း စစ်ကောင်စီ တိုက်ခိုက်မှု အဖြစ် ပြောဆိုထားတာပါ။

မုန်လိုင်ခက်စခန်းမှာ သေဆုံးရတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ တိုက်ခိုက်မှုအဖြစ် ကုလသမဂ္ဂနဲ့ အမေရိကန်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းသာမက တရုတ်နိုင်ငံက စိုးရိမ်ကြောင်း သဘောထားတွေ ပြောဆိုထားပါတယ်။ လောလောဆည်မှာတော့ မုန်လိုင်ခက်စခန်းက စစ်ရှောင်ပြည်သူ ၆၀၀လောက်ဟာ အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG