သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆောက်အထွက် ရဲစစ်ဆေးရေးဂိတ်မှာ အထောက်အထားမဲ့မြန်မာများ ဖမ်းဆီးရမိ


ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်။ မဲဆောက်မြို့နယ်ကနေ ထိုင်းနိုင်ငံအတွင်းပိုင်းသွားတဲ့ကားပေါ်မှာ ပါလာတဲ့အထောက်အထားမဲ့မြန်မာများကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့စဥ်။ (ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့/နိုဝင်ဘာ ၂၀/၂၀၂၃)
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်။ မဲဆောက်မြို့နယ်ကနေ ထိုင်းနိုင်ငံအတွင်းပိုင်းသွားတဲ့ကားပေါ်မှာ ပါလာတဲ့အထောက်အထားမဲ့မြန်မာများကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့စဥ်။ (ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့/နိုဝင်ဘာ ၂၀/၂၀၂၃)

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့အထွက် ရဲစစ်ဆေးရေးဂိတ်မှာ မြေဩဇာအိတ်တွေ သယ်လာတဲ့ ပစ်ကပ်ကားတစီးကို လုံခြုံရေးအာဏာပိုင်တွေက ရပ်တန့်စစ်ဆေးရာမှာ ကားမောင်းလာတဲ့ထိုင်းနိုင်ငံသား ၂ ဦးနဲ့အတူ ပစ်ကပ်ကားငယ်ပေါ်က မြေဩဇာအိတ်တွေကြား အံဝှက်လုပ်ပြီးသယ်ဆောင်လာတဲ့ အထောက်အထားမဲ့ မြန်မာ၂၂ ဦးကို နိုဝင်ဘာလ ၂၁ ရက်နေ့က ဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ကနေတဆင့် ထိုင်းနိုင်ငံအတွင်းပိုင်း မြို့တွေဆီကိုသွားကြတဲ့ လူကုန်ကူးသူတွေက မြန်မာတွေကို သယ်ဆောင်လာတဲ့ကားတွေကို မဲဆောက်မြို့အထွက်မှာ မကြာခဏ ဖမ်းမိနေပါတယ်။ နိုဝင်ဘာလ ၂၁ ရက်နေ့မှာတော့ မြေဩဇာအိပ်တွေကြား အံဝှက်လုပ်ပြီး မြန်မာ ၂၀ ကျော်သယ်ဆောင်လာတဲ့ကားကို ဖမ်းမိခဲ့တယ်လို့ မဲဆောက်ကအလုပ်သမားရေးလုပ်ဆောင်နေသူတဦးက ပြောပြပါတယ်။

"ဒီနေ့မနက်ပိုင်း ဝှေယားအူးဂိတ်ဘက်မှာ ပစ်ကပ်ကားလေးတစင်းမှာ မြေဆီအိတ်တွေသယ်လာတဲ့ကားမှာ မြန်မာအလုပ်သမားတွေကို သယ်လာတာဖြစ်လို့ ထိုင်းအဖွဲ့ စုံစစ်ဆေးရေးဂိတ်ကနေ စစ်ဆေးတဲ့အခါမှာ မိတာပေါ့နော်။ မိန်းကလေးက ၁၂ ဦးပါတယ်။ ယောက်ကျားလေးက ၁၀ ယောက်ပါတယ်။ ယာဉ်မောင်းသမားတယောက်ပါတယ်။ ထိုင်းအမျိုးသမီးတယောက်လည်းပါတယ်။ မြေဆီအိတ်တွေထည့်ထားတဲ့ကားပေါ်မှာ တင်လာတာပါ။ သူက မြေဆီအိတ်တွေရဲ့ကြားမှာညှပ်ပြီး သယ်ဆောင်လာတာပေါ့။ အိမ်ကလေးတွေလိုလုပ်ပြီး သယ်လာတာပေါ့။"

ထိုင်းနိုင်ငံထဲမှာ အခုလိုမျိုး မြေဩဇာအိတ်တွေထဲ ဝှက်ပြီး သယ်ဆောင်တာ။ အသီးအရွက်ကားထဲ ထည့်သယ်တာ။ ဓါတ်ဆီ လှောင်ကန်ထဲထည့် သယ်ဆောင်တာတွေ၊ နည်းအမျိုးမျိုးတွေလုပ်ပြီး လူကုန်ကူးသူတွေက သယ်ဆောင်ကြပါတယ်။ ဒီလိုသယ်ဆောင်ရင်း စစ်ဆေးရေးဂိတ်တွေရဲ့အစစ်ဆေးမခံဘဲ မောင်းပြေးတာတွေကြောင့် သေဆုံးသူတွေ များလာတယ်လို့လည်း အလုပ်သမားရေးလှုပ်ရှားသူ ကိုရဲမင်းကလည်းအခုလိုပြောပါတယ်။

"ဖမ်းဆီးတဲ့အခါမှာ ထိုင်းကားသမားတွေက ဟိုက်ဝေးလမ်းပေါ်မှာ မောင်းပြေးတာ။ တောလမ်းတွေထဲ မောင်းပြေးတာတွေက အတော်များများရှိလာတော့ ကားတိမ်းမှောက်ပြီး သေဆုံးသူတွေလည်း အတော်များများရှိလာတာပေါ့။"

မြန်မာနိုင်ငံတွင်း နိုင်ငံရေးနဲ့ စီးပွားရေးအကျပ်အတည်းတွေ ပိုမို ဆိုးရွားလာတာနဲ့အမျှ အိမ်နီးချင်း ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက် အလုပ်လုပ်ကိုင်သူတွေ ပိုများလာနေသလို လူကုန်ကူးခံရတဲ့ဖြစ်ရပ်တွေလည်း သိသိသာသာ ပိုဆိုးလာနေတာပါ။ လူကုန်ကူးခံရသူတွေကို သယ်ဆောင်လာတဲ့ကားတွေဟာ ထိုင်းစစ်ဆေးရေးဂိတ်တွေမှာ မရပ်ဘဲ ထွက်ပြေးမောင်းနှင်တာ၊ ရှောင်ကွင်း သွားလာတာတွေကြောင့် ယာဉ်မတော်တဆမှုဖြစ်ပြီး ကားပေါ်ပါလာတဲ့ မြန်မာတွေ သေဆုံးရတဲ့ ဖြစ်ရပ်တွေလည်း အခုနောက်ပိုင်း မကြာခဏ ကြုံလာနေရတာ ဖြစ်ပါတယ်။

XS
SM
MD
LG