သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒုက္ခသည်တွေကို နှင်မထုတ်ဖို့ ထိုင်းအစိုးရကို HRW တိုက်တွန်း


၂၀၂၃ခုနှစ် ဇူလိုင်လ ၁၂ရက်နေ့မနက် ကရင်နီပြည်နယ်တွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ရှားတောနဲ့ မယ်ဟောင်ဆောင် ထိုင်းမြန်မာနယ်စပ်နားမှာ ဒုက္ခသည် ၅၀၀၀ ဝန်းကျင် ထွက်ပြေးလာရ
၂၀၂၃ခုနှစ် ဇူလိုင်လ ၁၂ရက်နေ့မနက် ကရင်နီပြည်နယ်တွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ရှားတောနဲ့ မယ်ဟောင်ဆောင် ထိုင်းမြန်မာနယ်စပ်နားမှာ ဒုက္ခသည် ၅၀၀၀ ဝန်းကျင် ထွက်ပြေးလာရ

ထိုင်းနယ်နိမိတ်ထဲ ဝင်ရောက်ခိုလှုံကြတဲ့ မြန်မာနိုင်ငံက စစ်ပြေးဒုက္ခသည်ထောင်နဲ့ချီကို ထိုင်းနိုင်ငံက မြန်မာဘက်ကို အတင်း ပြန်နှင်ထုတ်နေတဲ့အတွက် ဒုက္ခသည်တွေ အသက်ဘေးရင်ဆိုင်ရမယ့် အခြေအနေဖြစ်နေတယ်လို့ လူ့အခွင့်အရေးအခြေအနေတွေ မှတ်တမ်းတင်နေတဲ့ Human Rights Watch အဖွဲ့က ပြောကြားလိုက်ပါတယ်။

ဇူလိုင်လတုန်းက ကရင်နီနယ်အပေါ် စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ထဲ ဝင်ရောက်ခိုလှုံသူ ၉၀၀၀ လောက်ရှိခဲ့ပြီး သူတို့ကို ထိုင်းအစိုးရက ယာယီခိုလှုံခွင့် ပြုထားခဲ့ပါတယ်။ ဒါပေမဲ့ အောက်တိုဘာ ၂၁ ရက်မှာ ဒုက္ခသည်တွေကို သီတင်း ၂ ပတ်အတွင်း မြန်မာနိုင်ငံဘက်ပြန်ဖို့ ထိုင်းစစ်တပ်က နှုတ်နဲ့အမိန့်ထုတ်ခဲ့တာကြောင့် အဲဒီနေရာမှာ ခိုလှုံနေကြတဲ့ စစ်ပြေးဒုက္ခသည်တွေ မြန်မာနိုင်ငံဘက် ပြန်သွားကြရတယ်လို့ HRW ကပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသား မဟာမိတ် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့အထိ ထိုင်းစစ်တပ်က မြန်မာနိုင်ငံက ဒုက္ခသည်တွေကို အတင်းနှင်ထုတ်ခဲ့တယ်လို့ HRW ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ကရင်နီဒေသအပေါ် မြန်မာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ဖက်ကို ပြန်ထွက်ပြေးလာကြသူ အရေအတွက်ဟာ နိုဝင်ဘာ ၂၇ ရက်အထိ ၂၄၀၀ နီးပါး ရှိတယ်လို့ ထောက်ပြထားပါတယ်။

ထိုင်းဘက်က အတင်းနှင်ထုတ်ပြီး ရက်ပိုင်းအတွင်းမှာပဲ ထိုင်းနိုင်ငံဘက် ဒုက္ခသည်တွေ ပြန်ထွက်ပြေးလာကြတာကိုကြည့်ရင် မြန်မာနိုင်ငံထဲမှာ သူတို့လူခြုံရေးကို စိုးရိမ်ကြလို့ဖြစ်တယ်ဆိုတာ ပြသနေတယ်လို့ HRW ရဲ့ အာရှဒေသဆိုင်ရာ ဒါရိုက်တာ Elaine Pearson ကပြောပြီး မြန်မာဒုက္ခသည်တွေကို အတင်းနှင် မထုတ်ဖို့ ထိုင်းအာဏာပိုင်တွေကို တိုက်တွန်းထားပါတယ်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံဘက်ရောက်လာတဲ့ မြန်မာဒုက္ခသည် ၄ သောင်းခွဲထက်မနည်းရှိခဲ့တာမှာ သူတို့ကို နယ်စပ်မှာ ယာယီခိုလှုံဖို့ ထိုင်းအစိုးရက အလွတ်သဘောခွင့်ပြုထားသလို တခါတလေ မြန်မာဘက်ကို အတင်းပြန်နှင်ထုတ်လေ့ရှိတယ်လို့ HRW ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG