သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိုင်ဇာမြို့အနီး မုန်လိုင်ခက် ဒုက္ခသည်စခန်းတိုက်ခိုက်ခံရမှု စစ်ကောင်စီကို ကန် ရှုတ်ချ

လိုင်ဇာမြို့အနီး မုန်လိုင်ခက် ဒုက္ခသည်စခန်းတိုက်ခိုက်ခံရမှု လူ ၃၀ သေဆုံး (အောက်တိုဘာ ၁၀၊ ၂၀၂၃)
လိုင်ဇာမြို့အနီး မုန်လိုင်ခက် ဒုက္ခသည်စခန်းတိုက်ခိုက်ခံရမှု လူ ၃၀ သေဆုံး (အောက်တိုဘာ ၁၀၊ ၂၀၂၃)

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာချုပ်ရှိရာ၊ လိုင်ဇာမြို့အနီး မုန်လိုင်ခက် ဒုက္ခသည်စခန်းမှာ ကလေးတွေ အပါအဝင် လူ ၃၀ နီးပါး သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုအပေါ် အမေရိကန်က စစ်ကောင်စီကို ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ဒုက္ခသည်စခန်းကို စစ်တပ်ရဲ့ တိုက်ခိုက်မှုအတွက် အလွန်အမင်း စိုးရိမ်ကြောင်းနဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်း စစ်အာဏာပိုင်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ထောင်နဲ့ချီပြီး အသက်ဆုံးရှုံးခဲ့ရသလို၊ ဒေသတွင်းမှာ အဆိုးဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်း ကြုံနေရတဲ့အပေါ် အပြင်းအထန် ရှုတ်ချကြောင်း နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ခဲ့တာပါ။

ဒုက္ခသည်စခန်းမှာ တနင်္လာနေ့ညကဖြစ်သွားတဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁၁ ယောက် အပါအဝင် သေဆုံးသူ ၂၉ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၅၇ ဦးရှိကြောင်း KIO က ဗွီအိုအေကို အတည်ပြုထားပါတယ်။ တိုက်ခိုက်မှုဟာ စစ်တပ် လက်ချက်ဖြစ်ကြောင်းလည်း KIO က စွပ်စွဲထားပေမဲ့ စစ်ကောင်စီကတော့ ငြင်းဆန်ထားပြီး၊ ယမ်းသိုလှောင်ထားတဲ့ နေရာမှာ မတော်တဆ ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန် တုံ့ပြန်ထားပါတယ်။

လူအများအပြား သေဆုံးခဲ့တဲ့ ဖြစ်ရပ်အတွက် ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield ကလည်း မြန်မာစစ်တပ်အပေါ် ရှုတ်ချကြောင်း မနေ့ အောက်တိုဘာ ၁၀ ရက်နေ့ကပဲ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး၊ လုံခြုံရေးကောင်စီက အရေးယူ ကိုင်တွယ်ဖို့လည်း တိုက်တွန်းခဲ့တာပါ။ စစ်ကောင်စီ အနေနဲ့ ပုံစံမျိုးစုံနဲ့ အကြမ်းဖက် လုပ်ရပ်တွေ အားလုံးကိုရပ်ဖို့၊ မတရား ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့၊ လူသားချင်း စာနာမှု အကူအညီတွေကို အကန့်အသတ်မရှိ ခွင့်ပြုဖို့၊ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒတွေကို လေးစားဖို့လည်း ထပ်မံတိုက်တွန်းထားပါတယ်။ အရပ်သားတွေကို အကာအကွယ်ပေးဖို့ အပါအဝင် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို မြန်မာစစ်အာဏာပိုင်တွေ လိုက်နာဖို့လည်း တောင်းဆိုခဲ့တာပါ။

ဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှုအတွက် ကုလသမဂ္ဂနဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းသာမက အိမ်နီးချင်း တရုတ်နိုင်ငံကလည်း စိုးရိမ်တဲ့ သဘောထားတွေကို ပြောဆိုထားကြပါတယ်။

တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG